ကိုလိုနီခေတ်ကလို ဂုတ်သွေးစုတ်တာ မျိုး ရှောင်ရှားရန် ဒေါက်တာ အေးမောင်ပြော

ကိုလိုနီခေတ်ကလို ဂုတ်သွေးစုတ်တာ မျိုး ရှောင်ရှားရန် ဒေါက်တာ အေးမောင်ပြော
by -
နိရဥ္စရာ

ရခိုင်ပြည်နယ်က ထွက်သော သဘာဝ ဓါတ်ငွေ့ကို ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် တစ်တစုံတရာ သုံးစွဲရန် အစီအစဉ် မရှိခြင်းနှင့် ပတ်သက်ပြီး ရခိုင်တိုင်းရင််းသားများ တိုးတက်ရေး ပါတီ ဥက္ကဌ ဒေါက်တာအေးမောင် က ကိုလိုနီခေတ် ကလိုဂုတ်သွေးစုတ် တာမျိုးကို ရှောင်ရှားရန် လိုအပ်ကြောင်း ပြောကြားသည်။

Dr-Aye-Aye-Mg

ဒေါက်တာအေးမောင်က ၂၀၁၂ ခုနှစ် ဇန္နဝါရီလ ၁ ရက်နေ့တွင် ကျောက်ဖြူမြို့ နာရီစင်ကွင်းတွင် ရခိုင်ပြည်နယ်က ရရှိသော သဘာဝ ဓါတ်ငွေကို ခွဲဝေ သုံံးစွဲခွင့် ရရှိရေး အတွက် တောင်းဆိုမည့် လူထု စည်းဝေးပွဲနှင့် ပတ်သက်ပြီး မေးမြန်းစဉ် နိရဥ္စရာကို ထိုသို့ သူ့အမြင်ကို ပြောကြားလိုက်ခြင်း ဖြစ်သည်။

" ကိုလိုနီခေတ်ကလို ဂုတ်သွေးစုပ်တာမျိုး၊ ဒေသ တစ်ခုက ထွက်တဲ့ ရှိရှိသမျှ သယံဇာတအားလုံးကို သိမ်းကျုံး ယူငင်သွားပြီး တခြားဒေသ ဖွံ့ဖြိုးမှု အတွက် လုပ်သွားတာမျိုး၊ အဲဒီ ဒေသမှာရှိတဲ့ သဘာဝ သယံဇာတပစ္စည်းကို စုပ်ပြီး တခြားဒေသဖွံ့ဖြိုး တိုးတက်အောင် ယူသွားတာမျိုးဆိုရင် ကျွန်တော်တို့ မှန်းထားတဲ့ ပြည်ထောင်စု သွေးစည်းညီညွတ်မှုနဲ့ ချစ်ကြည်မှုဟာ အလှမ်းဝေး ဝေးသွားပါလိမ့်မယ်။ အဲဒီတော့ ရခိုင်ပြည်သူ လူထုကို ဖွံ့ဖြိုးမှုလမ်းကြောင်းကို တင်ပေးစေချင်ရင် ( ဒီစီမံကိန်းကိုဖျက်ဖျက်ဖို့ မဟုတ်ဘူး) ဒီစီမံကိန်းက ရတဲ့ အကျိုး အမြတ်အပေါ်မှာ ရခိုင်ပြည် သူလည်း ရသင့် ရထိုက်တဲ့အချိုး အစားကို မျှဝေပေးပါ။ စစ်မှန်တဲ့ ပြည်ထောင်စုကို တည်ဆောက်တဲ့အခါမှာ တိုင်းဒေသကြီးနဲ့ ပြည်နယ် တနံ တလျှားမှာရှိတဲ့ တိုင်းရင်းသားဒေသ အကုန်လုံး ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းကို ရောက်ဖို့ လိုပါတယ်"ဟု ဒေါက်တာ အေးမောင်က ပြောသည်။

၎င်းပြင်သူက "သယံဇာတ တော်တော်များများကို ပြန်ကြည့်လို့ရှိရင် တိုင်းရင်းသားဒေသတွေမှာ များပါတယ်။ အဲဒီတော့ တိုင်းရင်းသား ဒေသ တွေမှာ ရေကာတာကြီးတွေ ဆောက်မယ်။ အီလက်ထရောနစ် ပါ၀ါထုတ် လုပ်နိုင်တဲ့ ပရိုဂျက်ကြီးတွေ လုပ်မယ်။ ရလာတဲ့ ဓါတ်အားတွေကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နဲ့ စက်မှုဇုန်တွေ ရှိတဲ့ မြန်မာပြည် အလယ်ပိုင်းကိုဘဲ ယူယူသွားမယ်ဆိုရင် ကျွန်တော်တို့ မျှော်လင့်နေတဲ့ တိုင်းရင်းသား သွေးစည်း ညီညွတ်မှုဟာ အလှမ်းဝေး ဝေးသွားပါလိမ့်မယ်" ဟု ပြောသည်။

ကျောက်ဖြူမြို့တွင် နှစ်ဆန်း တစ်ရက်နေ့တွင် ပြုလုပ်ရန် စီစဉ်ထားသော လူထု စည်းဝေးပွဲနှင့် ပတ်သက်ပြီးလည်း သူက ယခုလို ပြောသည်။

" ကျွန်တော်တို့ရည်မှန်းတဲ့ တွေ့ဆုံပွဲ ဆွေးနွေးပွဲဆိုတာက ကျွန်တော်တို့ ဒေသ ဖွံ့ဖြိုး တိုးတက်မှု ရှိအောင် လုပ်ဆောင်ဖို့ ကြိုးပမ်းရာမှာ ရခိုင်ပြည်သူလူထုက ဘယ်လောက်ထိ ပူးပေါင်း ပါ၀င်မှု ရှိမလဲ။ ကျွန်တော် တို့ရဲ့ ညီအကိုအရင်းတွေ ဖြစ်ကြတဲ့ ပြည်နယ် ရ ပြည်နယ်နဲ့ တိုင်း ရ တိုင်းပေါ့။ တိုင်း ရတိုင်းမှာ အများစုနေကြတဲ့ ဗမာ အမျိုးသားတွေရဲ့ ရင်ထဲမှာ လည်း ကျွန်တော်တို့ အပေါ်မှာ ကိုယ်ချင်းစာနာမှာပါ။ ဒီကိစ္စနဲ့ပတ် သတ်ပြီးတော့ ကျွန်တော်တို့ ဆွေးနွေး တဲ့ အခါမှာဘဲ ဖြစ်ဖြစ်။ ကျွန်တော်တို့ လူထုဆန္ဒကို ခံယူတဲ့အခါမှာ ဖြစ်ဖြစ်။ ကျွန်တော်တို့ တင်ပြတဲ့ အခါ မှာဘဲ ဖြစ်ဖြစ်။ ပြည်ထောင်စုကြီး အတွင်းက ရသင့််ရထိုက်တာကို တောင်းဆို တင်ပြမှာ ဖြစ်ပါတယ်။ သက်ဆိုင်ရာ အာဏာပိုင်အဆင့်ဆင့်ကလည်း ကျွန်တော်တို့ရဲ့ လုပ်ငန်းစဉ် အောင်မြင်အောင် ပံ့ပို းပေးနိုင်လိမ့်မယ်လို့ ယုံကြည် မျှော်လင့်ထားပါတယ်" ဟု ပြောသည်။

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ အမတ်များက အမျိုးသား လွှတ်တော်နှင့် ပြည်သူ့ လွှတ်တော်တွင် ရခိုင်ပြည်နယ်က ထွက်သော သဘာဝ ဓါတ်ငွေ့နှင့် ပတ်သက်ပြီး တစ်စုံတစ်ရာ သုံးစွဲရန် ရှိမရှိကို မေးမြန်းရာ လုံလောက်သော အဖြေကို မရရှိခဲ့သဖြင့် လူထု စည်းဝေးပွဲ ပြုလုပ်ပြီး လူထု သဘောထားကို နို်င်ငံတော် အစိုးရ သိရှိစေလိုသော ရည်ရွယ်ချက်ဖြင့် ယခုလို လူထု စည်းဝေးပွဲ ပြုလုပ်ရန် စီစဉ်ရခြင်း ဖြစ်ကြောင်း ပြောသည်။

" ကျွန်တော်တို့ ပြည်သူ့လွတ်တော်၊ အမျိုးသားလွတ်တော် အမတ်တွေကလည်း ပြီးခဲ့တဲ့ စက်တင်္ဘာလ တုန်းက ဒီရွှေဂတ်စ်နဲ့ ပတ်သတ်ပြီး ပြည်သူ့လွတ်တော်မှာ မေးခွန်းတွေ မေးခဲ့ကြပါတယ်။ အဲဒီ မေးခွန်းတွေ အပေါ်မှာ ပြည်ထောင်စုအဆင့် ၀န်ကြီးတွေဖြေကြားတဲ့အခါမှာ လုံလောက်တဲ့ အဖြေတွေ မရရှိခဲ့ပါဘူး။ ပြည်နယ်တိုင်းဒေသကြီးတွေမှာ ရှိကြတဲ့ မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက် သယံဇာတ တွေအပေါ်မှာ စီမံ ခန့်ခွဲမှုနဲ့ ပတ်သတ်လို့ နိုင်ငံတော်က သဘောထားတချို့ ပျော့ပျောင်းနိုင်ပါရဲ့ဆိုတဲ့ ရည်ရွယ် ချက်ပေါ့။ အဓိကတော့ ပြည်နယ်နဲ့ တိုင်းဒေသကြီး သို့မဟုတ် ဒေသ တခုခုကထွက်တဲ့ မြေပေါ် မြေအောက် သယံဇာတအပေါ်မှာ နိုင်ငံတော်က ၂၀၀၈ ဖွဲ့စည်းပုံဥပဒေမှာ ဘယ်လိုဘဲကန့်သတ်ထားပါစေ ပြည်နယ်တိုင်း ဒေကြီး ဖွံ့ဖြိုးတိုးတက်မှုအတွက် တစုံတခု အတိုင်းအတာထိ ဒေသခံ တွေအပေါ်မှာ ခွဲဝေပေးရမယ် ရာခိုင် နှုန်း အချိုးစားတခုကို နိုင်ငံတော်ကလည်း အသိမှတ်ပြု စဉ်းစားနိုင်အောင်ဆိုတဲ့ ရည်မှန်းချက်လည်း ပါပါ တယ်။ ပါတီမူဝါဒတွေကိုလည်း ပြည်သူကို ချပြနိုင်အောင်ဆိုတဲ့ ရည်မှန်းချက်လည်း ပါပါတယ်" ဟု ပြောသည်။

ရခိုင်တိုင်ရင်းသားများ တိုးတက်ရေး ပါတီ၏ လူထု စည်းဝေးပွဲကို ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်က ယခုလ ၂၇ ရက် ရက်စွဲဖြင့် ခွင့်ပြုလိုက်ပြီး အဆို စည်းဝေးပွဲကို ဇန္နဝါရီလ (၁) ရက်နေ့ ညနေ ၅ နာရီက ၁၁ နာရီထိ ကျောက်ဖြူမြို့ နာရီစင်ကွင်းတွင် ပြုလုပ်ကြမည် ဖြစ်သည်။

စည်းဝေးပွဲသို့ လူပေါင်း ၅၀၀ ခန့်တက်ရောက်ခွင့် ပြုထားပြီး ဒေါက်တာ အေးမောင်၊ ကျောက်ဖြူပြည်သူ့ လွှတ်တော် အမတ် ဦးဘရှိန် အပါအဝင် စုစုပေါင်း လူ (၆) ဦးက ဟောပြောကြမည် ဖြစ်သည်။

Most read this week