ရေတပ်သား တစ်ဦး၏ မယား အဖြစ် ပေါင်းသင်းရန် ငြင်းပယ်ရာမှ ရခိုင် အမျိုးသမီးငယ် တစ်ဦး အဆိပ်သောက် သေဆုံး

ရေတပ်သား တစ်ဦး၏ မယား အဖြစ် ပေါင်းသင်းရန် ငြင်းပယ်ရာမှ ရခိုင် အမျိုးသမီးငယ် တစ်ဦး အဆိပ်သောက် သေဆုံး
by -
နိရဥ္စရာ

စစ်တွေမြို့ ရွှေမင်းဂံ ရပ်ကွက်မှ ဆယ်ကျော်သက် အရွွယ် ရခိုင် အမျိုးသမီးငယ် တစ်ဦးအား ရေတပ်သား တစ်ဦးမှ ခိုးယူပြီး လက်ထပ် ပေါင်းသင်းရန် ငြင်းပယ်ရာမှ အမျိုးသမီးငယ်မှာ ရေတပ်ဝင်းထဲတွင် အဆိပ်သောက်သေဆုံး သွားကြောင်း သတင်း ရရှိသည်။

Burmese-Navy-in-Mungai-Port
အဆိပ်သောက် သေဆုံးသွားသူမှာ စစ်တွေမြို့ ရွှေမင်းဂံ ရပ်ကွက်မှ (အဖ) ဦးနိုင်မိုး၊ (အမိ) ဒေါ်မိုးစန္ဒာတို့၏ သမီး မမိုးမိုးအိခိုင် (၁၉ နှစ်) ဖြစ်သည်။

ဖြစ်ပွားပုံနှင့့် ပတ်သက်ပြီး သူမနှင့် ဆွေမျိုးတော်သူ တစ်ဦးက နိရဥ္စရာသို့ ယခုလို ပြောသည်။

" ရေတပ်သား နာမည်က သူရဝင်း၊ ဗမာ အမျိုးသား ဖြစ်ပါတယ်။ ဆတ်ရိုးကျ ရွှေမင်းဂံ ရေတပ် စခန်းက ဖြစ်ပါတယ်။ မမိုးမိုးအိခိုင်ကို လွန်ခဲ့တဲ့ စနေနေ့က ခိုးယူသွားပါတယ်။ အဲသလို ခိုးယူပြီးတဲ့ နောက်မှာ တရားဝင် လက်ထပ်ယူဖို့ ငြင်းပယ်တဲ့ အတွက် အဲဒီ ရေတပ် စခန်းဝင်းထဲက စားသောက်ဆောင်မှာဘဲ တနင်္လာနေ့ ညနေမှာ မမိုးမိုးအိခိုင် အဆိပ်သောက်ပြီး သေဆုံးသွားခဲ့ပါတယ်" ဟု ပြောသည်။

မမိုးမိုးအိခိုင်အား သူရဝင်းက ဒီဇင်္ဘာလ ၂၄ ရက် စနေနေ့က ခိုးယူသွားခဲ့ကြောင်း၊ တနင်္ဂနွေနေ့ တစ်နေ့လုံး ပျောက်နေပြီး တနင်္လာနေ့ နံနက်တွင် ရွှေမင်းဂံ ရပ်ကွက်ရှိ သူမ အိမ်သို့ ပြန်ရောက် လာခဲ့ကြောင်း၊ မိခင်ဖြစ်သူက ပြစ်တင် ကြိမ်းမောင်းရာမှ မမိုးမိုးအိခိုင်မှာ ရေတပ်ဝင်းထဲသို့ပြန်သွား ခဲ့ကြောင်း၊ ညနေပိုင်းတွင် တပ်ကြပ်ကြီး တစ်ဦးမှ သူမ မိခင် ဖြစ်သူထံသို့ လာရောက်ပြီး မမိုးမိုးအိခိုင်မှာ ရေတပ် စားသောက်ဆောင်ထဲတွင် လဲနေပြီး အခြေအနေဆိုးရွားနေကြောင်း လာရောက်အကြောင်းကြား ခဲ့သည်ဟု သိရသည်။

" မိခင် ဖြစ်သူက လိုက်သွားတဲ့ အခါ ရေတပ်ဝင်းထဲက လူပျို စားဆောင်မှာ မမိုးမိုးအိခိုင်က ပါးစပ်က အမြုပ်တွေ ထွက်ပြီး သတိလစ်နေတယ်။ ချက်ချင်း ဆေးရုံကို ယူတယ်။ ဒါပေမယ့် အခြေအနေက အရမ်းဆိုးရွားနေပြီ ဖြစ်တယ်။ ဆေးရုံ အရောက်မှာဘဲ အသက်ဆုံးသွားခဲ့ပါတယ်" ဟု သူကဆက်ပြော သည်။

မမိုးမိုးအိခိုင်မှာ အိမ်က ရေတပ်ထဲသို့ ပြန်လာပြီး ညနေ ၅ နာရီခန့်တွင် ရေတပ်ဝင်းထဲရှိစားသောက်ဆောင် တွင် အဆိပ်သောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ မမိုးမိုးအိခိုင် သေဆုံးမူနှင့် မိဘ နှစ်ပါးမှ ကျေနပ်မူ မရှိသဖြင့် ရေတပ်ထဲသို့ သွားရောက်ပြီး သူတို့၏ သမီးသေဆုံးမူနှင့် ပတ်သက်ပြီး အရေးယူဆောင်ရွက်ပေးရန် တောင်းဆိုရာ အဆိုပါ စခန်းတွင်တာဝန်ကျနေ သော ဗိုုလ်မှူးကြီး တစ်ဦးက ရဲစခန်းတွင် အမူဖွင့် မတိုင်ကြားရန်နှင့် အဆိုပါ ကိစ္စကို သူတို့ ဖြေရှင်းပေးမည်ဟု ပြောဆိုထားကြောင်း သိရသည်။ ယခု အချိန်ထိ တစ်စုံတစ်ရာ သူရဝင်းအား အရေးယူခြင်း မရှိသေးကြောင်း ဆိုသည်။

ယခုအချိန်ထိ စစ်တွေ ပြည်သူ့ ဆေးရုံကြီးမှလည်း မမိုးမိုအိခိုင် သေဆုံးမူနှင့် ပတ်သက်ပြီး ဆေးစစ်ချက်ကို တရားဝင် ထုတ်ပြန်ပေးခြင်း မရှိသေးကြောင်း သူက ပြောသည်။

မမိုးမိုးအိခိုင်မှာ ကုန်တင် ကုန်ချ လုပ်နေသူ သာမန် ရပ်ကွက်သူ တစ်ဦး ဖြစ်ပြီး မိဘများမှာလည်း ဆင်းရဲပြီး ကုန်တင် ကုန်ချ လုပ်ကိုင်သူများ ဖြစ်ကြသည်ဟု သိရသည်။

Most read this week