ရခိုင်ကမ်းရိုးတန်းဒေသတွင် တူးဖေါ်နေသည့် ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းမှ ရရှိသော အကျိုး အမြတ်များကို ပြည်ထောင်စုအစိုးရမှ ရခိုင်ပြည်နယ်အစိုးရသို့ ခွဲဝေပေးရန် ၂ဝ၁၂ ဇန်နဝါရီလ တရက်နေ့ တွင်ပြည်သူ့ဆန္ဒကောက် ယူ တင်ပြသွားမည်ဟု
ချင်းမိုင် (မဇ္ဈိမ) ။ ။ ရခိုင်ကမ်းရိုးတန်းဒေသတွင် တူးဖေါ်နေသည့် ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းမှ ရရှိသော အကျိုးအမြတ်များကို ပြည်ထောင်စုအစိုးရမှ ရခိုင်ပြည်နယ်အစိုးရသို့ ခွဲဝေပေးရန် ၂ဝ၁၂ ဇန်နဝါရီလ တရက်နေ့ တွင် ပြည်သူ့ဆန္ဒကောက်ယူ တင်ပြသွားမည်ဟု ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ပြောသည်။
လာမည့်နှစ် ဇန်နဝါရီလအတွင်း ကျင်းပရန်ရှိသည့် လွှတ်တော် အစည်းအဝေးများတွင် ၂ဝ၁၂၊ ၂ဝ၁၃ ပြည်နယ်နှင့် တိုင်း ဘတ်ဂျက်များကို ပြည်ထောင်စုလွှတ်တော်သို့ တင်ပြရန်ရှိရာ အဆိုပါ ဘတ်ဂျက်ခွဲ ဝေမှုအတွက် ကြိုတင်ပြင်ဆင်ခြင်းဟုလည်း ဒေါက်တာအေးမောင်က ပြောသည်။
"ကျနော်တို့တောင်းတာက ပြည်နယ်အစိုးရရဲ့ ဘတ်ဂျက်ကိုဗျ၊ ဘာကြောင့်တောင်းလဲဆိုရင် လာမယ့် ၃၁ ဇန်နဝါရီ မှာ ပြည်နယ်တိုင်း အားလုံးရဲ့ ဘတ်ဂျက်တွေ ပြည်ထောင်စုလွှတ်တော်ကို တင်တော့မယ်။ ရွှေဂက်စ်က ကျပ်သန်းပေါင်း ဘယ်လောက်ရသလဲ၊ ပြည်ထောင်စုက ဘယ်လောက် ယူသွားပြီးပြီလဲ၊ ဒေသဖွံ့ဖြိုးဖို့အတွက်ပြည်နယ်အစိုးရကို ဘယ်လောက်ထည့်ဝင်ပေးမလဲ။ ဒါတွေအတွက် ကြိုပြင်တာပါ" ဟု မဇ္ဈိမကို ပြောသည်။
RNDP မှ ဦးဆောင်ပြုလုပ်သည့် ပြည်သူ့ဆန္ဒကောက်ယူပွဲကို ကျောက်ဖြူမြို့ နာရီစင်ကွင်းတွင်ကျင်းပရန် ရှိပြီးကျောက်ဖြူဒေသခံ ၅ဝဝ ကျော်ခန့်ကို ဖိတ်ကြားထားရာ ပြည်နယ်ကော်မရှင်မှ ခွင့်ပြုချက်ကို ဗုဒ္ဓဟူးနေ့က ရထားပြီးဟုလည်း သိရသည်။
ရွှေသဘာဝ ဓာတ်ငွေ့စီမံကိန်း အပါအဝင် ရခိုင်ကမ်းလွန်ဒေသမှ ထွက်ရှိသည့် သဘာဝဓါတ်ငွေ့လုပ်ငန်း များမှ ရရှိသည့် အကျိုးအမြတ်များနှင့် ရခိုင်ပြည်နယ်တွင် လျှပ်စစ်မီးရရှိရေးတို့အတွက် စီစဉ်ဆောင်ရွက် ပေးရန် ရှိမရှိကို စက်တင်ဘာ ၁၉ ရက်နေ့ အမျိုးသား လွှတ်တော် အစည်းအဝေးတွင်လည်း ရခိုင်ပြည်နယ် မဲဆန္ဒနယ် ၂ မှ လွှတ်တော် အမတ် ဦးကျော်ကျော်က မေးမြန်းခဲ့သေးသည်။
ဤမေးခွန်းကို အမှတ် ၂ လျှပ်စစ်ဝန်ကြီး ဦးခင်မောင်စိုးမှ ပြန်လည်ဖြေကြားရာတွင် ရခိုင်ကမ်းလွန်ဒေသ ရေတိမ် ပိုင်းနှင့် ရေနက်ပိုင်းတို့တွင် ကိုရီးယား၊ စင်္ကာပူ၊ တရုတ် အိန္ဒိယ နိုင်ငံများနှင့် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းတို့ ပူးပေါင်းဆောင်ရွက်နေကြောင်းသာ ဖြေကြားခဲ့သည်။
တိုင်းရင်းသားဒေသများမှ ထွက်ရှိသည့် သယံဇာတများအား ကိုလိုနီပုံစံမျိုးမကျင့်သုံးသင့်ဘဲမိသားစုစိတ်ဖြင့် သာ ခွဲဝေသုံးစွဲသင့်ကြောင်းလည်း ဒေါက်တာအေးမောင်က "အဓိကကတော့ ကိုလိုနီစနစ်လိုမျိုးရှိသမျှပစ္စည်း ကို ဂုတ်သွေးစုပ်သွားတဲ့ ပုံစံမျိုးမဖြစ်စေချင်လို့။ အကုန်လုံးကို ရတာယူမယ် ဆိုတဲ့စိတ်မရှိဘူး။မိသားစုစိတ် ရှိတယ်ဆိုတဲ့ အမြင်လေးက ကျနော်တို့ တိုင်းရင်းသားတွေမှာ ရှိသွားစေချင်တယ်။ ကျနော်တို့ လိုချင်တဲ့ တိုင်းရင်းသားတွေ အားလုံးပါဝင်တဲ့ ပြည်ထောင်စုကို လိုချင်တယ်ဆိုရင် တိုင်းရင်းသားဒေသတွေကို ဖွံ့ဖြိုးစေချင်တယ်ဆိုရင် ပေးရမယ့် quota လေးကို ပေးပါ။ ကျနော်တို့က တိုက်နေတာ မဟုတ်ဘူးတော်လှန် နေတာ မဟုတ်ဘူး။ ကိုယ့်ဒေသကလည်း ထွက်သေးတယ် ရှိသမျှပစ္စည်းလည်းယူသွားတယ်ဆို ရင် ပြည်ထောင်စု အစိုးရကို ဘယ်လိုလုပ်ပြီး လက်ခံလို့ ရမလဲ။" ဟု မဇ္ဈိမကို ပြောသည်။
၂ဝ၁၁၊ ၂ဝ၁၂ ဘဏ္ဍာရေးနှစ်အတွင်း ရခိုင်ပြည်နယ်အစိုးရ၏ ဘဏ္ဍာရေးလိုအပ်ချက်မှာ ၂ဝ ဘီလီယံကျပ် ရှိနေသည်။ ဗဟိုအစိုးရ၏ ဘဏ္ဍာရေးလိုငွေမှာ ၂၂ဝ၁.၄၅ဝ ဘီလီယံကျပ်ဖြစ်ပြီး၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရများ အားလုံး၏ ဘဏ္ဍာရေးလိုငွေမှာ ၁၇ဝ.၄၉၅ ဘီလီယံကျပ် ဖြစ်သည်ဟုလည်း သိရသည်။
သဘာဝဓာတ်ငွေ့ ၂ဝဝ ဘီလီယံ ကုဗမီတာ ထွက်ရှိမည့် မြန်မာနိုင်ငံ၏ အနောက်ဘက်ကမ်းလွန်ပင်လယ် ပြင် အတွင်းရှိ ရွှေဂတ်စ်လုပ်ကွက်များကို ၂ဝဝ၃ ခုနှစ်နှစ်ကုန်ပိုင်းမှ စတင်တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ၂,၈ဝဝ ကီလိုမီတာ ရှည်လျားသည့် ပိုက်လိုင်းဖြင့် တရုတ်ပြည်သို့ သွယ်တန်း ယူဆောင်မည် ဖြစ်သည်။
ရခိုင်ကမ်းလွန် သဘာဝဓာတ်ငွေ့ တူးဖော်ရေး စီမံကိန်း အေ (၁) နှင့် အေ (၃) လုပ်ကွက်များမှ သဘာဝ ဓာတ်ငွေ့ များကို ပင်လယ် ရေအောက်ပိုက်လိုင်း မှတဆင့်ကျောက်ဖြူမြို့သို့ သယ်ယူမည့် လုပ်ငန်းမှာ ၄ဝ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီး မဒေးကျွန်း ရေနက်ဆိပ် ကမ်းမှာမူ ၈ဝ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဟုထိုင်းနိုင်ငံ အခြေစိုက် ရွှေဂတ်စ် လှုပ်ရှားမှုအဖွဲ့မှ ကိုဝင်းအောင်က မဇ္ဈိမနှင့် အင်တာဗျူးတခုတွင် ပြောဆိုဖူးသည်။
အဆိုပါ လုပ်ကွက်နှစ်ခုမှ ခန့်မှန်းကုဗပေ ၄.၅ ထြီလီလျံ မှ ရ.၇ ထြီလီလျံထိ ထွက်ရှိမည်ဖြစ်ပြီး လာမည့် ၂၀၁၃ ခုနှစ်မှ နှစ်ပေါင်း ၃၀ ခန့်အတွင်း ရောင်းချရာမှ ဒေါ်လာ ၂၉ ဘီလီယံ ခန့် ရရှိမည်ဖြစ်သည်ဟုလည်း သိရသည်။