ရခိုင်ပြည်နယ် အစိုးရ အိန္ဒိယ ကုမ္ပဏီအပေါ် သြဇာ မညောင်း

ရခိုင်ပြည်နယ် အစိုးရ အိန္ဒိယ ကုမ္ပဏီအပေါ် သြဇာ မညောင်း
by -
နိရဥ္စရာ

စစ်တွေမြို့တွင် ဆိပ်ကမ်းသစ် တည်ဆောက် နေ သော အိန္ဒိယ ကုမ္ပဏီ ESSAR အပေါ် ရခိုင်ပြည် နယ် အစိုးရ အနေဖြင့် သြဇာ မညောင်းဖြစ််နေ သဖြင့် အခက်ကြံုလျှက် ရှိနေကြောင်း သတင်းများ ရရှိသည်။

Sittwe-seaport-work-in-progress

" ရခိုင်ပြည်နယ်် အစိုးရဆိုတာက ရုပ်သေး အစိုးရ တစ်ရပ်သာ ဖြစ်ပါတယ်။ ဘာမှ အာဏာ မရှိပါဘူး။ အခု အိန္ဒိယ ကုလားတွေက စာချုပ်ပါ အချက်အလက်တွေကို ချိုးဖေါက်ပြီး သဲတွေကို လော်ရီကားကြီးတွေနဲ့ စစ်တွေ ပွိုင့်ကမ်းခြေကနေ ဆိပ်ကမ်းတည်ဆောက်ရာ ယူနေတဲ့ အတွက် စစ်တွေ လူထု အကြီးအကျယ် ဒုက္ခရောက်နေပေမယ့် ရခိုင်ပြည်နယ် အစိုးရက ဘာမှ မတတ်နိုင်ဘဲ ဖြစ်နေပါတယ်" ဟု စစ်တွေ ကမ်နားလမ်းမှ ဦးသာကျော်က ပြောသည်။

အိန္ဒိယ Essar ကုမ္ပဏီနှင့် ချုပ်ဆိုထားသော စာချုပ်တွင် စစ်တွေ ဆိပ်ကမ်းတည် ဆောက်ရာတွင် လိုအပ်သော သဲများကို ကုလားတန်မြစ်အတွင်းမှ တူးယူရန်ဟု ပါရှိသော်လည်း ကုလားတန်မြစ်အတွင်းက သဲများကို မတူးယူဘဲ စစ်တွေ ဟိုတည် အနီးရှိ ပွိုင့်ကမ်းခြေမှ သဲများကိုသာ နေ့စဉ် တူးယူပြီး ကားကြီး ကားငယ် အသွယ်သွယ်ဖြင့် သယ်ယူနေသည်ဟု သိရသည်။

" ကုလားတန် မြစ်အတွင်းက သဲတွေကို တူးယူပြီး ဆိပ်ကမ်း တည်ဆောက်နေတဲ့ နေရာကို ဖို့ရင် ငွေကုန်ကျများတယ်။ ပွိုင့်ကမ်းခြေက သဲကို ယူရင် ကားတစီးကို ကျပ် ၂၅၀၀ လောက်နဲ့ ရတယ်ဆိုတော့ အိန္ဒိယက ကန်ထရိုက်တာတွေ လူပါးဝပြီး စာချုပ်ပါ သဘောတူညီမူကို ချိုးဖေါက်ပြီး ပွိုင့်ကမ်းခြေက သဲတွေကို ယူနေတာ ဖြစ်ပါတယ်" ဟု သူက ပြောသည်။

ယခုကဲ့သို့ ပွိုင့်ကမ်းခြေမှ သဲဲများကို လော်ရီကား အစီး (၁၀၀) ခန့်ဖြင့် ညလုံးပေါက် သယ်ယူနေသဖြင့် လော်ရီကားများ ဖြတ်သန်းရာ ရပ်ကွက်များ အတွင်း လူများမှာ ညစဉ် ညတိုင်း အိပ်မရဘဲ ဖြစ်နေသလို သဲများ သယ်ယူရာတွင်လည်း ကားပေါ်မှ သဲများ လွှင့်စင် ကျလာသဖြင့် စစ်တွေမြို့ တစ်ခုလုံးကို သဲများဖြင့် ဖုံးလွှမ်းပြီး ညစ််ပတ်နေကြောင်း စစ်တွေ မြို့ခံများက ပြောသည်။

" အခု စစ်တွေ တမြို့လုံးကို သဲတွေ ဖုံးလွှမ်းနေတဲ့ အတွက် သဲမြို့တော်လို့တောင် ခေါ်ရတော့မယ် ထင်ပါတယ်။ သဲတွေက ခုလို တမြို့လုံးကို လွှင့်နေတဲ့ အတွက် လူတွေရဲ့ ကျန်းမာရေးကိုလည်း အထူး ထိခိုက်နေပါတယ်။ ဒါကြောင့် ဒီလို သဲတွေကို စည်းမဲ့ကမ်းမဲ့ သယ်ယူနေတာကို ရပ်တန့်ပေးဖို့ ရခိုင်ပြည်နယ် အစိုးရကို စစ်တွေ လူထုက တောင်းဆိုကြတယ်။ တောင်းဆိုစဉ် ခဏ ရပ်သွားတယ်။ နောက်ပြန်ပြီး သယ်ယူနေတယ်" ဟု စစ်တွေမြို့နယ် ပြည်နယ် လွှတ်တော် အမတ် ဦးအောင်မြကျော်က ပြောသည်။

ယခုတည်ဆောက်နေသော စစ်တွေ ဆိပ်ကမ်းမှာ စစ်တွေ ဆေးရုံကြီးရှိ မျက်စိ လူနာဆောင်နှင့် လမ်းတစ်လမ်းသာ ခြားသဖြင့် ဆောက်လုပ်ရေး လုပ်ငန်းခွင်မှ လွှင့်လာသော သဲများကြောင့် လူနာများကို အထူး ထိခိုက်နေသည်ဟု သိရသည်။

“ မျက်စိဆောင်က ဆိပ်ကမ်းတည်ဆောက်နေတာနဲ့ တလမ်းဘဲ ခြားပါတယ်။ သဲတွေ လွှင့်လာတဲ့ အတွက် မျက်စိ လူနာတွေအတွက် ထိခိုက်မူတွေ ရှိနေသလို တညလုံး လုပ်ငန်းခွင်က ဆူညံနေတာကြောင့် ဆေးရုံကြီးကိုပါ ထိခိုက်နေတယ်။ ရခိုင်ပြည်နယ် အစိုးရကို အခုလို လူထုတွေကို ထိခိုက်နေတဲ့ အတွက် သဲတွေ သယ်ယူတာကို ရပ်နားဖို့ တောင်းဆို်ပေမယ့် မရဘဲ ဖြစ်နေတယ်။ လူတွေက တောင်းဆိုရင် ခဏ ရပ်ထားတယ်။ လူတွေ တောင်းဆိုတာက အသံစဲသွားရင် ဆက်ပြီး သဲတွေကို သယ်ယူနေကြတယ်။ ရခိုင်ပြည်နယ် အစိုးရမှာ အိန္ဒိယ ကုမ္ပဏီက ခုလို လုပ်နေတာနဲ့ ပတ်သက်ပြီး ပြတ်သားတဲ့ ဆုံးဖြတ်ချက် မရှိဘူးလို့ ယူဆလို့ ရပါတယ်" ဟု ဦးအောင်မြကျော်က ဆက်ပြောသည်။

စစ်တွေမြို့မှာ ရေပတ်လည် ၀ုိင်းရံလျှက်ရှိသော ကျွန်းပေါ်တွင် တည်ရှိသဖြင့် ပွိုင့်ကမ်းခြေမှ သဲများကို တူးယူနေခြင်းမှာ မြို့အတွက် စိုးရိမ်စရာ ဖြစ်နေကြောင်း သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက် သူများက ပြောသည်။

လက်ရှိ အိန္ဒိယနှင့် မြန်မာ အစိုးရ အကြား အကောင်အထည် ဖေါ် ဆောင်ရွက်နေသော ကုလားတန် မြစ်ကြောင်း ဘက်စုံ တိုးတက်ရေး စီမံကိန်းကြောင့် ဒေသခံ ပြည်သူများ အကျိုးရှိမှ ရှိပါ့မလာဟု မေးခွန်းများ ထွက်ပေါ်နေချိန်တွင် အဆိုပါ စီမံကိန်းတွင် ပါ၀င်သော စစ်တွေ ဆိပ်ကမ်းသစ် တည်ဆောက်နေခြင်းကြောင့် စစ်တွေ လူထုကို ထိခိုက်မူများ ဖြစ်ပေါ်နေပြီ ဖြစ်ကြောင်း သိရသည်။

Most read this week