၂၂၇ နှစ်မြောက် ရခိုင့်အချုပ်အချာ အာဏာ ကျဆုံးခဲ့သည့်နေ့ အခမ်းအနား ဂျပန်တွင် ကြိုကျင်းပ

၂၂၇ နှစ်မြောက် ရခိုင့်အချုပ်အချာ အာဏာ ကျဆုံးခဲ့သည့်နေ့ အခမ်းအနား ဂျပန်တွင် ကြိုကျင်းပ
by -
ထွန်းထွန်း

၂၂၇ နှစ်မြောက် ရခိုင့်ဘုရင်နိုင်ငံတော် အချုပ် အချာ အာဏာကျဆုံးခဲ့ရသည့်နေ့ ၀မ်းနည်း အောက်မေ့ဖွယ် အခမ်းအနား တစ်ခုကို ဂျပန်နိုင်ငံ တို ကျိုမြို့တွင် ရခိုင်အမျိုးသားများက ဒီဇင်္ဘာလ ၂၅ ရက်နေ့က ကြိုတင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

Japan-ALD-meeting

အခမ်းအနားကို ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၏ အောင်လံတော်အား ရခိုင်အမျိုးသားသီခြင်းဖြင့် အလေးပြုကာ စတင်ဖွင့်လှစ်ခဲ့သည်။

၎င်းနောက်ပိုင်း ဗမာ ပဒေသရာဇ် နယ်ချဲ့ခေတ်၊ အင်္ဂလိပ်နယ်ချဲ့ခေတ်နှင့် ဂျပန်နယ်ချဲ့ ခေတ်တလျှောက် တွင် မတရား ကျူးကျော်သူများ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ကြရသော ရခိုင်ပြည်သူများအား ရည်စူးပြီး (၁) မိနစ်ခန့် ငြိမ်သက်ကာ မေတ္တာပို့ ဆုတောင်းခဲ့ကြသည်ဟု သိရသည်။

အခန်းအနားတွင် သဘာပတိအဖြစ် ရခိုင်ဒီမိုကရေအဖွဲ့ချုပ်(ပြည်ပ-ဂျပန်) ဥက္ကဌ ဦးလှအေးမောင်က ဆောင် ရွက်ပြီး အခမ်းအနားမှူးအဖြစ် တွဲဖက်အထွေထွေ အတွင်းရေးမှူး(၁) ကိုမောင်မောင်မျိုးလှိုင်ကဆောင်ရွက် ခဲ့သည်။

ထိုနောက် သဘာပတိ ရခိုင်ဒီမိုကရေအဖွဲ့ချုပ် ဥက္ကဌ ဦးလှအေးမောင်မှ အခမ်းအနားအဖွင့် အမှာ စကားပြော ကြားခဲ့သလို နာယကဦးဇော်မင်းခိုင်မှလည်း ၂၂၇နှစ်မြောက် ရခိုင့် အချုပ်အချာ ကျဆုံးခြင်းနှင့် ပတ်သက်၍ အကျယ်တဝင့် ပြောကြားခဲ့သည်။

ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ပြည်ပ-ဂျပန်) အထွေထွေအတွင်းရေးမှူး ကိုကျော်သန်းလှိုင်က ရခိုင့်အချုပ် အချာအာဏာကျဆုံးခြင်းနှင့် ပတ်သက်ပြီ ယခုလိုပြောကြားသည်။

" ခေတ်အဆက်ဆက် ကိုယ့်မင်း ကိုယ့်ချင်းနဲ့ လွတ်လပ်တဲ့ တိုင်းပြည် တစ်ပြည်ဖြစ်ခဲ့တဲ့ ကျွန်တော်တို့ ရခိုင်ပြည်ဟာ မိမိ လူမျိုးအကြားမှာ စည်းလုံးညီညွှတ်မူ ပျက်ပြားခဲ့တဲ့ အတွက် ထီကျိုး စည်ပေါက် မင်းဆက်ပျောက်ကာ သူ့ကျွန်ဘဝကို ကျရောက်ခဲ့ရတယ်။ ကျူးကျော်သူ ဗမာပဒေသရာဇ်နယ်ချဲ့တို့ ရခိုင်ပြည်ကို ပြန်လည် မထူထောင်နိုင်အောင် ရခိုင်ကို အုပ်ချုပ်ခဲ့တဲ့နှစ်ပေါင်း (၄၀)ကျော် အတွင်းမှာ ရခိုင်လူမျိုးတွေကို ကျူပင်ခုတ် ကျူငုတ် မကျန်အောင် လူမျိုးတုန်းသတ်ဖြတ်ခံခဲ့ရတယ်။ နောက်တခါ ၁၉၄၈ခုနှစ် မြန်မာ့လွတ်လပ်ရေးရပြီးကတည်းက အုပ်ချုပ်ခဲ့တဲ့ ဗမာအစိုးရအဆက်ဆက်ဟာ ယခင် ပဒေသရာဇ် နယ်ချဲ့တွေရဲ့ လမ်းစဉ်အတိုင်း ရခိုင်လူမျိုးအပေါ် ဖွံ့ဖြိုးတိုးတက်တဲ့ လူမျိုး တစ်မျိုး အဖြစ် မရောက်ရအောင် စနစ်တကျ စီမံကိန်းတွေချပြီး ဖိနှိပ်မူတွေ ပြုလုပ် ဆောင်ရွက်နေတယ်" ဟု ပြောသည်။

၄င်းအပြင်ကိုကျော်သန်းလှိုင်က အခမ်းအနားပြုလုပ်ရခြင်း ရည်ရွယ်ချက်ကိုယခုလိုပြောသည်။

"ကျွန်တော်တို့ အခုလို အခမ်းအနား ကျင်းပရခြင်းဟာ ဂျပန်ရောက် ရခိုင်များ ရခိုင်သမိုင်း ဖြစ်ရပ်မှန်ကို သိရှိစေရန်နဲ့ အချင်းချင်း မညီညွတ်တဲ့ အတွက် အခု ထီးကျိုးစည်ပေါက် သူ့ကျွန်ဘဝ ကျရောက်ခဲ့တဲ့ အပေါ် သင်ခန်းစာယူပြီး အချင်းချင်းစည်းလုံး ညီညွတ်မှုရှိစေဖို့ ဖြစ်ပါတယ်" ဟုပြောသည်။

အဆိုပါအခမ်းအနားကို ဂျပန်နိုင်ငံတိုကျိုမြို့ Komakome Bunka Center ၌ ညနေ(၆) နာရီမှ(၉) နာရီထိ ကျင်း ပခဲ့ကြောင်းသိရသည်။ ခမ်းအနားသို့ လူပေါင်း သုံးဆယ်ခန့် တက်ရောက်ခဲ့သည်ဟု သိရသည်။

ရခိုင့်အချုပ်အချာအာဏာကျဆုံးသည့်နေ့မှာ ဒီဇင်ဘာ ၃၁ရက်နေ့ဖြစ်သော်လည်း ၄င်းနေ့တွင် အလုပ် မအားလပ်သည့် အတွက် ဒီဇင်ဘာ ၂၅ ရက်နေ့တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Most read this week