ဇင်းကျိုက်မီး ၁၂၄ အိမ် လောင်ကျွမ်း

ဇင်းကျိုက်မီး ၁၂၄ အိမ် လောင်ကျွမ်း
by -
ကွန်းချမ်း

အိမ်ခြေပေါင်း ၁၂၄ အိမ် လောင်ကျွမ်းပြီး ခန့်မှန်း ကာလတန်ဖိုး ကျပ် ၉၃၀ သိန်းကျော် ဆုံးရှုံးကာ လူဦးရေ ၉၉၃ ဦး အိုးအိမ်မဲ့ရသည့် မီးလောင်မှုတခု မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဇင်းကျိုက်မြို့တွင် တနင်္ဂနွေနေ့ညက ဖြစ်ပွားခဲ့သည်ဟု ပေါင်မြို့နယ် ပြန်/ဆက်ဌာနက ပြောသည်။

ချင်းမိုင် (မဇ္စျိမ) ။        ။ အိမ်ခြေပေါင်း ၁၂၄ အိမ် လောင်ကျွမ်းပြီး ခန့်မှန်း ကာလတန်ဖိုး ကျပ် ၉၃၀ သိန်းကျော် ဆုံးရှုံးကာ လူဦးရေ ၉၉၃ ဦး အိုးအိမ်မဲ့ရသည့် မီးလောင်မှုတခု မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဇင်းကျိုက်မြို့တွင် တနင်္ဂနွေနေ့ညက ဖြစ်ပွားခဲ့သည်ဟု ပေါင်မြို့နယ် ပြန်/ဆက်ဌာနက ပြောသည်။

“ရထားလမ်း အပေါ်ဘက်ခြမ်းကနေ စပြီး လောင်တယ်။ မီးက အဲဒီကနေ ခုန်ကူးပြီး ရထားလမ်း အနောက်ဘက် ကို ရောက်သွားတယ်။ အနောက်ဘက်ခြမ်း တိုးချဲ့ရပ်ကွက်က အကုန်လုံး ပါသွားတယ်” ဟု ပေါင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနမှ အမျိုးသမီး ဝန်ထမ်း တဦးက ပြောသည်။

ဇင်းကျိုက်မြို့ တိုးချဲ့ရပ်ကွက်ရှိ ဦးစိန်ကျော် နေအိမ်မှ လျှပ်စစ်ဝါယာကြိုး ရှော့ဖြစ်ပြီး ည ၁၁ နာရီကျော်တွင် မီးစတင် လောင်ကျွမ်းခဲ့ကာ ဇင်းကျိုက်၊ ပေါင်၊ သထုံ၊ မုတ္တမနှင့် မော်လမြိုင်မြို့တို့မှ မီးသတ်ကား ၁၀ စီးကျော် လာရောက် ငြိှမ်းသတ်မှ တနင်္လာနေ့ နံနက် ၃ နာရီကျော်တွင် မီးညွန့်ကျိုးကာ နံနက် ၆နာရီကျော် တွင် လုံးဝ မီးငြိမ်းသတ်နိုင်ခဲ့သည်ဟု ဆိုသည်။

မော်လမြိုင်-ရန်ကုန် မီးရထားလမ်းဘေးရှိ ဇင်းကျိုက်မြို့သည် ရန်ကုန်မှ ၂၅၅ မိုင်၊ မော်လမြိုင်မှ ၂၄ မိုင် ကွာဝေး သည်။ အိမ်ခြေ သုံးထောင်နီးပါးရှိ ဇင်းကျိုက်ရွာကြီးကို ယခင်အစိုးရလက်ထက် ၂၀၀၉ ခုနှစ်မှ စ၍ ဇင်းကျိုက်မြို့ အဖြစ်သို့ ပြောင်းလဲ သတ်မှတ်ခဲ့သည်။

ယာယီမီးဘေး ကယ်ဆယ်ရေးစခန်း အဖြစ် ဇင်းကျိုက်ရွာ အ.မ.က. ရွှေဒင်္ဂါးကျောင်းတွင် ဖွင့်လှစ်ထားကာ အိုးအိမ်မဲ့သူများကို အုပ်ချုပ်ရေးမှူးရုံးမှ တဆင့် ထမင်းထုပ်နှင့် အဝတ်အထည်များ ကူညီပေးနေကြောင်း ဇင်းကျိုက်သား တဦးက ပြောသည်။

“အဓိက လိုအပ်နေတာက စောင်၊ ဆောင်းတွင်းဆိုတော့ စောင်မရှိရင် မဖြစ်ဘူး” ဟု သူက ပြောသည်။

တနင်္လာနေ့ နံနက်ပိုင်းတွင် မွန်ပြည်နယ် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးထွန်းလှိုင်၊ ပေါင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြတ်အောင်ထွေးနဲ့ ဌာနဆိုင်ရာ အကြီးအကဲများ မီးလောင်ရာသို့ သွားရောက်ကြည့်ရှု ခဲ့ကြောင်း ပြန်ကြားရေး ဌာနက ပြောသည်။