ထားဝယ်ဖွံ့ဖြိုးမှု စီမံကိန်းနှင့် မလွတ်သဖြင့် လူဦး ရေ ၃၂,၀၀၀ ရှိ ရွာပေါင်း ၂၁ ရွာ ဖယ်ရှားရမှာ ဖြစ်သည်ဟု ဒေသခံ လူမှုရေး အဖွဲ့အစည်း ထားဝယ်ဖွံ့ဖြိုးရေးအဖွဲ့ DDA က ပြောသည်။
ချင်းမိုင် (မဇ္စျိမ) ။ ။ ထားဝယ်ဖွံ့ဖြိုးမှု စီမံကိန်းနှင့် မလွတ်သဖြင့် လူဦးရေ ၃၂,၀၀၀ ရှိ ရွာပေါင်း ၂၁ ရွာ ဖယ်ရှားရမှာ ဖြစ်သည်ဟု ဒေသခံ လူမှုရေး အဖွဲ့အစည်း ထားဝယ်ဖွံ့ဖြိုးရေးအဖွဲ့ DDA က ပြောသည်။
တနင်္သာရီတိုင်း ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်နှင့် လောင်းလုံမြို့နယ်အတွင်းရှိ အဆိုပါ ၂၁ ရွာမှ ရွာသား များပိုင် ဥယျာဉ်ခြံမြေ ဧကတသိန်းကျော်မှာလည်း စီမံကိန်း နယ်မြေအတွင်း ကျရောက်နေသဖြင့် ဆုံးရှုံးသွားမှာ ဖြစ်သည်။
စီမံကိန်းနယ်မြေ ၂၅၀ စတုရန်း ကီလိုမီတာ အတွင်းမှ ပြောင်းရွှေ့ပေးရမည့်သူများပိုင် ဥယျာဉ်ခြံမြေ ဧက တသိန်းကျော်အတွက် လျော်ကြေးငွေမှာလည်း နည်းသဖြင့် လက်မခံနိုင်ဘဲ ဖြစ်နေသည်ဟု ဆိုသည်။
နေရာသစ်လေးခုတွင် ပြန်လည် နေရာချထားပေးရန် ရှိနေပြီး ကျေးရွာတစုကို ရေနက်ဆိပ်ကမ်း ဆောက်မည့် နေရာမှ မြောက်ဖက် ၁၀ မိုင်ခန့်အကွာရှိ ထွက်ဝရွာ (၁) (၂)၊ ဘွာရွာ၊ ဒူးတောင်ရွာ (၁) (၂)၊ ဝါးဇွမ်း တောရွာတို့တွင် နေရာပြန်ချရန် စီစဉ်နေသည်။ ဘွာရွာ၌ တလုံးလျင် သိန်း ၁၅၀ တန် အိမ်အလုံး ၁,၀၀၀ ကျော် ဦးစားပေး စတင်ရန် လျာထားကြောင်း သိရသည်။
ရော်ဘာ၊ သီဟို၊ အုန်းနှင့် ကွမ်းသီးပင် အများစု စိုက်ပျိုးသော ခြံမြေများ နဘုလယ်၊ မင်းဒပ်၊ သပြေဇွန်း၊ ပဂေါဇွန်း၊ မူးဒူး၊ မူးဒူးအနောက်၊ ကမြိုင်ဆွဲ၊ ဝမ်းဇဲ၊ ပိန်းရှောင်၊ ကျောက်ထောက်၊ ရေဖြူမြို့အနောက်ခြမ်း၊ ခမောင်းချောင်း၊ ဝက်ချောင်း၊ ကျခတ္တပင်အင်း၊ မယင်းကြီး၊ လဲရှောင်၊ ထိန်ကြီး၊ ရလိုင်၊ ကျောက်ဝှက်ကုန်း၊ ညောင်ပင်ဆိပ်၊ ဘရိန်း တို့ ပြောင်းရွေ့ရမှာ ဖြစ်သည်ဟု ဆိုသည်။
DDA အဖွဲ့သည် ဒီဇင်ဘာ ၁၅ ရက်နေ့က ရန်ကုန်မြို့တွင် ထားဝယ် စီမံကိန်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးများနှင့် ရေရှည်စိမ်းလန်းမည့် စီမံကိန်းအဖြစ်မြင်လိုကြောင်း ဒေသခံများ၏ ဆန္ဒသဘောထားများကို သတင်းစာ ရှင်းလင်းပွဲတရပ်ဖြင့် ဖော်ပြခဲ့သည်။
ရွာသားများပိုင် ဥယျာဉ်မြေရှိ ရော်ဘာတပင် ကျပ် ၈,၀၀၀၊ သီဟိုလ်တပင် ၅,၀၀၀ သာ အစိုးရက လျော်ကြေးပေးရန် စီစဉ်ထားရာ ကာလပေါက်စျေးထက် သုံးဆခန့် နည်းသည်ဟုလည်း ဆိုသည်။
ထားဝယ်ဖွံ့ဖြိုးမှု စီမံကိန်း ၁၀ နှစ်ကြာမည့် ထားဝယ်ရေနက်ဆိပ်ကမ်း၊ စက်မှုဇုန်နယ်မြေနှင့် ထိုင်းနိုင်ငံသို့ ကားလမ်း၊ ရထားလမ်းများ ဖောက်ရေး နားလည်မှု စာချွန်လွှာကို ၂၀၀၈ ခု မေလတွင် မြန်မာစစ်အစိုးရနှင့် ထိုင်းအစိုးရအကြား ရေးထိုးပြီး၊ ၂၀၀၈ ခု ဇွန်လတွင် မြန်မာ့ဆိပ်ကမ်း အာဏာပိုင်နှင့် အီတာလျံ - ထိုင်းကုမ္ပဏီ - ITD အကြား နားလည်မှု စာချွန်လွှာ လက်မှတ်ထိုးသည်။
စီမံကိန်းမူဘောင် သဘောတူ စာချုပ်ကိုမူ ၂၀၁၀ နိုဝင်ဘာတွင် ပို့ဆောင်ရေး ဝန်ကြီးဌာန မြန်မာ့ဆိပ်ကမ်း အာဏာပိုင် ဦးဆောင်ညွှန်ကြားရေးမှူး ဦးသိန်းဌေးနှင့် ITD ကုမ္ပဏီ ဥက္ကဋ္ဌတို့ စာချုပ်သည်။
ထားဝယ်မြို့မှ ကုန်းလမ်း မိုင် ၂၀ ခန့်အကွာရှိ စီမံကိန်းတခုလုံး ဒေါ်လာ ၅၈ ဘီလီယံအထိ ကုန်ကျမည်ဟု ကနဦး ခန့်မှန်းထားကာ ပထမအဆင့် ၂၀၁၀-၂၀၁၄ ခုတွင် ဆိပ်ကမ်း၊ ကျောက်မီးသွေးသုံး လျှပ်စစ်စက်ရုံ၊ စီးပွားရေးဇုံမြို့နယ်၊ ကားလမ်း၊ ရထားလမ်း ဖောက်လုပ်ရေးတို့ ပါဝင်ကာ ဒေါ်လာ ၈.၆ ဘီလီယံ လျာထားသည်။ နောက်ပိုင်းတွင် အီတာလျံ-ထိုင်း ကုမ္ပဏီက ကုန်ကျမှု လျော့နည်းအောင် နည်းလမ်း ရှာသွားမည်ဟု ပြောဆိုခဲ့သည်။
စီမံကိန်းနယ်မြေမှ ရေဖြူမြို့နယ်ကိုဖြတ်၍ ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်သို့ ကီလိုမီတာ ၁၆၀ ရှည်ပြီး မီတာ ၂၂၀ (ပေ ၆၅၆) အကျယ်ရှိ ရှစ်လမ်းသွား ကားလမ်းနှင့် ရထားလမ်းလည်း ဖောက်လုပ်မည် ဖြစ်သည်။ လမ်းနှင့် အပြိုင်ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း၊ လျှပ်စစ်ဓာတ်အားလိုင်းတို့လည်း သွယ်တန်း တည်ဆောက်ကြမည်။
သဘာဝပတ်ဝန်းကျင် စိုးရိမ်မှု
ထားဝယ်စက်မှုဇုန် စီမံကိန်းဒေသတွင်း လှုပ်ရှားနေသည့် ကရင်အမျိုးသားအစည်းအရုံး KNU ကမူ ITD ကုမ္ပဏီ အနေဖြင့် နိုင်ငံတကာအဆင့်မီ လေ့လာစမ်းစစ်မှုများ မပြုလုပ်သဖြင့် လူထုနှင့် သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုများ ရှိနိုင်သည်ဟု အကြောင်းပြကာ ကားလမ်းဖောက်နေမှုကို တားမြစ်ထားသည်မှာ သုံးလကြာပြီ ဖြစ်သည်။
“အာမခံချက်ပေါ့လေ Environment Impact Assessment တွေ၊ Social impact တွေ တိတိကျကျ မလုပ်ရင် ကျနော်တို့လည်း သူတို့လမ်းဖောက်ဖို့ ကိစ္စကို ဖွင့်ပေးဖို့ အခက်ခဲ ရှိတယ်လေ။” ဟု KNU တပ်မဟာ-၄ မြိတ်- ထားဝယ်ခရိုင် ဥက္ကဋ္ဌ စောဂွယ်ထူးဝင်းက မဇ္စျိမကို ပြောသည်။ လမ်းဖောက်နေသည်မှာ နှစ်နှစ်ခန့် ရှိပြီဖြစ်ပြီး ယခုအခါ အူကြောင်းဖောက် တိုင်းထွာသည့် ပထမအဆင့် ၉၀ ရာခိုင်နှုန်းကျော် ပြီးစီးသွားပြီဟု သူက ပြောသည်။
ထို့ပြင် မယင်းကြီးရွာ၊ ထိန်ကြီး၊ မူးဒူး ရွာတို့နှင့် အနီးကပ်ဆုံးရှိသည့် ထားဝယ် ရေနက်ဆိပ်ကမ်း နယ်မြေအတွင်း၌ လူနေအဆောက်အဦး၊ အလုပ်သမားတန်းလျား၊ ရုံး၊ အစည်းအဝေးခန်းမ အပါအဝင် အဆောက်အဦး ၂၀၀ ကျော်ဆောက်ပြီးပြီဟုလည်း ဒေသခံတဦးက ပြောသည်။
ဦးဇော်ဇော်၏ မက်စ်မြန်မာကုမ္ပဏီခွဲ တခုဖြစ်သော ထားဝယ်ဖွံ့ဖြိုးရေး ကုမ္ပဏီ၊ ကမ်းရိုးတန်း တိုင်းမှူးဟောင်း ဗိုလ်ချုပ်ခင်ဇော်ဦး၏ ညီဖြစ်သူ ဦးခင်ဇော်မင်းပိုင် Dawei Princes ကုမ္ပဏီ၊ မြန်မာအော်ရီဂျင်နယ်ဂရု၊ ကနောင်အေးရှား၊ တနင်္သာရီတိုင်းအမတ် ဦးဌေးမြင့်ပိုင် ယုဇနကုမ္ပဏီ၊ ဆန်းသစ် တို့က စီမံကိန်းတွင် စာချုပ်လက်ခွဲများ ရရှိထားကြသည်။
ထားဝယ်ဖွံ့ဖြိုးမှု စီမံကိန်းပြီးလျင် ထိုင်းနိုင်ငံအနေဖြင့် အရှေ့အလယ်ပိုင်းနှင့် ဥရောပသို့ တိုက်ရိုက် လမ်းပေါက် သွားမည် ဖြစ်ပြီး မလေးရှားကျွန်းဆွယ်ဘက်မှ ပတ်စရာ မလိုတော့သဖြင့် သယ်ယူစရိတ် ၂ဝ ရာခိုင်နှုန်းကျော် သက်သာသွားမည်ဟု သိရသည်။ ထို့ပြင် လာအိုနှင့် ဗီယက်နမ်တို့မှလည်း ထိုင်းနိုင်ငံကိုဖြတ်၍ အိန္ဒိယ သမုဒ္ဒရာမှ တဆင့် အနောက်နိုင်ငံများသို့ လမ်းပေါက်သွားမည်။
ထားဝယ်ဒေသခံများအတွင်း စီမံကိန်း ဆိုးကျိုးများကို ကျယ်ကျယ်ပြန့်ပြန့် သိစေရန် ထားဝယ် ဖွံ့ဖြိုးရေးအဖွဲ့ - DDA က ပညာပေး လုပ်ငန်းများကို တရားဝင် လုပ်ကိုင်နိုင်ရန် ကြိုးစားနေပြီး စိမ်းလန်း ဖွံဖြိုးမှု အပေါ် အခြေပြုသော စီမံကိန်း ဖြစ်စေလိုကြောင်း ဒေသခံ ၆၀၀ ဦးကျော်က လက်မှတ်ရေး ထိုး၍ သမ္မတ ဦးသိန်းစိန်နှင့် လူ့အခွင့်အရေးကော်မရှင်ထံ အိပ်ဖွင့်ပေးစာပို့ရန် စီစဉ်နေသည်။