လူ့အခွင့်အရေး ရှေ့နေ နှစ်ဦး လိုင်စင် သုံးနှစ် ပိတ်ခံရ

လူ့အခွင့်အရေး ရှေ့နေ နှစ်ဦး လိုင်စင် သုံးနှစ် ပိတ်ခံရ
by -
ဖနိဒါ

နေပြည်တော် တရားလွှတ်တော်ချုပ်က မန္တလေးမှ ရှေ့နေ နှစ်ဦးကို ရှေ့နေကျင့်ဝတ် တာဝန် ပျက်ကွက် သည်ဟုဆိုကာ ရှေ့နေလိုင်စင် သုံးနှစ် ရပ်ဆိုင်းလိုက်ကြောင်း အမိန့်ထုတ်ပြန်လိုက်ရာ အတိုက်အခံ နိုင်ငံရေး လုပ်ခြင်းကြောင့် အာဏာ ပိုင်များမှ လက်တုံ့ပြန်ခြင်းဟု ကာယကံရှင် ရှေ့နေ တဦးက စွပ်စွဲလိုက်သည်။

ချင်းမိုင်(မဇ္စျိမ) ။        ။ နေပြည်တော် တရားလွှတ်တော်ချုပ်က မန္တလေးမှ ရှေ့နေ နှစ်ဦးကို ရှေ့နေကျင့်ဝတ် တာဝန် ပျက်ကွက်သည်ဟုဆိုကာ ရှေ့နေလိုင်စင် သုံးနှစ် ရပ်ဆိုင်းလိုက်ကြောင်း အမိန့်ထုတ်ပြန်လိုက်ရာ အတိုက်အခံ နိုင်ငံရေး လုပ်ခြင်းကြောင့် အာဏာပိုင်များမှ လက်တုံ့ပြန်ခြင်းဟု ကာယကံရှင် ရှေ့နေ တဦးက စွပ်စွဲလိုက်သည်။

မန္တလေးမြို့ မင်္ဂလာစျေး အရှေ့ဘက် ရ၁၊ ရ၈ လမ်းကြား ၃၀၊ ၃၁ လမ်းကြား အမှတ် ၃၈/၃၂ နေ  ဦးမြင့်သွင် (လိုင်စင်အမှတ် ၅၃၂၂) နှင့် တမြို့တည်းသား ဦးရွှေလှ (လိုင်စင်အမှတ် ရ၁၀၆) တို့ကို ရှေ့နေလိုက်ခွင့် လိုင်စင် သုံးနှစ် ရုပ်သိမ်းကြောင်း နေပြည်တော်ရှိ တရားလွှတ်တော်ချုပ်ရုံးက ဒီဇင်ဘာ ၁၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ညွှန်ကြားရေးမှူး ဒေါ်တင်တင်ဝါက လက်မှတ်ရေးထိုးထားသည့်စာကို  မန္တလေးမြို့ခရိုင် တရားရုံးမှတဆင့် ကာယကံရှင် ဦးမြင့်သွင်က ဒီဇင်ဘာ ၁၅ ရက်နေ့တွင် လက်ခံရရှိသည်ဟု ဆိုသည်။

“ကိုယ်တိုင် တက်ရောက်နိုင်ခြင်း မရှိပါက အဆိုပါ ရုံးချိန်းရက်တွင် တခြားရှေ့နေတဦးအား စီစဉ်ပေးရန် တာဝန် တို့ကို ပျက်ကွက်ခဲ့ခြင်းသည် တရားရုံးများနှင့် စပ်လျဉ်းသည့် ရှေ့နေရှေ့ရပ်များ၏ တာဝန်နှင့် ကျင့်ဝတ်သိက္ခာ ကို ဖောက်ဖျက်ရာရောက်ကြောင်း။” ဟု တရားလွှတ်တော်ချုပ်ရုံး၏ စာတွင် ရေးသားထားသည်။

“အခုမှ ကျနော်သုံးသပ်တာက ဥပဒေကို လက်တလုံးကြား မလုပ်သင့်တဲ့ ကိစ္စ၊ အာဏာပိုင်အဖွဲ့အစည်းနဲ့ တရားစွဲ အဖွဲ့အစည်းဖြစ်တဲ့ ရဲ၊ ဥပဒေ အရာရှိတွေ၊ တရားသူကြီး၊ ဥပဒေ ပညာရှင်တွေကို လူကို တန်ဖိုးထားဖို့ လိုတဲ့ အကြောင်း၊ အကုန်လုံးလည်း ဥပဒေ နံ့စပ်ဖို့လိုတဲ့ အကြောင်း၊ ဥပဒေမနံ့စပ်ရင် တိုင်းပြည်အတွက် မကောင်းဘူး ဆိုတဲ့ အကြောင်း အောက်ခြေမှာ မဆလ ခေတ်နဲ့ နဝတ ခေတ်က အရိပ်အငွေ့တွေ ရှိသေးတယ် ဆိုတာ ထည့်ပြောခဲ့တယ်။”ဟု ဦးမြင့်သွင် မဇ္စျိမကို ပြောသည်။

ရုံးချိန်းပျက်ဖူးသည့် ဦးမြင့်သွင်၊ ဦးရွှေလှ

တရားမမှုဖြစ်သော ချေးငွေ ကျပ်သိန်း ၁၃၀ ပြန်လည် ရယူလိုမှုဖြင့် တရားလို မကွေးမြို့ခံ ဦးမြင့်ဝင်းက စွဲဆိုသော အမှုတွင် တရားခံ ဦးမောင်မောင်စိုးက ရှေ့နေနှစ်ဦးကို ငှားရမ်းခဲ့ခြင်း ဖြစ်သည်။  မကွေးခရိုင်နှင့် မကွေးတိုင်း တရားရုံးများတွင် ရှုံးနိ့မ်ခဲ့သော ဦးမောင်မောင်စိုးက မန္တလေးတိုင်း တရားရုံးတွင် အယူခံတင် သွင်းမည့် ပထမဆုံး ရုံးချိန်း ယမန်နှစ် အောက်တိုဘာ ၁၅ ရက်နေ့တွင် ရှေ့နေ နှစ်ဦးလုံး တက်ရောက်ရန် ပျက်ကွက်ခဲ့သဖြင့် အမှုများ ပယ်ဖျက်သွားသည်။

သို့သော် ရှေ့နေနှစ်ဦးလုံးက နောက်တရက်တွင် ရုံးချိန်း နောက်ကျရသည့် အကြောင်းကို ကျမ်းကျိန်ဆို၍ အမှု ပြန်လည် ဖွင့်လှစ်ပေးခဲ့သည်။ ကြားနာမှုများ ဆက်လက် ပြုလုပ်ပြီးနောက် ယခုနှစ် ဖေဖော်ဝါရီ ခုနှစ်ရက်နေ့တွင် တရားရုံးမှ ဦးမောင်မောင်စိုး၏ အယူခံကို ပလပ်ကြောင်း အဆုံးဖြတ်ပေးခဲ့သည်။

ယခုနှစ် ဧပြီလ ၈ ရက်နေ့တွင် ဦးမောင်မောင်စိုးရက ရှေ့နေနှစ်ဦး ရုံးချိန်း ပျက်ကွက်မှုကြောင့် အမှုရှုံးရကြောင်း တရားရုံးသို့ တဖန် တိုင်းတန်းခဲ့ရာက ဇွန်လထဲတွင် မန္တလေးခရိုင် တရားသူကြီးရှေ့တွင် ဦးမြင့်သွင်ကို စစ်ဆေးမှုပြုခဲ့သည်။

ဦးမြင့်သွင်က မျက်စိနှင့် ရင်ကျပ်ဝေဒနာကြောင့် ရုံးချိန်း ပျက်သွားရခြင်းဖြစ်ပြီး ဦးရွှေလှက သူလိုက်ပါ ဆောင်ရွက်ပေးနေသော အခြားသော အမှုတခုဖြစ်သည့် ယုဇနကုမ္ပဏီနှင့်  တောင်သူများ အငြင်းပွားမှု အတွက် တရားရုံး ရုံးချိန်း သွားရောက်နေရခြင်းကြောင့် ပျက်ကွက်ခဲ့ရသည်ဟု မဇ္ဈိမကို ပြောသည်။

လူ့အခွင့်အရေးရှေ့နေ

ရှေ့နေ နှစ်ဦးလုံးမှာ အာဏာရှိ စီးပွားရေး လုပ်ငန်းများ သို့မဟုတ် အစိုးရနှင့် နီးစပ်သော စီးပွားရေး လုပ်ငန်းရှင် များပိုင် ကုမ္ပဏီများနှင့် ဖြစ်ပွားသော လယ်ယာမြေ သိမ်းဆည်းမှု ကိစ္စများတွင် တောင်သူများဘက်က ရှေ့နေ လိုက်ပါပေးသူများ ဖြစ်သည်။

မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ် သက္ကံချိုင်းကျေးရွာအုပ်စု ညောင်ကုန်းကျေးရွာမှ “ခေတ်သစ် လယ်ယာမြေနှင့် အထွေထွေ စီးပွားရေးလုပ်ငန်း သမဝါယမအသင်း လီမိတက်က လယ်ယာသိမ်းမှုနှင့် ပတ်သက်၍ ဖမ်းဆီးခံထား ရသူ တောင်သူ ကိုးဦးဘက်အတွက် ဦးမြင့်သွင်က အမှုလိုက်ဖူးသည်။

တောင်သူ ၃၁ ဦး၏ လယ်ယာမြေများ အသိမ်းခံရသော အငြင်းပွားမှု ဖြစ်နေချိန် သမဝါယမက တောင်သူ ကိုးဦးကို ပိုင်နက်ကျူးကျော်မှုနှင့် မီးရှို့ဖျက်ဆီးမှုတို့ဖြင့် တရားစွဲဆိုပြီး တောင်သူများဘက်မှလည်း ကုမ္ပဏီကို ပြန်လည် တရားစွဲဆိုထားသည်။

ထို့အပြင်  ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင်း ကျေးရွာ ငါးရွာမှ တောင်သူများ၏ ဘိုးစဉ်ဘောင်ဆက် လုပ်ကိုင် လာသည့် ဥယျာဉ်ခြံနှင့် လယ်ယာမြေ ဧက လေးသိန်းခန့်ကို စစ်တပ်နှင့် ယုဇနကုမ္ပဏီက သိမ်းယူခဲ့သဖြင့်တောင်သူ ၁၄၈ ဦးက ဧက တထောင်ကျော်အတွက် ယုဇန ကုမ္ပဏီကို တရားစွဲသောအမှု ဖြစ်သည်။

ယင်းအမှုအတွက် ကုမ္ပဏီက လျော်ကြေးပေးရန် တရားရုံးက ဆုံးဖြတ်ခဲ့သော်လည်း လျော်ကြေးငွေ နည်းသဖြင့်တောင်သူများက  နေပြည်တော် တရားရုံးချုပ်သို့ ထပ်မံ အယူခံတင်ထားဆဲ ဖြစ်သည်။

မီဒီယာနှင့် မဆက်သွယ်ဖို့ သတိပေး

ဦးမြင့်သွင်ကို မန္တလေးတိုင်း တရားရုံး တာဝန်ရှိသူများက သတင်းမီဒီယာများနှင့် ဆက်သွယ်မေးမြန်းမှု များတွင် ဥပဒေ အကြောင်းအရ မှားယွင်းပါက အရေးယူမည်ဟု ကြိုတင်သတိပေးထားမှုများ ရှိခဲ့သည်ဟု သူက မဇ္စျိမကိုပြောသည်။

“ကျနော်မီဒီယာမှာ ဗျူးတာတွေ ဥပဒေအရ မှားယွင်းရင် အရေးယူမယ်လို့တော့ သတိပေးပေးနေတာ ကြာပြီ။ ဒီအမှုကလည်း ခုနှစ်လလောက် ရှိသွားပြီဆိုတော့ ကျနော့်ဘက်ကလည်း တာဝန်ကျေထားတော့ ကျနော်လည်း ပြီးပြီလို့ပဲ တွက်ထားတာပါ။ ဥပမာ ကျနော် မီဒီယာဗျူးလိုက်ရင် လှမ်းပြီးမေးတယ်။ ဥပဒေငြိမငြိ သိပ်စွန်းတာ မပါသေး အရေးမယူသေးတာပေါ့။ သတိထားနေတာတော့ ကြာပါပြီ။”

လိုင်စင်ပိတ်ခံရသော လူ့အခွင့်အရေးရှေ့နေများ

လက်ရှိ အမှုပေါင်း ၁၀၀ ကျော် ရှိနေသဖြင့် ယင်းအမှုများကို သူ၏ လက်အောက် ရှေ့နေများနှင့်အတူ ပူးပေါင်း၍ ဆက်လက် အကျိုးဆောင်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ ထိုရှေ့နေနှစ်ဦး၏ လိုင်စင် ရပ်ဆိုင်းခံလိုက်ရသည့် အဖြစ်မျိုး မတွေ့ဖူးသေးကြောင်းနှင့် ယင်းတို့ကို စုံစမ်း စစ်ဆေးသင့်ကြောင်း NLD မှ ပြောရေးဆိုခွင့်ရှိသူနှင့် ရှေ့နေ တဦးဖြစ်သူ ဦးဉာဏ်ဝင်းက ပြောသည်။

“အမှန်ကတော့ ဒီလိုဖြစ်လေ့ဖြစ်ထ မရှိဘူး။ တခုပြောနိုင်တာရှိတာက ရှေ့နေတဦးရဲ့ လိုင်စင်ကို ရုပ်သိမ်းတယ်တို့၊ ရပ်ဆိုင်းတယ်တို့ ဆိုတာ စုံစမ်းစစ်ဆေးမှု ရှိသင့်တယ်။ တရားမျှတရေးမူအရ လူတယောက်ကို အပြစ်ပေးမယ်ဆိုရင် အပြစ်ပေးထိုက်၊ မပေးထိုက် အဲဒီလူမှာ ခုခံခွင့်ရှိရမယ်။ ဒါက အခြေခံ သဘောတရားပဲ။ တဘက်သတ် ဆုံးဖြတ်တာ က မှန်ကန်မှု မရှိနိုင်ဘူး၊ တရားမျှတမှု မရှိနိုင်ဘူး။”ဟု သူက မဇ္စျိမကို ပြောသည်။

သမ္မတ ဦးသိန်းစိန်လက်ထက် တရားလွှတ်တော်ရုံးချုပ်က လိုင်စင် အသိမ်းခံရသော ရှေ့နေသုံးဦး ရှိသွားပြီ ဖြစ် သည်။

ပြီးခဲ့သည့် သြဂုတ်လ ကိုးရက်နေ့က လယ်ယာမြေ သိမ်းခံရသော တောင်သူများဘက်မှ အကျိုးဆောင်ပေးသူ NLD က ဖွဲ့စည်းထားသော ရှေ့နေကွန်ယက် အဖွဲ့ဝင်တဦး ဖြစ်သည့် မကွေးတိုင်း မင်းဘူးမြို့နယ်မှ အထက်တန်းရှေ့နေ ဦးတင်အောင်ထွန်းကိုလည်း ရှေ့နေ ကျင့်ဝတ်သိက္ခာနှင့် အညီ အမှုလိုက်ပါဆောင်ရွက်သူ တဦး မဟုတ်ကြောင်း အက်ဥပဒေ ၁၃(စ) အရ တရားလွှတ်တော်ချုပ်က လိုင်စင် ရုပ်သိမ်းခဲ့သည်။

Most read this week