ဒုက္ခသည် များအား ရန်သူဟု နမ့်ခမ်းမြို့ ကယ်ဆယ်ရေး အဖွဲ့ဝင်များပြော

ဒုက္ခသည် များအား ရန်သူဟု နမ့်ခမ်းမြို့ ကယ်ဆယ်ရေး အဖွဲ့ဝင်များပြော
by -
သျှမ်းသံတော်ဆင့်

စစ်ပြေးဒုက္ခသည်များသည်မိမိတို့၏ ရန်သူများဖြစ် ကြောင်း နမ့်ခမ်းမြို့နယ် ဒုက္ခသည်များ ကူညီကယ် ဆယ် ရေးအဖွဲ့ဝင် တချို့ပြောသံကြားရပြီးနောက် အဆိုပါအဖွဲ့ အား ဒေသခံများသဘောကျနှစ်သက် ခြင်းမရှိကြောင်း မြို့ခံများကပြောသည်။

refugee2

“ဒီလ ၁၇ ရက်နေ့လောက်က ဒုက္ခသည်များ ကူညီကယ်ဆယ်ရေးအဖွဲ့ဆိုပြီး ဖွဲ့တယ်။ လဝကဦးစီးမှူး ဦးမာကုက ဥက္ကဌပေါ့။ အဖွဲ့ဝင်တွေကတော့ ဌာနဆိုင်ရာ ဦးစီးအရာရှိတွေ။  ဖွဲ့စည်းမှုအစည်းအဝေးမှာ အဖွဲ့ဝင်တွေဖြစ်တဲ့ နမ့်ခမ်းမြို့နယ် ရဲမှူး ဦးတင်ဖေဝင်းနဲ့ မီးသတ်က ဦးစံညွန့် တို့ ၂ ယောက်က - အခု စစ်ပြေးဒုက္ခသည်တွေဆိုတာ ကချင်တွေ သျှမ်းတွေဘဲ။ ကျနော်တို့ကို တိုက်နေတာကလဲ ကချင်တွေ သျှမ်းတွေဘဲ။ သူတို့တွေဟာ ကျနော် တို့ရဲ့ ရန်သူတွေဘဲ။ ခုတော့ ကျနော်တို့ရန်သူကို ကျနော်တို့ ပြန်ပြီးကူညီနေရတယ်” ဟု ပြောဆိုကြောင်းနမ့်ခမ်း ဒေသခံ လူငယ်တဦးကပြောသည်။

နမ့်ခမ်းရောက် ကချင်စစ်ပြေးဒုက္ခသည်များ (ဓါတ်ပုံ- သျှမ်းသံတော်ဆင့်)

အဆိုပါ ဒုက္ခသည်များကူညီကယ်ဆယ်ရေးအဖွဲ့ကို ‘ နမ့်ခမ်းရောက် ကချင်ပြည်မှ ဒုက္ခသည်များအား ဆိုင်ရာ အာဏာပိုင် များက ကူညီပေးခြင်းမရှိ ’ ဟူသည့်သတင်း ပြည်ပအခြေစိုက်သတင်းဌာနများမှ ထွက်ရှိပြီးနောက် ပိုင်း ၃ ရက်အကြာ ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်ဟုလည်း သိရသည်။

သို့သော် ၎င်းတို့ကိုယ်တိုင် ကိုယ်ထိလက်ရောက်ကူညီပေးခြင်းမရှိဘဲ ပြည်သူလူထုအချင်းချင်း အကူအညီပေး ကြရန် ကားဖြင့် တလမ်းဝင်တလမ်းထွက် ကြေငြာနိုးဆော်ကြောင်းဈေးသည်တဦး ကလည်းပြောသည်။

နမ့်ခမ်းရောက် ကချင်စစ်ပြေးဒုက္ခသည်များ (ဓါတ်ပုံ- သျှမ်းသံတော်ဆင့်)

“ သူတို့က အချင်းချင်းအကူအညီပေးကြဖို့လောက်ဘဲ လော်စပီကားကြီးနဲ့ လိုက်ဆော်တယ်။ သူတို့ဆီက တိုက်ရိုက်လာတဲ့ ပစ္စည်းတွေမဟုတ်ဘူး၊ ကူညီဖို့ ကျေးရွာ၊ ရပ်ကွက်အကြီးအကဲတွေက တဆင့် ဆင့်ဆိုတယ်” ဟု သျှမ်းသံတော်ဆင့်သို့ ပြောပြသည်။

စစ်ပြေးဒုက္ခသည်များအတွင်း သျှမ်းလူမျိုးများလည်းပါဝင်ရာ မိမိဆွေမျိုးတော်စပ်ရာအိမ်များ၌သာခိုလှုံကြ ကြောင်း၊ ဒုက္ခသည်စခန်းများတွင်တော့ မတွေ့ရကြောင်း ၎င်းကပြောပြသည်။

ကချင်လွတ်လပ်ရေးတပ်မတော်နှင့် အပစ်ရပ်ရန် ပြီးခဲ့သည့် ၁၀ ရက်နေ့ကသမ္မတဦးသိန်းစိန်ညွှန် ကြားပြီးဖြစ် သော်လည်း တိုက်ပွဲများပြင်းပြင်းထန်ထန်ဆက်လက်ဖြစ်ပွားနေသောကြောင့် ကချင်လူထု  သောင်းချီထွက် ပြေး တိမ်းရှောင်နေရဆဲ ဖြစ် သည်။

Most read this week