သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်ရှိ သျှမ်း ဗွီစီဒီနှင့် ဘာသာပြန်ဗွီစီဒီအရောင်းဆိုင် များအား ဘော်လုံး လောင်းကစား လုပ်ငန်းလုပ်ကိုင်နေ သည့် နမ့်ခမ်း ဗီဒီယိုအခြေခံအဖွဲ့ဥက္ကဌက လိုက်လံဖမ်းဆီးပိုက်ဆံ တောင်းယူသဖြင့် လမ်းဘေးလက်တွန်းလှည်း ဗီစီဒီရောင်းသူများ အခက်တွေ့နေကြောင်းသျှမ်းပြည် မြောက်ပိုင်း သတင်းရပ်ကွက်ကဆိုပါသည်။
“ မနေ့က ပေါ့ ဗွီဒီယိုအခြေခံအဖွဲ့ဥက္ကဌနဲ့ ထွေအုပ် ဒု ဦးစီး နဲ့ ရဲ ၃-၄ ယောက် မြို့ထဲဆင်းပြီး ရှောင်တခင် စစ်တာ။ အာဏာ ပိုင်တွေနဲ့နီးစပ်တဲ့လူတွေကတော့ သတင်းကြိုရထားလို့ဆိုင်ပိတ်လိုက်ပေမယ့် ဆိုင်ဖွင့် ထားတဲ့လူတွေဆီကနေခြိမ်းခြောက် ပြီး ပိုက်ဆံတောင်းတယ်။ ရောင်းတဲ့ လူ ၂ ယောက်ကိုလဲ ဖမ်းသွားတယ်။ နေ့လုပ်မှနေ့စားရတဲ့လူတွေများတာကိုး။ သူတို့အတွက် အခက်တွေ့တာပေါ့” ဟု နမ့်ခမ်းဒေသခံလူလတ်ပိုင်း တဦးက သျှမ်းသံတော်ဆင့်သို့ပြောပြသည်။
နမ့်ခမ်းမြို့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဒု ဦးစီးမှူး ဦးဇင်အောင်နှင့် မိမိကိုယ်တိုင် ဘော်လုံးပွဲ လောင်း ကစား ဝိုင်း ဖွင့်ထားသော နမ့်ခမ်းမြို့ ဗွီဒီယိုအခြေခံအဖွဲ့ ဥက္ကဌ ဦးကျော်ဝင်းတို့ ပူးပေါင်းကာ နမ့်ခမ်းမြို့နယ်ရဲ ၃-၄ ယောက်နှင့်အတူ သျှမ်းတေးသီချင်း ဗွီဒီစီ၊ သျှမ်းဘာသာပြန် ထိုင်းဇာတ်လမ်း ဗွီစီဒီအရောင်းဆိုင်၊လက်တွန်း လှည်းဆိုင်များကို လိုက်လံဖမ်း ဆီးခြင်းဖြစ်သည်။
နမ့်ခမ်းမြို့မဈေးအတွက် ဆိုင်တဆိုင်နှင့် ကောင်းနောင်မိုရပ်ကွက်ရှိလက်တွန်းလှည်းဆိုင်တဆိုင်၏ ပိုင်ရှင်တို့ အား ဖမ်းဆီး သွားပြီး ဈေးအတွင်းရှိဆိုင် ၂ ဆိုင်ဆီက တဆိုင်လျှင် ပိုက်ဆံ ၃ သိန်းတောင်းယူ ခဲ့ကြောင်း နီးစပ်သူတဦးက ပြောပြသည်။
“ခင်ဗျားတို့ရောင်းနေတာ ဆင်ဆာမဲ့တွေ၊ လိုင်စင်မဲ့တွေနော်။ တရားမဝင်ဘူး။ ဖမ်းဆီးထောင်ချမယ်။ တရားစွဲခံ ရမယ်။ ဆိုင်တွေချက်ချင်းပိတ်ရင်ပိတ်- လို့အော်ပြောတယ်။ ဈေးသည်တွေလန့်ဖြန့်ကုန်တာပေါ့။ ကျနော်တို့ ဆီမှာက နေ့လုပ် မှနေ့စား သမားတွေများတာကိုး။ အဲ့လူတွေအတွက် နာတာပေါ့” ဟု ၎င်းက ပြောပြသည်။
နမ့်ခမ်းမြို့အတွင်း ဗွီဒီစီအရောင်းဆိုင် ၄၀ ခန့်ရှိသည်ဟု သိရသည်။
အဆိုပါ ဦးကျော်ဝင်းနှင့် နီးစပ်သူတဦးနှင့် ရင်းနှီးကျွမ်းဝင်သူတဦးက “ ဦးကျော်ဝင်းဆိုတာမန္တလေးက တရုတ်။ နမ့်ခမ်းမှာ လာနေတာကြာပြီ။ အမှန်က သူက ဗွီဒီယိုအခြေခံအဖွဲ့ ဥက္ကဌရာထူးကို မရမက လုယူထားတာ။ သူလုပ်ထားတဲ့ ဘော်လုံးပွဲ လောင်းကစားဝိုင်းကို ကာဗာလုပ်နိုင်အောင်နေမှာပေါ့။ နောက်ပြီးသူ့ဖက်ပါတဲ့ အဲ့ဒီရဲ ၃-၄ ယောက်ကိုလဲ စားကွက်ဖော်ပေး တဲ့သဘောပေါ့။ အခုလို ဘဲရှောင်တခင် ခဏခဏဆင်းစစ်တယ်” ဟု ဆို၏။
အဆိုပါ ဦးကျော်ဝင်းသည် အစိုးရနှင့် အာဏာပိုင်များ၏ ဝါဒဖြန့် မြန်မာဗွီဒီယို ဇာတ်လမ်းခွေ (အပိုင်း ၁ နှင့် ၂ ) များကိုမူ တကား ကျပ် ၅၀၀၀ ဖြင့် ဒေသခံလူထုထံ အဓမ္မရောင်းချပေးကြောင်းနမ့်ခမ်းမြို့ခံများ ကလည်း အတည်ပြုပြောသည်။
သျှမ်းဗွီစီဒီ ကာရာအိုကေများ၊ ဘာသာပြန်ဇာတ်လမ်းတွဲများကို ငှားယူလျင် တရက်အတွက် တချပ် ၁၀၀ ကျပ် ပေးရကာ ဝယ်ယူပါက ဗွီစီဒီ တစုံ ( A,B ၂ ချပ်) ၅၀၀- ၆၀၀ ကျပ်ဝန်းကျင်ရှိကြောင်းဒေသခံများ ကပြော ပါသည်။