ဒေါ်စုနှင့် တွေ့ဆုံခွင့်ရသော ပထမဆုံးသော ထိုင်းဝန်ကြီးချုပ်

ဒေါ်စုနှင့် တွေ့ဆုံခွင့်ရသော ပထမဆုံးသော ထိုင်းဝန်ကြီးချုပ်
by -
ကိုဝိုင်း

ထိုင်းဝန်ကြီးချုပ် ယင်လတ် ရှင်နာဝပ်ထရာသည် မြန်မာ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်နှင့် အင်္ဂါနေ့ညနေပိုင်းက ရန်ကုန်မြို့တွင် တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။

ချင်းမိုင် (မဇ္စျိမ) ။        ။ ထိုင်းဝန်ကြီးချုပ် ယင်လတ် ရှင်နာဝပ်ထရာသည် မြန်မာ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အင်္ဂါနေ့ညနေပိုင်းက ရန်ကုန်မြို့တွင် တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။

ရန်ကုန်မြို့ ထိုင်းသံအမတ်ကြီးနေအိမ်တွင် ညနေ ၅ နာရီ ၄၅ မိနစ်မှစတင်၍ နာရီဝက်ကျော် တွေ့ဆုံ ဆွေးနွေးမှုမှာ ထိုင်းဝန်ကြီးချုပ်အဆင့်ရှိ ပထမဦးဆုံး ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးခြင်း ဖြစ်လာသည်။

“နှစ်နိုင်ငံအကျိုးတူ ကိစ္စရပ်များ အားလုံးကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြပါတယ်။” ဟု ဒေါ်အောင်ဆန်း စုကြည်၏ ပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင်က ပြောသည်။
yingluck
မစ္စစ် ယင်လတ်သည် နံနက်ပိုင်းက နေပြည်တော်ရှိ မြန်မာကွန်ဗင်းရှင်း စင်တာတွင် ပြုလုပ်သော မဲခေါင်မြစ်ဝှမ်းဒေသ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သေးသည်။ မစ္စစ်ယင်လတ်နှင့် အသက် ၆၆ နှစ်ရှိ နိုဘယ်လ်ဆုရှင် မြန်မာ အတိုက်အခံ ခေါင်းဆောင်တို့ တွေ့ဆုံခွင့်ရရန် ကြားဝင်ကူညီခဲ့သူမှာထိုင်းဝန်ကြီး ချုပ်ဟောင်းနှင့် မစ္စယင်လတ်၏ အကိုရင်းဖြစ်သူ သက်ဆင်ရှင်နာဝပ်ထရာ ဖြစ်သည်ဟု ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ် သတင်းစာနှင့် အင်တာဗျူး တွင် ပြည်ပြေးဖြစ်နေသူ မစ္စတာ သက်ဆင်ကပြောကြား သွားခဲ့သည်။

ယခင်အကြိမ်များက မြန်မာစစ်အစိုးရက တားမြစ်ခဲ့၍ နိုင်ငံခေါင်းဆောင်များ တွေ့ဆုံခွင့် မရခဲ့ဟု မစ္စတာ သက်ဆင် က ပြောကြားထားသည်။ မစ္စတာ သက်ဆင်သည် ဒီဇင်ဘာ ၁၅ ရက်နေ့က မြန််မာနိုင်ငံသို့ သွားရောက် လည်ပတ်ခဲ့ပြီး အငြိမ်းစား ယူသွားပြီဖြစ်သော ယခင် စစ်အစိုးရ ခေါင်းဆောင် ဦးသန်းရွှေနှင့် လက်ရှိ သမ္မတ ဦးသိန်းစိန်တို့နှင့်တွေ့ဆုံ ဆွေးနွေးခဲ့သည်ဟုလည်း သတင်းစာက ရေးသားထားသည်။

နေပြည်တော် သတင်းရပ်ကွက် တခုကမူ မစ္စတာ သက်ဆင်သည် ထားဝယ် ရေနက်ဆိပ်ကမ်းစီမံကိန်းနေ ရာသို့ သွားရောက် လည်ပတ်ပြီး တညအိပ်သွားခဲ့သည်ဟု ဆိုသည်။ မစ္စတာသက်ဆင်က ကမ္ဘောဒီးယားနိုင်ငံမှ အထူးလေယာဉ်ဖြင့် ရောက်ရှိလာခြင်း ဖြစ်သည်ဟုဆိုကာ "အီတာလျံ-ထိုင်း ဥက္ကဋ္ဌရယ်၊ ထိုင်းအစိုးရဝန်ကြီး တပါးရယ်ကလေယာဉ်တစီးနဲ့ လာပြီးစောင့်တယ်။ ပြီးတော့ ရေနက်ဆိပ်ကမ်းနေရာမှာ သူတို့ တညအိပ်တယ်။ ၁၆ ရက်နေ့မှာပြန်သွားတယ်။” ဟု အဆိုပါ သတင်းရပ်ကွက်က ပြောသည်။

ထိုင်းနိုင်ငံ အီတာလျံ-ထိုင်း ကုမ္ပဏီသည် ထားဝယ်စီးပွားရေးဇုံနှင့် ရေနက်ဆိပ်ကမ်း စီမံကိန်းတွင်ရင်းနှီးမြှုတ် နှံခွင့် ရထားပြီး ထားဝယ်စီးပွားရေးဇုံနှင့် ထိုင်းနိုင်ငံအနောက်ဖက် ကန်ချနဘူရီခရိုင်သို့လမ်းဖောက်လုပ် ရန်လည်း တိုင်းတာရေး လုပ်ငန်းများ စတင်နေပြီဖြစ်သည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆူရာဖုံ တိုဝိ ကျတ်ချိုင်းကွန်ကလည်း ဇန်နာဝါရီ လ ရ ရက်နေ့တွင် အီတာလျံ-ထိုင်း ကုမ္ပဏီက ခန့်မှန်းခြေ ဒေါ်လာ ၅၈ သန်းအထိ ကုန်ကျနိုင်ဖွယ်ရှိသော အဆင့်သုံးဆင့်ပါ ထားဝယ်ဖွံ့ဖြိုးမှု စီမံကိန်းမှဆောက်လုပ်ရေးနှင့် လမ်းဖောက်လုပ်ရေး လုပ်ငန်းများကို သွားရောက် စစ်ဆေးမည်ဟု ဘန်ကောက်ပို့စ် သတင်း တရပ်အရ သိရသည်။

ထိုစဉ်တွင် ထားဝယ် အထူးစီမံကိန်းမြေနှင့် မလွတ်သဖြင့် ပြောင်းရွှေ့ရမည်ဟု အမည်ပေါက်နေသည့် ရေဖြူမြို့နယ် အနောက်ဖက်ခြမ်းရှိ ကျေးရွာများတွင် အိမ်ပိုင်ရှင် စစ်မှန်ကြောင်း အိမ်နံပတ်ကို ကိုင်ဆောင်၍ ဓာတ်ပုံရိုက် မှတ်တမ်း တင်ယူမှုများ ရှိနေကြောင်း ဒေသခံများကပြောသည်။

Most read this week