ရခိုင် ၂၄နာရီ လျှပ်စစ်မီး ရရှိရေး ကော်မတီ ဖွဲ့စည်းပြီ

ရခိုင် ၂၄နာရီ လျှပ်စစ်မီး ရရှိရေး ကော်မတီ ဖွဲ့စည်းပြီ
by -
မင်းဆက်ခိုင်

ရခိုင်ပြည်နယ်မှ ထွက်ရှိသော သဘာဝ ဓာတ်ငွေဖြင့် ရခိုင်တပြည်နယ်လုံး ၂၄ နာရီ လျှပ်စစ်မီး ရရှိရေးရေး အတွက် လူပ်ရှားမူ ကော်မတီ တရပ်ကို ယမန်နေ့က တရားဝင် ဖွဲ့စည်းလိုက်ပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။

Gas-Pipeline-Kyaw-prue-Arakan
ကော်မီတီကို အဖွဲ့ဝင် ၃၄ ဦးဖြင့် ဖွဲ့စည်းပြီး ဆပ်ကော်မီတီ အဖြစ် လုပ်ငန်းဦးစီးအဖွဲ့၊ ဘဏ္ဍာရေးအဖွဲ့၊ သတင်းနှင့် ပြန်ကြားရေးအဖွဲ့၊ စည်းရုံးရေးအဖွဲ့၊ ဥပဒေ အကြံပေး အဖွဲ့ တို့ဖြင့် ဖွဲ့စည်း လိုက်ကြောင်း သိရသည်။

“ကျနော်တို့ အနေနဲ့ အဓိက ရခိုင်က ထွက်တဲ့ သဘာဝ ဓာတ်ငွေ့နဲ့ ရခိုင်တပြည်နယ်လုံး အတိုင်း အတာထိ လျှပ်မီး ၂၄နာရီ ရရှိဖို့ အတွက် လှုပ်ရှားသွားမှာဖြစ်ပါတယ်။ လှုပ်ရှားတဲ့ နေရာမှာလည်း ကျနော်တို့က ဥပဒေဘောင်ထဲက လှုပ်ရှားသွားမှာပါ။ အခုလို ကျနော်တို့ လုပ်တာကလည်း တရားတယ်လို့ ကျနော် တို့ ယုံကြည်ပါတယ်” ဟု အဆိုပါအဖွဲ့တွင် ပါဝင်သူ ရတပပါတီဝင် လူငယ်တဦးက ပြောသည်။

ဒီဇင်္ဘာလ ၁၇ရက်နေ့က စစ်တွေမြို့ရှိ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ (ရတပ) ပါတီရုံးခန်းတွင် ပြုလုပ်သော အစည်းအဝေးတွင် ၎င်းကော်မီတီကို ဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်။

လုပ်ငန်းဦးစီးအဖွဲ့တွင် ဦးတင်ဝင်း၊ ဦးဦးလှစော၊ ဦးခိုင်ပြည်စိုး၊ ဦးဘိုးမင်း၊ ဦးတင်ဌေးတို့ ပါ၀င် ကြပြီး တခြားကဏ္ဍများတွင် မြို့မိမြို့ဖများနှင့် လူငယ်များကို အဓိကထား ဖွဲ့စည်းထားကြောင်း သိရှိရသည်။

၂၄ နာရီ လျှပ်စစ်မီး ရရှိရေး ကော်မီတီ ဖွဲ့စည်းရခြင်း ရည်ရွယ်ချက်ကိုလည်း သူက ယခုကဲ့သို့ ဆက်ပြောသည်။

“ ရခိုင်ပြည်နယ် လျှပ်စစ်မီး ၂၄ နာရီ ရရှိရေး ရခိုင်ပြည်နယ်သူ ပြည်နယ်သားတွေရဲ့ အဓိက လိုလားချက် ဖြစ်ပါတယ်။ အခုဆိုရင် ရခိုင်ပြည်နယ်မှာ ဂတ်(စ်)တွေ အလျှံအပယ်ထွက်နေပါတယ်။ ဒါပေမယ့် ရခိုင်ပြည်သူတွေက ဖေါင်စီးရင်း ရေငတ် သူများပမာ နေကြရတယ်။ ရခိုင်က ထွက်တဲ့ သဘာဝ သယံဇာတတွေကို ကျနော် တို့ ရခိုင်ပြည်သူတွေက အထိုက်အသင့်ကတော့ ခံစားသင့်ပါတယ်။ ဒီအတွက် တောင်း ဆိုလှုပ်ရှားသွားဖို့ အတွက် ကျွန်တော်တို့ ခုလို စီစဉ်ရတာ ဖြစ်ပါတယ်။”

ဒီမိုကရေစီ နိုင်ငံတော်သစ်ဆီသို့ လျှောက်လှမ်းနေသော အချိန်တွင် တနိုင်ငံလုံး တပြေးညီ ဖွံ့ဖြိုး တိုးတက်ရေးမှာ အရေးကြီးကြောင်း အဆိုပါအဖွဲ့တွင် ပါဝင်သူ ရခိုင်အဆိုတော် ကိုတူတူမှ ပြောသည်။

“ကျွန်တော်ရို့က ရွှေဂတ်(စ်)စီမံကိန်းကို ရပ်တန့်ဖို့ လုပ်တာ မဟုတ်ဘူး။ ကျွန်တော်တို့ ဒေသက ထွက်တဲ့ ဂတ်(စ်)ကနေ အကျိုးခံစားခွင့် နည်းနည်းလေးကိုပဲ တောင်းဆိုမှာဖြစ်ပါတယ်။ ဒါကလဲ ကုလသမဂ္ဂက ပြန်ဌာန်းထားတဲ့ ဌာနေတိုင်းရင်း သားတွေရဲ့ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို ခံစားနိုင်အောင် တောင်းဆိုတာ ဖြစ်တယ်။ တကယ်တော့ ဒီကိစ္စက တောင်းဆိုစရာတောင်လို တဲ့ကိစ္စ မဟုတ်ဘူး။”

၎င်းပြင်သူက “ တကယ်ဆိုရင် ဒေသတစ်ခုမှာ စီမံကိန်း ကြီးကြီး မားမား လုပ်မယ်ဆိုရင် လုပ်မယ့် ကုမ္ပဏီတွေ အနေနဲ့ လည်းကောင်း၊ အဲဒီ ကုမ္ပဏီကို ပိုင်ဆိုင်တဲ့ နိုင်ငံတွေက လုပ်ငန်းလုပ်မယ့် ဒေသတွေရဲ့ အကျိုးစီးပွားနဲ့ ရပိုင်ခွင့်တွေ လုပ်ပေးရမယ့် တာဝန်တွေကို နားလည်ထားရမယ့် သဘောရှိတယ်။ သဘာဓါတ်ငွေ့ တွေ များများ ထွက်တဲ့ဒေသမှာ လျှပ်စစ်မီး တစ်ယူနစ်ကို ၅၀၀ ကျပ်နီးပါးနဲ့ သုံးနေရတာဟာ သဘာဝမကျဘူး ဆိုတာ အကုန်လုံးသိကြပါတယ်။ ဒီမိုကရေစီ နိုင်ငံတော်သစ်ဆီ ချီတက်နေတဲ့ လမ်းကြောင်းတစ်ခုမှာ တစ်ပြည်လုံး တပြေးညီ ဖွံ့ဖြိုး တိုးတက်ဖို့က အရေးကြီးပါတယ်။ သဘာဝဓါတ်ငွေ့ကနေ ရခိုင်ပြည်နယ်တစ်ခုလုံး လျှပ်စစ်မီးသာ ရရှိခဲ့ရင် နိုင်ငံတော်သမတကြီးရဲ့ဆင်းရဲမွဲတည်မူ ပပျောက်ရေးတို့ လျော့ချရေးတို့ကို အများကြီးအထောက်အကူ ဖြစ်မယ်လို့ ယုံကြည်ပါတယ်”ဟု ပြောသည်။

ယခုအဖွဲ့အနေဖြင့် ရခိုင်တပြည်နယ်လုံး ၂၄နာရီ လျှပ်စစ်မီးရရှိရေးအတွက် အရှိန်မြင့် လှုပ်ရှားသွား မည်ဖြစ်ကြောင်း သိရသည်။

နိုဝင်္ဘာလ ၁၉ရက်နေ့က ပြုလုပ်ခဲ့သော အစည်းအဝေးတွင် ယာယီ ကော်မီတီကိုု ဖွဲ့စည်းခဲ့ပြီး ယခုအခါ အတည်ပြု ဖွဲစည်းလိုက်ခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ်တွင် ရခိုင်က ထွက်သော သဘာဝ ဓါတ်ငွေ့ဖြင့် ၂၄ နာရီ လျှပ်စစ်မီး ရရှိရေး အတွက် လူထု လူပ်ရှားမူများ ပေါ်ပေါက်နေပြီး မြို့အတော်များများတွင် ပိုစတာ စာရွက်များ ကပ်၍၎င်း၊ တီရှပ် အကျီ်များ ၀တ်ဆင်၍၎င်း လူပ်ရှားခဲ့ကြသည်။

၎င်း လူပ်ရှားမူများကို အာဏာပိုင်များက တင်းတင်းကျပ်ကျပ် ဖြိုခွင်းခဲ့သည်။

Most read this week