ကျောက်ဖြူတွင် ပိုက်လိုင်းအတွက် လယ်မြေဆုံးရှံုးသူ မိသားစု တစ်ခု ကျပ်(၃) သိန်းစီ လျော်ကြေးပေး

ကျောက်ဖြူတွင် ပိုက်လိုင်းအတွက် လယ်မြေဆုံးရှံုးသူ မိသားစု တစ်ခု ကျပ်(၃) သိန်းစီ လျော်ကြေးပေး
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်တွင် ဖေါက် လုပ်နေသာ ပိုက်လိုင်း အတွက် လယ်မြေ ဆုံးရှံုး သွားသူ မိသားစု တစ်ခုကို ကျပ် (၃) သိန်းစီ လျော်ကြေးပေးနေကြောင်း သတင်း ရရှိသည်။

Shwe-gas-Pipelines-Burma"သူတို့က လယ်များတာ နည်းတာကို မကြည့်တော့ဘဲ မိသားစု တစ်ခုကို ကျပ်သုံးသိန်းစီ ပေးနေပါတယ်။ ကျန်တာတွေတော့ နောက်မှ ပေးမယ်လို့ ပြောပါတယ်" ဟု ကျောက်ဖြူ ကပ်ပသွယ်မှ လယ်သမား တစ်ဦးက ပြောသည်။

တချို့လယ်သမားများမှာ လယ်မြေ အများကြီး ဆုံးရှံုးပြီး တစ်ချို့လယ်သမားများမှာ အနည်းအပါး ဆုံးရှံုး သွားသော်လည်း လျော်ကြေး တပြေးညီ ပေးနေသဖြင့် လယ်သမားများ အကြား မကျေနပ်မူများတိုးပွားနေ ကြောင်း သိရသည်။

" လယ်အများပါသွားတဲ့ လယ်သမားကိုလည်း ကျပ်သုံးသိန်း၊ အနည်းပါသွားတဲ့ လယ်သမားကိုလည်း ကျပ်သုံးသိန်း ဆိုတော့ အများပါသွားတဲ့ လယ်သမားတွေက နစ်နာ သွားတာပေါ့။ ဒါကြောင့် မကျေမနပ် ဖြစ်နေကြတာ ဖြစ်ပါတယ်" ဟု သူက ပြောသည်။

တခြား ပျားတဲကျေးရွာမှ ရွာသား တစ်ဦးကလည်း သူတို့ မကျေမနပ် ဖြစ်နေကြကြောင်းကို ယခုလို ပြောသည်။

"ကျွန်တော်တို့ရွာသားတွေကတော့ လယ်မြေတွေ ဆုံးရှံုးသွားရတဲ့ အတွက် မကျေမနပ် ဖြစ်နေကြတာပါ။ လျော်ကြေးရတဲ့ ကျပ် (၃) သိန်းက ဘာမှ မဖြစ်စလောက်ပါ။ မိသားစု တစ်စု တနှစ်တောင် သုံးရမှာ မဟုတ်ပါဘူး။ အဲဒီလယ်မြေတွေ ဆုံးသွားတဲ့ အတွက် အနာဂတ်မှာ ဘယ်လို လုပ်ကိုင် စားသောက်ကြမလဲ။ လယ်ကို အမှီပြုပြီး စားသောက်နေကြတဲ့ ကျွန်တော်တို့ လယ်သမားတွေ အတွက် လယ်မရှိရင် ဘာမှ မလုပ်ကိုင်နိုင်တော့ပါဘူး။ ကျွန်တော်တို့ ငွေကို မလိုပါ။ မိမိလယ်ကိုဘဲ လိုပါတယ်။ လယ်လည်း အစားမရ ဆိုတဲ့ အတွက် လယ်သမားတွေ ရှေ့ရေးကို တွေးပြီး စိတ်မကောင်း ဖြစ်နေကြပါတယ်" ဟု ပြောသည်။

ကျောက်ဖြူမြို့နယ်တွင် တည်ဆောက်နေသော ပိုက်လိုင်းကို ယခုအခါ ကျေးရွာ အတော်များများကို ဖြတ်သန်း ဖေါက်လုပ်နေသည်။ ပိုက်လိုင်းကို မလကျွန်းမှ နေပြီး ပြင်ရှည်ကျေးရွာထိ ဖေါက်လုပ်နေကာ ထိုမှ တဆင့် မင်းတပ်တောင်၊ ကမ်းကြီးကျေးရွာ၊ ထိုမှ တဆင့် ပျားတဲ၊ ကပ်ပသွယ်ရွာ၊ ကပ်ပသွယ်မှ တဆင့်ကလာဘာ တောင်၊ ထိုမှ တဆင့် မဒဲကျွန်းထိ ဖေါက်လုပ်နေကြောင်း သိရသည်။

"လယ်မြေတွေကို မြေတူးစက် (ဘော်ဒူဇာ) တွေနဲ့ ထိုးပြီး ဖောက်နေတယ် လယ်တွေက အကြီးအကျယ် ပျက်စီးနေပါတယ်။ ပိုက်လိုင်း ချမယ့်နေရာ အပြင် တခြား အနီးအနားက လယ်တွေလည်း ပျက်စီးသွားပါတယ်။ ပျက်စီးတာကတော့ အများကြီးပါဘဲ။ ပိုက်လုံးတွေက မဆက်သေးဘူး။ ပိုက်လုံးတွေကို ကံ့ကော်တောဘုရားနဲ့ ကျောက်တလုံးဘုရားအနီးမှာ တော်တော်များများ စုပုံထားပါတယ် ခင်ဗျား" ဟု ပျားတဲ ရွာသားက ပြောသည်။

အဆိုပါ လယ်သမားများအား လယ်မြေဆုံးရှံုးခ ကျပ် (၃) သိန်းစီ ထုတ်ပေးခြင်းမှှာ ကြိုတင် နစ်နာကြေး ထုတ်ပေးခြင်းသာ ဖြစ်ပြီး ဆုံးရှံုးသွားသူများကို မြေဧက အလိုက် လျော်ကြေးပေးမည် ဖြစ်ကြောင်း အဆိုပါ ဒေသမှ အုပ်ချုပ်ရေးမှူး တစ်ဦးက ပြောသည်။

သို့သော်လည်း နောက်မှ ပေးမည် ဆိုသည်ခြင်းမှာ မသေချာကြောင်း၊ နောက်ဆိုသည်မှာ အချိန်ကာ သတ်မှတ်ချက် မရှိသဖြင့် သူတို့ နောက်မှ ပေးမည်ဆိုသည်ကို ယုံကြည်၍ မရကြောင်း ကျောက်ဖြူမြို့နယ် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီမှ တာဝန်ရှိသူ ဦးသန္တာမောင်က ပြောသည်။

" နယ်တွေမှာ လူတွေက အရမ်းကို ဆင်းရဲ ကြပါတယ်။ အိမ်တောင် ကောင်းမွန်စွာ မဆောက်နိုင်တဲ့ အတွက် ဖြစ်သလို နေထိုင်နေကြရတဲ့ မိသားစုတွေ နယ်တွေမှာ အများကြီးပါ။ ကလေးတွေ ပညာ မသင်နိုင်တဲ့မိသားစု တွေလည်း တစ်ပုံကြီးပါ။ အဲသလို အခြေအနေမျိုးမှာ လယ်တွေကို အသိမ်းခံရတော့ သူတို့အနာဂတ် အတွက် ကျွန်တော် စဉ်းစားပြီး မွန်းကျပ်စွာ ခံစားရပါတယ်" ဟု ဦး သန္တာမောင်က ဆက်ပြောသည်။

ရခိုင်ပြည်နယ်မှ ထွက်ရှိသော သဘာဝဓါတ်ငွေ့အား ဗမာ အစိုးရမှ တရုတ်သို့ ပိုက်လိုင်း သွယ်တန်းကာ ရောင်းချရန် စီစဉ်နေပြီး အဆိုပါ သဘာဝ ဓါတ်ငွေ့ စီမံကိန်းကြောင့် ရခိုင်ဒေသခံများမှာ အကျိုးမခံစားရသည့် အပြင် လယ်သိမ်းခံရခြင်း၊ အိမ်များ ပြောင်းရွေ့ရခြင်း၊ သဘာဝ ပတ်ဝန်းကျင် ပျက်စီးခြင်း စသည့် ဆိုးကျိုး များနှင့် အတူ လူမူဘဝ မတည်ငြိမ်မူများနှင့် ရင်ဆိုင်နေကြရကြောင်း ဒေသအတွင်းက လာသော သတင်းများ အရ သိရသည်။

Most read this week