စစ်ဖြစ်နေသော နိုင်ငံမြောက် ပိုင်းမှ ကချင် ဘုရားကျောင်း အား မြန်မာ အစိုးရတပ် မီးရှို့

စစ်ဖြစ်နေသော နိုင်ငံမြောက် ပိုင်းမှ ကချင် ဘုရားကျောင်း အား မြန်မာ အစိုးရတပ် မီးရှို့
by -
ကချင်သတင်းဌာန

မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်တွင် ဒီဇင်ဘာ ၁၆ ရက် သောကြာနေ့ ညနေ၌ ဒိန်ဂါယန် (Dingga Yang)ရွာ ကချင်နှစ်ခြင်း ခရစ်ယာန် ဘုရားကျောင်း၏ စားဖိုဆောင်တစ်ခု ကို မြန်မာအစိုးရတပ်က မီးရှို့လိုက်သည်ဟု ထိုရွာသားများပြောသည်။

dinggapa

ပင်မဘုရားကျောင်းဆောင်သို့မီးကူးစက်ခြင်းကို ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်သားများနှင့် ရွာသားများက အချိန်မှီတားဆီးနိုင်ခဲ့သော်လည်း ထိုဘုရားကျောင်းဝန်းကျင်မှ အိမ် ၅ လုံး မှာလောင်ကျွမ်း ပြာကျသွားသည်။

ဒိန်ဂါယန်ရွာသည် မြစ်ကြီးနား-ဗန်းမော်လမ်းမ ဒေါ့ဖွမ်းယန်မြို့နယ်ခွဲ (Dawhpumyang) အနီး တောင်ဘက် ၃ မိုင်ခန့်အကွာတွင် တည်ရှိသည်။

ထိုလုပ်ရပ်အား ရှေ့တန်းမှပြန်လာကြသော ဒေ့ါဖွမ်းယန်ခြေစိုက် ခလရ ၁၄၂ နှင့် မြစ်ကြီးနားအခြေစိုက် ခလရ ၃၇ စစ်သားများက ထိုဒိန်ဂါယန်ရွာကို ဖြတ်သန်းစဉ် ပြုလုပ်ခြင်းဖြစ်သည်ဟု ဒေသခံများ ဆိုသည်။

ဒီဇင်ဘာ ၁၄ ရက် ဗုဒ္ဓဟူးနေ့ကလည်း ဒေါ့ဖွမ်းယန်မြို့ ၀န်းကျင်တွင် တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။

ယခုသတင်းပတ် အစောပိုင်းက UN အကူအညီပေးရေး ယာဉ်တန်းတစ်ခု KIO ဗဟိုဌာနချုပ် လိုင်ဇာသို့ သွားရောက်နေစဉ် မြန်မာအစိုးရတပ်က တိုက်ပွဲများ ရပ်တန့်နေသကဲ့သို့ဖြစ်နေသော်လည်း ယခုအခါ တိုက်ပွဲများ ပြန်လည် စတင်နေခြင်းဖြစ်သည်။

ဒိန်ဂါကျေးရွာအပြင်ဘက်တွင် မြန်မာအစိုးရတပ်သားရုပ်အလောင်းမြှုပ်နှံထားသည့် မြေပုံ ၁၀ ခု ကျော်ကို တွေ့ရသည်ဟု KIA အရာရှိများပြောသည်။ ထိုအထဲတွင် တိုက်ပွဲအတွင်း ကျဆုံးသွားသည့် စစ်ဗိုလ်တစ်ဦး၏ ရုပ်အလောင်းမြေပုံတစ်ခုလည်း ပါ၀င်သည််ဟုဆိုသည်။

ယခုမီးရှို့မှုကို တိုက်ပွဲများအတွင်း ကျဆုံးမှုများသဖြင့် ယခုကဲ့သို့ မြန်မာအစိုးရတပ်က ရွာသားများအပေါ် လက်တုန့်ပြန်သည့်အနေဖြင့် ပြုလုပ်ခြင်းဖြစ်နိုင်သည်ဟု ထို KIA အရာရှိပြောသည်။

၁၇ နစ်ကြာ အပစ်ခတ်ရပ်စဲရေးပျက်ပြယ်ကာ ဇွန်လစတင်လာသည့် တိုက်ပွဲများကြောင့်ကချင်လွတ်မြောက်ရေး အဖွဲ့ (KIO) အုပ်ချုုပ်ရာဒေသသို့ နေရပ်စွန့်ခွာထွက်ပြေးကြသူများ ၃၀၀၀၀ ကျော်ပြီဟု KIOဒုက္ခသည် ကယ်ဆယ်ရေး အဖွဲ့များကပြောသည်။

တိုက်ပွဲဖြစ်ပွားရာဒေသများတွင် မြန်မာအစိုးရတပ်က ဒေသခံပြည်သူများအပေါ် စစ်ရာဇဝတ်မှုများကျူးလွန် နေသည်ဟု အမေရိကန်အခြေစိုက် Physicians for Human Rights အဖွဲ့က အစီရင်ခံစာ ထုတ်ဝေထားသည်။ ယခင်လက ဖြန့်ဝေသည့် ထိုအစီရင်ခံစာ၌ မြန်မာအစိုးရတပ်၏ ကချင်ပြည်သူများအပေါ် အဓမ္မကျူးလွန်မှု၊ သတ်ဖြတ်မှုနှင့် နှိပ်စက်မှုများကို ဖော်ပြထားသည်။

Most read this week