တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များနှင့် အပစ်ရပ်ပြီး သော်လည်း အစိုးရတပ်များ အင်အားဖြည့် လှုပ်ရှားနေ

တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များနှင့် အပစ်ရပ်ပြီး သော်လည်း အစိုးရတပ်များ အင်အားဖြည့် လှုပ်ရှားနေ
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်အရှေ့ပိုင်းရှိ သျှမ်း၊ ဝ နှင့် မိုင်းလား လက်နက် ကိုင်တပ်ဖွဲ့  နှင့် မြန်မာအစိုးရ တပ်မ တော် ကြား အပစ်ရပ်သဘော တူလိုက် ပြီဖြစ် သော်လည်း သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံ ခရိုင်ကျေးလက်ဒေသ သို့ မြန်မာစစ်တပ်များ အင်အားဖြည့် လှုပ်ရှားကာ ဒေသခံများ၏ ကြက်၊ ဝက်၊ ဆန်ရေစပါး ဆင့်ယူနေ ဆဲဖြစ်ကြောင်း ကျိုင်းတုံဒေသခံများကပြောသည်။

“ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၃ ရက်နေ့ ကဘဲ ကျိုင်းတုံကနေ စစ်အင်အား ၂၀၀ ကျော် ကျိုင်းတုံ-တုံတား(တောင်ကြီး - ကျိုင်းတုံ လမ်းမပေါ်) ကားလမ်းဘေး နှစ်ဖက်က ကျေးလက်ဒေသတွေ မှာ သွားလှုပ်ရှားကြတယ်။ ၁၀၀ ကျော်က ကျိုင်းတုံ - မိုင်း ပြင်းကားလမ်း မြောက်ဖက်ခြမ်းမှာ သွားရောက်လှုပ်ရှားတယ်။ နောက်တဖွဲ့ ၁၀၀ ကျော်က ကားလမ်းတောင်ဖက်ခြမ်းမှာ သွားလှုပ်ရှားတယ်” ဟု ကျိုင်းတုံဒေသခံ အိုက်စိုင်း ကပြောသည်။
001-mongpiang-kengtung
ကျိုင်းတုံအခြေစိုက်စစ်တပ်များမှ စုပေါင်းလှုပ်ရှားကြခြင်းဖြစ်ပြီး မုံးငဲန်းဖက်တွင်မူ မိုင်းခတ်အခြေစိုက်ခမရ ၂၂၆ ၊ ၂၂၇ မှ အင်အား ၈၀ နှင့် ၁၀၀ ကြား တဖွဲ့လျင်အင်အား ၃၀ ခန့်ဖွဲ့၍ သွားရောက်လှုပ်ရှားနေကြောင်း၊  မိုင်းငဲန်း အုပ်စု နမ့်မွဲ၊ မန်ခိုင်း၊ မန်မတ်ဟင်၊ ပန်ပေါ်  ရွာသားများထံ ဆန်၊ ဆီ၊ ဆားနှင့် ကြက်၊ ဝက်၊ ဘဲများ လှည့်ပတ် ဆင့်ဆို တောင်းစားနေ ကြောင်း ဒေသ ခံများကပြောသည်။

“ ဒီကျိုင်းတုံနဲ့တုံတာကြားက ပန်မတ်မုံ၊ လွယ်ပန်ဖတ်စော၊ တုံတာ ဖက်တွေမှာလဲ သျှမ်းတောင်စစ်တပ်ရဲ့ စစ်ကြောင်း တကြောင်း  လှုပ်ရှားနေတယ်လို့သတင်းကြားရလို့ တက်လာတာတဲ့။ ရွာသားတွေကို သျှမ်းသူပုန် တွေအကြောင်း လိုက် မေးနေ တယ်။ ကျနော်တို့အထင် အပစ်ရပ်ပြီးသိပ်မကြာသေးတဲ့ သျှမ်းတောင်ကတပ်တွေ ၀ နယ်ဖက်ချဉ်းကြပ် ပူးပေါင်း မှာစိုး လို့လား မသိဘူး။ နောက်တခုက အဲ့ဖက်မှာ လှုပ်ရှားနေတဲ့ သျှမ်းတပ်တွေအားလုံး ဌာနချုပ်ဖက် ဆင်းလာအောင်လို့မြန်မာစစ်တပ်က အင်အားပြ တောချောက်နေတာလဲဖြစ်နိုင်တယ်” ဟု ၀ နယ်ရောက် ကျိုင်းတုံသား စိုင်းပန်းက ပြောပါ သည်။

၎င်းနှင့်ပတ်သက်၍ သျှမ်းပြည်တပ်မတော်ခေါင်းဆောင် ဒုဗိုလ်ချုပ်ကြီးယွက်စစ်က “ ကျနော်တို့ရဲ့ အဲ့ဒီဖက် မှာရှိတဲ့တပ် တွေကို တောင်ဖက်ပိုင်းဆင်းဖို့ တပ်ဆုတ်ဖို့ ဆိုပြီး မြန်မာစစ်တပ်က ပြောလာတာတော့ မရှိသေးဘူး။ ဒါပေမယ့် မြန်မာ့ တပ်မ တော်ရဲ့ စစ်ကြောင်းတွေ လမ်းမပေါ်ကဆင်းပြီး တောထဲဝင်မယ်ဆိုရင် ကျနော်တို့ကို အကြောင်းကြားသင့်တယ်။ ကျနော်တို့လဲ ကားလမ်းမပေါ်တက်မယ်ဆိုရင် ကြိုတင်အကြောင်း ကြားမယ်။ နို့မဟုတ်ရင် မထင်မှတ်ဘဲ ရင်ဆိုင်မှုတွေ ဖြစ်လာရင်တာဝန်ယူနိုင်မှာ မဟုတ်ဘူး” ဟု ပြောသည်။

“ အမှန်တော့ သျှမ်းတပ်ဖွဲ့ အပါအဝင် ဝ တွေ၊ မိုင်းလားတွေ အကုန်အပစ်ရပ်ပြီဘဲ။ အခုအခြေအနေက အရင်ကနဲ့ ဘာမှ မကွာဘူး။ သူပုန်သတင်းတွေဘဲလိုက်မေးနေတယ်။ စိတ်မချမ်းသာရာ မရသေးပါဘူး။ ကြောက်နေရတုန်း ပါဘဲ” - ဟု ကျိုင်းတုံရောက် တုံတာဒေသခံတဦးကလည်း ပြောပါသည်။

သျှမ်းပြည်တပ်မတော်တောင်ပိုင်းနှင့် မြန်မာအစိုးရစစ်တပ်တို့ နိုဝင်ဘာလလယ်တွင် ပထမအကြိမ် တွေ့ဆုံဆွေးနွေး ခဲ့ကြ ပြီး နှစ်ဦးနှစ်ဖက် အပစ်ရပ်ကြရန် ယခုလဆန်းက  အပစ် ရပ် ကြောင်းပစ်ခတ် တိုက်ခိုက်မှုမ ပြုဖို့ လည်း နှစ်ဘက်လုံး ညွှန်ကြားထားပြီးဖြစ်ပါသည်။

Most read this week