၂၀၁၂ နှစ်ဆန်းတွင် မီတာခ နှစ်ဆတိုးမည်

၂၀၁၂ နှစ်ဆန်းတွင် မီတာခ နှစ်ဆတိုးမည်
by -
မင်းသက်၊ ထွန်းထွန်း

လျှပ်စစ်မီတာခစျေးနှုန်းများကို ၂ဝ၁၂ ခုနှစ် နှစ်ဆန်း ပိုင်းမှစ၍ ယခင်ထက် နှစ်ဆတိုး ကောက်ခံ တော့ မည် ဖြစ်ကြောင်း အမှတ် ၂ လျှပ်စစ်စွမ်းအား ဦးစီးဌာန၊  ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အား ပေးဝေရေး အဖွဲ့က တရားဝင် သတင်းထုတ်ပြန် လိုက်သည်။

ရန်ကုန် (မဇ္ဈိမ) ။       ။ လျှပ်စစ်မီတာခစျေးနှုန်းများကို ၂ဝ၁၂ ခုနှစ် နှစ်ဆန်းပိုင်းမှစ၍ ယခင်ထက် နှစ်ဆတိုး ကောက်ခံ တော့မည် ဖြစ်ကြောင်း အမှတ် ၂ လျှပ်စစ်စွမ်းအားဦးစီးဌာန၊  ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အား ပေးဝေရေး အဖွဲ့က တရားဝင် သတင်းထုတ်ပြန်လိုက်သည်။

“လာမယ့်နှစ် ဇန်နဝါရီလမှာ အသုံးပြုတဲ့ မီတာက စတင်ပြီး ကောက်မယ်။ အများပြည်သူသုံးတဲ့ အိမ်သုံး မီတာခတွေ ကိုတော့ ၅၀ ကျပ် နှင့် စက်မှုဇုန်တွေကိုတော့ ၁၀၀ ကျပ် ကောက်မယ်။ ဒါ နေပြည်တော် ဝန်ကြီးဌာနက ပို့ထားတဲ့ စာအတိုင်းပဲ” ဟု ရန်ကုန်မြို့တော် လျှပ်စစ်ပေးဝေရေး အဖွဲ့ တာဝန်ရှိသူတဦးက မဇ္စျိမကို ပြောသည်။

၂၀၀၆ ခုနှစ်မှစ၍ အိမ်သုံးမီတာ တယူနစ် ၂၅ ကျပ်နှင့် စီးပွားရေးလုပ်ငန်းသုံး စက်မှုဇုန်များ၌ တယူနစ် ၅၀ ကျပ်နှုန်းဖြင့် သတ်မှတ်ကောက်ခံခဲ့ရာမှ ယခုအခါ ပြောင်းလဲကောက်ခံမည် ဖြစ်သည်။

အစိုးရအနေဖြင့် စီးပွားရေး ပြောင်းလဲနေပြီဟု ပြောဆိုနေကြသော်လည်း အောက်ခြေလူတန်းစား၌ ပြောင်းလဲမှု မရှိသေးသည့်အတွက် မီတာခကို နှစ်ဆ မတက်စေ လိုကြောင်း ပြည်သူများအကြား ပြောဆိုမှုများ ရှိသည်။

“ရတဲ့လစာနဲ့ ဒီမီတာခ စရိတ်တွေ အရမ်းတက်နေတော့ အဲဒါကို မကျေနပ်ကြဘူး။ တော်တော်များများ ပြောကြ တယ်။ လက်ရှိ ရှိနေတဲ့ မီတာခတောင် များနေတာ ထပ်ပြီး နှစ်ဆတက်မယ်ဆိုတော့ မဖြစ် နိုင်ဘူးလေ” ဟု
ပြည်တွင်း အခြေစိုက် စီးပွားရေးအထူးပြု ဂျာနယ်တခုမှ အကြီးတန်းသတင်းထောက်တဦးက ပြန်ပြောပြသည်။

သူက ဆက်ပြီး “နောက် မီးအားက အရမ်းပြည့်တယ်လို့ မဟုတ်ဘူး။ နွေဆိုရင် ဘယ်လိုလာဦးမလဲ မသိဘူး။ အခု မိုးတွင်းမှာမှ မီးစမှန်တာလေ။ တနှစ်ပတ်လုံး မီးပေးနိုင်လား၊ မပေးနိုင်လားအပေါ်လည်း မူတည်သေးတယ်” ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် နွေရာသီရောက်တိုင်း လျှပ်စစ်ထုတ်လုပ်မှု ကျဆင်းလေ့ရှိသည့်အတွက် အလှည့်ကျဖြင့်သာ မီးပေးနိုင်လေ့ ရှိသည်။

တနိုင်ငံလုံး အတိုင်းအတာအနေဖြင့် ၂ဝ၁ဝ ခုနှစ်အတွင်း ရေအားလျှပ်စစ်ကဏ္ဍမှ လျှပ်စစ်ယူနစ် ၅,၉ဝဝ သန်း
ကျော်နှင့် သဘာဝဓာတ်ငွေံ၊ ကျောက်မီးသွေးသုံး လျှပ်စစ်ကဏ္ဍမှ ၁,၈ဝဝ သန်းကျော် ထုတ်လုပ် နိုင်ခဲ့ကြောင်း အမှတ် ၁၊ ၂ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနများစာရင်းအရ သိရသည်။

“တိုးကောက်တာကိုပဲ မြင်လို့မရဘူး။ တခြားနိုင်ငံတွေနဲ့ စာရင် စျေးဘယ်လောက် နိမ့်နေတယ်ဆိုတာကို သိဖို့လည်း လိုတာပေါ့နော်။ အခု ဝန်ကြီးဌာနအနေနဲ့ ရှုံးနေတယ်။ ဒီအပေါ်မှာ အရှုံးးကာမိစေဖို့ပေါ့” ဟု လျှပ်စစ်ပေးဝေရေးအဖွဲ့ တာဝန်ရှိသူက ဆိုသည်။

Most read this week