စစ်တွေ- ရန်ကုန်ကားလမ်း ဦးသိန်းစိန် အစိုးရသစ် လက်ထက်တွင် ပိုမို ဆိုးရွားလာ

စစ်တွေ- ရန်ကုန်ကားလမ်း ဦးသိန်းစိန် အစိုးရသစ် လက်ထက်တွင် ပိုမို ဆိုးရွားလာ
by -
ထွန်းထွန်း

မြန်မာနိုင်ငံမှ အဆိုးရွားဆုံး အဝေးပြေးကားလမ်း တစ်ခု ဖြစ်သော စစ်တွေနှင့် ရန်ကုန် ကားလမ်းမှာ ဦးသိန်းစိန် အစိုးရတက်လာပြီးနောက်ပိုင်းတွင် ယခင်ကထက် ပိုမို ဆိုးရွားလာကြောင်းသိရှိရ သည်။

Sittwe--Yangon-highway-Bus

" လမ်းက ဒီနှစ်မှာ ပိုဆိုးသွားတယ်ဗျို့။ ကိုယ်ဝန် အရင့်အမာနဲ့ ဆိုရင် ဒီလမ်းက ကလေး အလိုလို ထွက်ကျမယ့် လမ်းလို့ ပြောရအောင်ထိ ဆိုးနေပါတယ်။ တလမ်းလုံး ပျက်နေတာပါဘဲ။ ဘယ်နေရာကိုက အကောင်း မရှိပါဘူး" ဟု ခရီးသွားသူ တစ်ဦးက ပြောသည်။

လွန်ခဲ့သော စစ်အစိုးရ လက်ထက် စစ်တွေ- ရန်ကုန် ကားလမ်းကို ဖေါက်လုပ်ပေးခဲ့သော်လည်း ယခု အချိန်ထိ ကောင်းမွန်အောင် ပြုလုပ်ပေးခြင်း မရှိသဖြင့့် ရခိုင်က လမ်းများမှာ ဗမာပြည်မဘက်မှ လမ်းများနှင့် အကွာကြီး ကွာခြားလျက် ရှိကြောင်း သိရသည်။

" ကားလမ်း ဘယ်လောက်ဆိုးသလဲဆိုရင် စစ်တွေက ရန်ကုန်ကို နှစ်ညအိပ်မှ ရောက်ပါတယ်။ လမ်းပေါ် မှာလည်း မိုးတွင်းကတည်းက တံတားတွေ ကျိုးနေတယ်။ အဲဒါကို အခုအချိန်ထိ ပြန်ပြင်မပေးသေးဘူး။ ကားပေါ်က ဆင်းသွားရတဲ့ အခါလည်း ရှိပါတယ်။ လုံးဝကို ပစ်ပယ်ထားတယ်ဆိုတာ သိသာပါတယ်" ဟု သူက ပြောသည်။

မိုးတွင်းကာလက ပျက်စီးသွားခဲ့သော စစ်တွေ- ရန်ကုန် ကားလမ်းပေါ်ရှိ ပေ ၁၀၀၀ ခန့်ရှိ ကဇူကိုင်း တံတားကိုလည်း အခုအချိန်ထိ ပြင်မပြင် ပေးသေးကြောင်း သိရသည်။

တံတားကို ပြန်မပြင်သဖြင့် ခရီးသည်များနှင့် ကားပိုင်ရှင်များ နစ်နာ ဆုံးရှုံးမှုရှိနေ ကြောင်းကို ကားဒရိုင်ဘာ တစ်ဦးကလည်း ယခုလို ပြောသည်။

"တံတားပျက်နေတဲ့ နေရာမှာ ကားတွေကို ဇက်ပေါ် တင်ပြီးကူးရပါတယ်။ ကားတစီး ကူးလို့ရှိရင် အကောက်ဂိတ် မှာ ကျပ်၂၅၀၀၀ ပေးရပါတယ်။ အဲဒါကြောင့် ကားပိုင်ရှင်တွေ အတွက် နစ်နာမှုရှိသလို ခရီးသည်တွေလည်းနစ် နာပါတယ်။ ကားခကို တိုးပြီး ကောက်ရတော့ ခရီးသည်တွေ အတွက် နစ်နာနေကြရတာပေါ့" ဟု ပြောသည်။

၎င်းပြင် ကဇူးကိုင်း တံတားပျက်နေသဖြင့် တဘက်နှင့် တဘက် ဇက်ဖြင့် ကူးရသည်မှာ ဒီရေ ရှိသည့် အချိန်တွင်သာ ကူးရပြီး ဒီရေကျချိန်တွင် ကူးမရသဖြင့် အချိန်အကြာကြီး စောင့်နေကြရကြောင်း သိရသည်။

"ကားသမားရော ခရီးသည်တွေပါ တော်တော်ဒုက္ခရောက်ကြရပါတယ်။ ဒီရေ အတက်ထိစောင့်နေကြရ တော့ ခရီးသည်တွေက အရမ်း ပင်ပန်းသလို အချိန်လည်း ကုန်ကြရပါတယ်။ ခုလို ကြောင့် ငွေကလည်းအ ကုန်ကျများ ပါတယ်။ ဒီတံတားကို ဘာလိို့ မပြင်သေးတာလည်း မသိပါဘူး။ စစ်အစိုးရ လက်ထက်က ဆိုရင် ချက်ချင်းပျက် ချက်ချင်း ပြင်ပေးတာမျိုးတွေ ရှိတယ်။ အခု အစိုးရလက်ထက်မှာတော့ ဒီအတိုင်းဘဲ ပစ်ထား ပါတယ်။ ပြည်နယ် အစိုးရ တာဝန်လား။ ဗဟို နေပြည်တော် အစိုးရ တာဝန်လားဆိုတာ ကျွန်တော်တို့လည်း မပြောနိုင်ဘူး ဗျာ" ဟု ပြောသည်။

စစ်တွေ-ရန်ကုန် ကားစရိတ်မှာ လူတဦးလျှင် ကျပ် ၂၂၀၀၀ ကနေ ၂၅၀၀၀ အထိ ရှိကြောင်း၊ သို့သော် ကားအမျိုး အစား အပေါ် မူတည်ပြီး စျေးနှုန်းများ ကွာခြားကြောင်း သိရသည်။

စစ်တွေ-ရန်ကုန် ကားလမ်းမှာ ရန်ကုန် အပါအဝင် မန္တလေ မြို့များသို့ သွားရောက်ရာတွင် အဓိက ပြည်သူများ အသုံးပြုနေသော လမ်းဖြစ်သော်လည်း ပျက်စီးသွားသော လမ်းများ တံတားများကို အစိုးရမှ ယခု အချိန်ထိ ပြန်လည် ပြုပြင် တည်ဆောက်ပေးခြင်း မရှိသဖြင့် ခရီးသွားသူများက သမ္မတဦးသိန်းစိန် အစိုးရ အပေါ် ဝေဖန် ပြောဆိုမူများ အကြီးအကျယ် ထွက်ပေါ်နေကြောင်း သိရသည်။

Most read this week