ရန်ကုန်မြို့လယ်ရှိ ကျောက်တံတားမြို့နယ်၊ မဟာဗန္ဓုလလမ်းနှင့် အနော်ရထာလမ်းထောင့် တဝိုက်ရှိ တရားမဝင် နိုင်ငံခြားငွေ အရောင်း အဝယ်လုပ်သူ ပွဲစားများသည် ယခုကာလအတွင်း အဖွဲ့လိုက် ပူးပေါင်း၍ လိမ်လည်မှုများ သိသိသာသာ လုပ်လာကြကြောင်း ယခုလအတွင်း လိမ်လည် ခံခဲ့ရသူများထံမှ သိရသည်။
ရန်ကုန် (မဇ္ဈိမ) ။ ။ ရန်ကုန်မြို့လယ်ရှိ ကျောက်တံတားမြို့နယ်၊ မဟာဗန္ဓုလလမ်းနှင့် အနော်ရထာ လမ်းထောင့်တဝိုက်ရှိ တရားမဝင် နိုင်ငံခြားငွေ အရောင်းအဝယ်လုပ်သူ ပွဲစားများသည် ယခုကာလအတွင်း အဖွဲ့လိုက် ပူးပေါင်း၍ လိမ်လည်မှုများ သိသိသာသာ လုပ်လာကြကြောင်း ယခုလအတွင်း လိမ်လည် ခံခဲ့ရသူများထံမှ သိရသည်။
ဘားလမ်းဟုခေါ်သည့် မဟာဗန္ဓုလပန်းခြံလမ်းထောင့်အနီးရှိ ဧမာနွေလ ခရစ်ယာန် ဘုရားရှိခိုးကျောင်း အနီးတဝိုက် ၌ ယခင်ကပင် တရားမဝင် နိုင်ငံခြားငွေ လဲလှယ်မှုများ ပြုလုပ်လေ့ရှိပြီး အဆိုပါ လိမ်လည်သူ အများစု လှုပ်ရှားတတ် သည့် နေရာလည်း ဖြစ်သည်။
ယင်းသို့သော လိမ်လည်မှုမျိုးမှာ ယခင်ကပင် ရှိခဲ့ဖူးသော်လည်း ယခုလပိုင်းအတွင်း ပေါ်ပေါ်တင်တင် ဖြစ်လာပြီး လိမ်လည်ခံရသူလည်း ပိုတိုးလျက်ရှိသည်။
“အဲဒီလို လိမ်တာက နှစ်ယောက်ကနေ လေး၊ ငါးယောက်လောက် စုပေါင်းလုပ်တာ။ ငွေလဲမယ့်သူ လာပြီဆိုရင် အစိုးရ ငွေလဲပေါက်စျေးထက် ပိုပြောပြီး ရောင်းဖို့ ဝိုင်းပြောကြတယ်။ ရောင်းမယ့်သူလာတော့ အတင်းဝိုင်းညှပ်ပြီး ဘယ်လောက်လဲမှာလဲပေါ့။ ဥပမာ အစိမ်းတရာ ရောင်းမယ်ဆိုရင် အစိုးရစျေးက ရ၈၅ ဆိုရင် သူတို့က ၈ဝဝ လောက်ပေးမယ်ပေါ့။ တကယ်တမ်းကျတော့ ရောင်းမယ်လည်းလုပ်ရော ရှစ်သောင်း မပြည့်တော့ပဲ ခုနှစ်သောင်းခွဲတို့၊ ခုနှစ်သောင်းနှစ်ထောင်တို့ ဖြစ်ကုန်တယ်။ ရဲလာပြီ ဖမ်းတော့မယ်ဆိုပြီး မြန်မြန် လက်ထဲကို ငွေထုတ်ထည့် ပြေးတာ” ဟု နိုဝင်ဘာ ဒုတိယပတ်အတွင်းက ငွေခုနှစ်ထောင်ခန့် လိမ်လည်ခံခဲ့ရသူတဦးက ပြောသည်။
လိမ်လည်သူများသည် ထိုအနီးတဝိုက်တွင် မယောင်မလည် ရှိနေတတ်ကာ ငွေလဲလှယ်လိုသည့်သူနှင့် တူသည်ဟု ယူဆပါက အုပ်စုလိုက်ရောက်လာကာ နိုင်ငံခြားငွေ အလဲအလှယ် လုပ်ဖို့ ရှိ၊ မရှိ စုပြုံ မေးမြန်းကြတက်လေ့ ရှိသည်။
ယင်းသို့ အုပ်စုဖွဲ့ လိမ်လည်ရာ၌ နိုင်ငံခြားသားများကိုပင် လိမ်လည်မှုများ ရှိပြီး လိမ်လည်ရာ၌ လက် လှည့်နည်း သုံး၍ ငွေရေပြကာ လိမ်လည်ခြင်းလည်း ဖြစ်သည်။ လိမ်လည်သူများမှာလက်ချောင်း များ အတွင်း ခေါက်နည်းမျိုးစုံဖြင့် အပြန်အလှန်ခေါက်ကာ ငွေရေတွက်ခြင်းအား ကျွင်းကျင်သူများဖြစ်ပြီး တဦးနှင့် တဦးလည်း ကူညီပေးတတ် သည်ဟု သိရသည်။
“တယောက်က ငွေရေနေပြီဆိုရင် ကျန်တဲ့သူတွေက လာရောင်းသူကို တခြားကိစ္စတွေနဲ့ အာရုံလွှဲတယ်။ ဥပမာ ဒီအရွက်က ဟောင်းနေပြီတို့၊ ဒီဟာလေးကို သူတို့မလို့ ယူတာတို့ ဘာတို့၊ ရဲဖမ်းမှာစိုးလို့ မြန်မြန်လုပ်ရတာဆိုပြီး ဝိုင်းပြောကြတော့ ရောင်းတဲ့သူအာရုံက ငွေရေနေတာကို မရောက်တော့ဘူး။ အဲဒီမှာ ငွေပါကုန်တာပဲ။ ကိုယ်လည်းရေနေရော သူတို့က ရဲလာပြီဆိုပြီး ပြေးကြရော” ဟုကိုယ်တွေ့ကြုံ ခဲ့ရသူက ပြန်ပြောပြသည်။
ယခင်က ရန်ကုန်မြို့တွင် တရားဝင် နိုင်ငံခြားငွေ လဲလှယ်ရေး ကောင်တာများ မရှိသဖြင့်ထိုနေရာများ တွင်သာငွေလဲလှယ်ကြလေ့ရှိပြီး အများအားဖြင့် အမေရိကန်နှင့် စင်္ကာပူဒေါ်လာများကို အများဆုံး အရောင်းအဝယ် ပြုလုပ်လေ့ ရှိသည်။
သို့သော် ယခုအခါ တရားဝင်ငွေ လဲလှယ်ကောင်တာများ ဖွင့်လှစ်ထားသည့်အတွက် လာရောက် လဲလှယ်သူ နည်းပါးမည်ဟု ယူဆရဖွယ်ရှိသော်လည်း ငွေလဲလှယ်သူများနှင့် စည်ကားဆဲဖြစ်သည်ဟု လိမ်လည်ခံခဲ့ရသူထံမှ သိရသည်။
အစိုးရငွေလဲလှယ်ကောင်တာများ ရှိသော်လည်း နိုင်ငံခြားငွေများကို စစ်ဆေးလွန်းပြီး အစွန်းအထင်း အနည်းငယ် ပါပါက လက်မခံသည့်အတွက် လဲလှယ်လိုသူများ အခက်တွေ့ကာ ပြင်ပရှိ တရားမဝင် ငွေလဲပေးသည့် ပွဲစားများထံရောက်ရှိရခြင်း ဖြစ်ကြောင်း ယခုအပတ်ထုတ် မြန်မာတိုင်းမ်ဂျာနယ်၏ အယ်ဒီတာ့ထံပေးစာ၌ တိုင်တန်းထားသည်။
ကျပ် ခုနှစ်ထောင်ခန့် လိမ်လည်ခံရသူမှာ ပမာဏာ အနည်းဆုံးဟု ဆိုနိုင်ပြီး ယင်းထက်ပိုကာ ကျပ်သောင်းနှင့်ချီ အလိမ်ခံရသူများလည်း ရှိကြောင်း ယင်းအယ်ဒီတာထံပေးစာတွင် ပါရှိသည်။
တရားဝင်ငွေ လဲလှယ်ရေး ကောင်တာများ၌ ရောင်းချလိုသူများမှာ မှတ်ပုံတင်အပြင် ယင်းငွေရရှိသည့် အထောက်အထားကိုပါ မဖြစ်မနေ ပြသရခြင်းကြောင့် ငွေလဲလှယ်သူများ အခက်အခဲတွေနေခြင်းသည် အဓိက ပြဿနာဖြစ်ကြောင်း ပုံမှန် ငွေလဲလှယ််နေသူများက မဇ္စျိမကို ပြောသည်။
အုပ်စုဖွဲ့ လှုပ်ရှားသူများမှာ တနေ့လျှင် အနည်းဆုံး နှစ်ဦး၊ သုံးဦးခန့်အား လိမ်လည်ပြီးပါကပျောက် ကွယ်သွားလေ့ ရှိသည့်အတွက် မှန်ကန်စွာ လုပ်ကိုင်နေသူ ငွေလဲလှယ်ရေးသမားများမှာ ထိခိုက်မှုများ ရှိနေကြသည်။
“အကောင်းဆုံးကတော့ အစိုးရကောင်တာတွေမှာ တင်းကျပ်လွန်းတဲ့ အချက်တွေကို ဖြေလျော့ပေးမယ် ဆိုရင်တော့ အကောင်းဆုံးပေါ့။ ဒီလိုအလိမ်မခံရအောင်လည်း ပွဲစားတွေကို ထိိထိရောက်ရောက် နှိမ်နင်းသင့်တယ်” ဟု ရန်ကုန်မြို့ခံဦးက ဆိုသည်။