မိမိနယ်မြေထဲ မြန်မာလက် နက်ကြီးကျသော်လည်း တရုတ် နှုတ်ဆိတ်နေ

မိမိနယ်မြေထဲ မြန်မာလက် နက်ကြီးကျသော်လည်း တရုတ် နှုတ်ဆိတ်နေ
by -
ကချင်သတင်းဌာန

မြန်မာအစိုးရတပ်၏ လက်နက်ကြီးကျည်များ ဒီဇင်ဘာလ ၁၂ ရက်က တရုတ်နယ်ပိုင်နက်ထဲသို့ ကျရောက်သော်လည်း တရုတ်အစိုးရက အများသိ ထုတ်ပြန်ခြင်းမရှိ နှုတ်ဆိတ်နေသည်။

hkaya-dec14

၎င်းမှာ နယ်စပ်ရှိ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်စခန်းအား မြန်မာအစိုးရတပ်က လက်နက်ကြီးဖြင့် ချိန်ရွယ်ပစ်ခတ်စဉ် လွှဲချော်သွားခြင်းကြောင့်ဖြစ်သည်ဟု KIA အရာရှိများပြောသည်။

ထိုနေ့တွင် မြန်မာအစိုးရတပ်၏ ၁၂၀ မမ အမြောက်ကျည် ၆ ခု သည် လုံချွမ်ခရိုင်၊ မန်ဘွမ်ဒေသတွင် ကျရောက်ပေါက်ကွဲသော်လည်း လူ သေကြေဒဏ်ရာရမှု မရှိဟု မျက်မြင်များပြောသည်။

လုံချွမ်ခရိုင်(Longchuan County) သည် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ဒေဟောင် ရှမ်းနှင့်ကချင် ပိုင်နက်ဒေသ (Dehong Dai and Jingpo Autonomous Prefecture) မှ ဖြစ်သည်။

ဗန်းမော်-လွယ်ဂျယ်လမ်း စိန်လုံဘွမ်(Sinlum Bum)တွင် ခြေကုပ်ယူထားသည့် မြန်မာအစိုးရတပ်က ထိုသို့ ပစ်ခတ်ခြင်းဖြစ်သည်ဟု KIA ရှေ့တန်းသတင်းရပ်ကွက်က ပြောသည်။

ထိုနယ်စပ်တစ်လျှောက် ခိုင်ဘန် (Hkai Bang)နှင့် မုဘွမ် (Mu Bum) အနီးမှ KIA တပ်များကို မောင်းထုတ်ရန်အတွက် မြန်မာအစိုးရတပ်က ရက်သတ္တပတ်လုံး လက်နက်ကြီးတရစပ်ပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်ဟု KIA အရာရှိများပြောသည်။

တရုတ်နယ်မြေထဲ မြန်မာလက်နက်ကြီးကျည်ကျပြီးနောက်တစ်နေ့ တရုတ်စစ်တပ်အရာရှိများ ထိုနေရာသို့ လာရောက် စုံစမ်းစစ်ဆေးသည်ကိုတွေ့ရသည်ဟု မျက်မြင်များပြောသည်။

ဇွန်လကစတင်သည့် နှစ်ဖက်တိုက်ပွဲများအတွင်း တရုတ်နယ်မြေထဲ မြန်မာအစိုးရတပ်၏ လက်နက်ကြီး ကျည် ဒုတိယအကြိမ်မြောက် ကျရောက်ပေါက်ကွဲခြင်းဖြစ်သည်။
bombborder

ပထမအကြိမ် တိုက်ပွဲစတင်ပြီး တစ်လအကြာ ဇူလိုင် ၉ ရက်တွင် တရုတ်နယ်စပ်ရှိ ပဒန်ကောင် (Padang Kawng) KIA တပ်စခန်းသို့ ချိန်ရွယ်ပစ်ခတ်သော လက်နက်ကြီးကျည် ၆ ခုအနက် ၄ ခုသည်တရုတ်ပိုင် နက်ထဲ ကျရောက်ခဲ့ပြီးပြီဟု KIA အရာရှိများပြောသည်။

ထိုပစ်ခတ်မှုကို ယခင် KIA ဌာနချုပ်ဖြစ်သည့် နဖော့ဘွမ် (Nahpaw Bum) တောင်ပေါ်ရှိမြန်မာအစိုးရ တပ်က လုပ်ဆောင်သည်ဟု ဆိုသည်။

ဇူလိုင်လ မှားယွင်းမှုကို တရုတ်အစိုးရက အများသိ တုန့်ပြန်ပြောဆိုခြင်းမတွေ့ရသော်လည်း ထိုအဖြစ်အပျက်အတွက် အစိုးရချင်း လျှို့ဝှက် ဖြေရှင်းမှုရှိခဲ့သည်ဟု ဒေသခံများဆိုသည်။

ယခင်လက တရုတ် စစ်ကော်မရှင် ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး Xu Caihou က မြန်မာအစိုးရ ကာကွယ်ရေးဌာန စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် နှင့် ပီကင်းမြို့တွင် တွေ့ဆုံစဉ် နှစ်နိုင်ငံကြား ခိုင်မာသော စစ်ရေးပူးပေါင်း ဆက်နွှယ်မှုရှိကြောင်းကို တရုတ်အစိုးရပိုင် ရှင်ဟွာသတင်းတွင် ဖော်ပြသည်။ တဖက်တွင် မြန်မာအစိုးရ၏ ထိုးစစ်ကိုရှောင်ရှားရန် ကချင်စစ်ပြေးဒုက္ခသည် ထောင်ချီ တရုတ်နိုင်ငံထဲ ၀င်ရောက်နေသည်။

တချိန်ထဲတွင် တရုတ်စစ်ဘက်အရာရှိများနှင့် နယ်စပ်အာဏာပိုင်များက ၎င်းတို့နိုင်ငံရောက် နယ်စပ် ဒုက္ခသည် ရ၀၀၀ ကျော်ကို မြန်မာအစိုးရတပ်ထိုးစစ်ဆင်နေသည့် KIA တပ်မဟာ ၃ ဒေသအတွင်းရှိ ၎င်းတို့နေရပ်ရင်းသို့ ပြန်ရန် လုပ်ဆောင်နေသည်။

ယခုနှစ် ဇန်နဝါရီနှင့် ဖေဖော်ဝါရီလများတွင်လည်း တိုးတက်သောကရင်ဗုဒ္ဓဘာသာတပ်ဖွဲ့ (DKBA) ခွဲထွက် ဗိုလ်မှူးချုပ်နှုတ်ခမ်းမွှေးအဖွဲ့အား မြန်မာအစိုးရတပ်က ထိုးစစ်ဆင်စဉ် ပစ်ခတ်လိုက်သည့်လက်နက်ကြီး ကျည်များ ထိုင်းနိုင်ငံ မဲဆောက်မြို့ထဲ ကျရောက်ပေါက်ကွဲခဲ့သည်။

ထိုလက်နက်ကြီးပေါက်ကွဲမှုများကြောင့် လူသေဆုံးမှုကို မသိရသော်လည်း ကရင်ဒုက္ခသည်ကလေးငယ် တစ်ဦးအပါအဝင် လူ နှစ်ဦး ဒဏ်ရာရရှိခဲ့သည်။

Most read this week