ကချင်တွင် ထိုးစစ်ရပ်ရန် ကာချုပ်ကို သမ္မတ ညွှန်ကြားထား

ကချင်တွင် ထိုးစစ်ရပ်ရန် ကာချုပ်ကို သမ္မတ ညွှန်ကြားထား
by -
ဖနိဒါ

ကချင်ပြည်နယ်အတွင်း အစိုးရတပ်များ ထိုးစစ်ဆင်ခြင်း ရပ်ဆိုင်းထားရန်အတွက် သမ္မတ ဦးသိန်းစိန်က ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ထံ ဒီဇင်ဘာလ ၁၀ ရက်နေ့က ညွန်ကြားစာ ပို့ထားကြောင်းသိရ သည်။

ချင်းမိုင်(မဇ္စျိမ) ။       ။ ကချင်ပြည်နယ်အတွင်း အစိုးရတပ်များ ထိုးစစ်ဆင်ခြင်း ရပ်ဆိုင်းထားရန်အတွက် သမ္မတ ဦးသိန်းစိန်က ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ထံ ဒီဇင်ဘာလ ၁၀ ရက်နေ့က ညွန်ကြားစာ ပို့ထားကြောင်း သိရသည်။

ကချင် စစ်ပြေးရှောင် ဒုက္ခသည်များအတွက် ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်များက ပထမဆုံး အကြိမ်ငွေကျပ် သိန်း ရ၀၀ နှင့် အဝတ်အထည်များ ပေးအပ်ပွဲနှင့် သတင်းစာ ရှင်းလင်းပွဲကို တနင်္လာနေ့က ပြုလုပ်ရာ၌ ၎င်းစာအား ကချင်ပြည်နယ် ဝန်ကြီးချုပ်  ဦးလဂျွန်ငံဆိုင်းက ဖတ်ပြခဲ့ခြင်း ဖြစ်သည်။

“ကယ်ဆယ်ရေး အလှူငွေ ပေးအပ်ပွဲလုပ်ရင်းနဲ့ ဂျာနယ်သတင်းထောက်တွေကို ရှင်းလင်းပွဲ လုပ်ပါတယ်။ အဓိကတော့ တပ်ထိုးစစ်မဆင်ဖို့၊ ခုခံတိုက်ခိုက်ရုံမှလွဲပြီးမှ စစ်ကြောင်းမထိုးဖို့၊ သွားပြီးတော့မှ မတိုက်ဖို့ဆိုတဲ့ စာဖတ်ပြ တာပါ”ဟု ဝန်ကြီးချုပ်နှင့် နီးစပ်သူ တဦးက မဇ္စျိမကို ပြောသည်။

အဆိုပါ သတင်းစာ ရှင်းလင်းပွဲကို မြစ်ကြီးနားမြို့ရှိ မြို့တော်ခန်းမတွင် ပြုလုပ်ခြင်းဖြစ်ကာ  နံနက် ၈ နာရီမှ စတင်ခဲ့ခြင်းဖြစ်သည်။ ယင်းပွဲကို ပြည်နယ်နယ်ဝန်ကြီးများ၊ အစိုးရဌာနဆိုင်ရာဝန်များများ၊ နိုင်ငံရေးပါတီ များ၊ ဘာသာရေးခေါင်းဆောင်များ၊ ရပ်မိရပ်ဖများ၊ သတင်းထောက်များအပါအဝင် စုစုပေါင်း လူ ၆ဝဝ ကျော် တက်ရောက်ခဲ့သည်။

“ကချင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ဖို့အတွက် ဦးစီးဦးဆောင်တွေ အလုပ်လုပ်နေတာ ဖြစ်တယ်။  အချင်းချင်း အထင်မှားအမြင်မှားမဖြစ်ဖို့” ဟု အခမ်းအနား တက်ရောက်သူမြစ်ကြီးနားမြို့ ခံတဦးက ဆိုသည်။

ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ကမူ အဆိုပါညွန်ကြားစာနှင့်ပတ်သက်၍ တရားဝင် မသိရသေးကြောင်းနှင့် အစိုးရဘက်မှ ဆက်လက် ထိုးစစ်ဆင်နေပြီး  ယနေ့ထိ တိုက်ပွဲများဖြစ်ပွားနေသည်ဟု ဆိုသည်။

“ဒီနေ့ထိ တိုက်ပွဲဖြစ်နေတုန်းဘဲ။ အခု တပ်အင်အားတွေ ထပ်တိုးချဲ့မယ့် အစီအစဉ်တွေလည်း ရှိနေသေးတယ်။ မနက်ဖြန်လည်း စောင့်ကြည့်ရမယ်။ ဒါပေမယ့် သူတို့ အစိုးရတပ် ကျနော်တို့ နယ်မြေထဲမှာ ဝင်ရောက်နေတယ် ဆိုရင်လည်း မရဘူး။ ကျနော်တို့က လုပ်သင့်တာ ဆက်လုပ်ရမှာပဲ” ဟု KIO ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က မဇ္စျိမကို ပြောသည်။

မိုးမောက်မြို့နယ် KIA တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်း ၁၅ နယ်မြေအတွင်း ယနေ့ထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်သည်ဟု KIO စစ်ဘက်သတင်းများအရ သိရသည်။

အလားတူ ရှမ်းပြည်နယ်မြောက်ပိုင်း တပ်မဟာ ၄ နယ်မြေ ကွတ်ခိုင်မြို့နယ်အတွင်းတွင်လည်း ယခုလ ၁ဝ ရက်နေ့မှ စတင်၍ KIA ၏ တပ်ရင်း ၉ နယ်မြေအတွင်းသို့ အစိုးရတပ်များ ယနေ့ထိဝင်ရောက်လာနေဆဲဖြစ် သည်ဟုလည်း သိရသည်။

“ကွတ်ခိုင်နယ် ဟူးဖြတ်ဒေသဘက်မှာ လက်နက်အပြည့်ပါလာတဲ့ လားတွေနဲ့ စစ်သား ၁ဝဝ ကျော် တနေ့ကနေ ကျနော်တို့ ရင်း ၉ နယ်ဘက်ကို ဝင်လာနေတာဘဲ။ သမ္မတက စာပို့တယ်ဆိုရင်လည်း ဒီနေ့ ၁၂ ရက်လေ။ စစ်ရေး လှုပ်ရှားမှုက လုံးဝ မရပ်သေးဘူး။ ထိုးစစ်ဆင်နေတဲ့ တပ်တွေဆုတ်တာ မရှိသေးဘူး။ အစိုးရက အမြဲတမ်း လိမ်နေတော့ ပြောတာနဲ့လုပ်တာ တခြားစီပဲ”ဟု တပ်မဟာ ၄ တာဝန်ခံ ဗိုလ်မှူးကြီး ဇော်ရော်က မဇ္စျိမကို ပြောသည်။