ကန်ပိုင်တီ တရုတ်နယ်စပ်မှ ကချင်ဒုက္ခသည်များ အကူ အညီ အရေးပေါ်လိုအပ်

ကန်ပိုင်တီ တရုတ်နယ်စပ်မှ ကချင်ဒုက္ခသည်များ အကူ အညီ အရေးပေါ်လိုအပ်
by -
ကချင်သတင်းဌာန

ကချင်ပြည်နယ် အရှေ့ဘက် တရုတ်နယ်စပ် တစ်လျှောက် ကန်ပိုင်တီနှင့် ဒဘက်ချောင်းကြား နယ်ခြားမှတ်တိုင် ၅ နှင့် ၁၄ ကြားရှိ ဒုက္ခသည် ၄၅၀၀ ကျော်သည် အစားအစာ၊ ရေနှင့် ဆေးဝါး အကူအညီများ အရေးပေါ် လိုအပ်နေကြောင်း ဒုက္ခသည်များပြောသည်။

“မြစ်ကြီးနားမြို့ ဗန်းမော်ဘက်တော့ အဆင်ပြေတယ်လို့ကြားတယ်။ ကျွန်တော်တို့ကတော့ ချောင်မှာ ဆိုတော့ ဒီကနေထပ်ပြေးဖို့လည်းမရှိတော့၊ ခုလောလောဆယ်က စောင့်နေရုံပဲရှိတယ်။ ဆန်ကတော့ ရှန်လောတ် (KIO)တွေကပေးနေတာ၊ ဆန်တမျိုးထဲကိုတော့ အချိန်မှီ စားနိုင်အောင်စီစဉ်ပေးတယ်။ ကျန်တာကတော့ ကိုယ့်အစီအစဉ်နဲ့ကိုယ် ရှာစားတယ်။ ကျွန်တော်တို့က ဆရာတွေဆိုတော့ ကျွေးတာနဲ့ အသက်ဆက် ရှင်သန်နေကြတယ်။” ဟု နယ်ခြားမှတ်တိုင် ၁၃နှင့် ၁၄ ကြားရောက်ရှိနေသူခရစ်ယာန် ဓမ္မဆရာတစ်ဦးပြော သည်။
sadung_refugee
နယ်ခြားမှတ်တိုင် ၅ နှင့် ၆ ကြားတွင် ဒုက္ခသည် ၁၀၀ ကျော်၊ နယ်ခြားမှတ်တိုင် ရ နှင့် ၈ ကြားတွင် ဒုက္ခသည် ၆၀၀ ကျော်၊ နယ်ခြားမှတ်တိုင် ၁၀ တွင် ဒုက္ခသည် ၁၀၀၀ ကျော်နှင့် နယ်ခြားမှတ်တိုင် ၁၃ နှင့် ၁၄ ကြားတွင် ဒုက္ခသည် ၂၆၀၀ ကျော် ရှိသည်ဟု သိရသည်။

၀ုိင်းမော်မြို့နယ်အတွင်းမှ ထိုဒုက္ခသည် ပေါင်း ၄၅၀၀ ကျော်သည် နို၀င်ဘာလဆန်းပိုင်းမှ ထိုနေရာသို့ ရောက်ရှိ၍ ယခုချိန်ထိ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) က ထောက်ပံ့သောဆန် (လူတဦးလျှင်တနေ့ ဆန်နို့ဆီ ၂ ဗူးနှုန်း)ကို အဓိက မှီခိုနေရသည်ဟု ဆိုသည်။

“အာလူးတောင်မစားနိုင်တော့ဘူး၊ အသားကတော့မပြောနဲ့တော့။ ကြာလာရင်တော့ ဒုက္ခရောက်ဖို့ပဲ။ ဘာမှ စိုက်ပျိုးလို့မရဘူး။ ခဏတဖြုတ်တော့ နေလို့ရတယ်။” ဟု ဆက်ဆိုသည်။

ထိုနယ်စပ် စခန်း ၄ ခုသည် တခုနှင့် တခုကြားတောင်ပေါ်ခရီးကို ဆိုင်ကယ်ဖြင့်သွားလျင် ၄ နာရီကြာ၍ မြောက်ဘက်အကျဆုံး မှတ်တိုင် ၅ နှင့် ၆ ကြားရှိစခန်းသည် အအေးဆုံးနှင့် စားဝတ်နေရေးအခက်ဆုံးဖြစ် သည်ဟု ပြောသည်။

“NGO တွေလာဖို့ရှိမယ်လို့တော့ထင်တယ်။ ကျွန်တော်တို့ ရောက်တာတော့ တလရှိပြီ။လာရောက်လည်ပတ် ပြီးခွန်အားပေးကြပါ” ဟု  မှတ်တိုင် ၁၃ နှင့် ၁၄ ကြား ရောက်ရှိနေသူ ဆရာတဦးပြောသည်။

တရုတ်နိုင်ငံတွင် နေထိုင်သည့်ကချင်လူမျိုးများ လာရောက်လှူဒါန်းမှု အချို့ရှိသည်သော်လည်းနိုင်ငံတကာ အဖွဲ့အစည်းများမှ အကူအညီမရရှိဟု သိရသည်။

ထိုဒုက္ခသည်စခန်းများအတွက် တစ်ခုတည်းသောဆေးပေးခန်းမှာ ဇိုင်းအောင်စခန်းအနီး မုန်ဂါဇွပ်ရှိ ကချင်နှစ်ခြင်းခရစ်ယာန်အသင်းချုပ်မှ ဖွဲ့လှစ်ထားသောဆေးခန်းငယ်တစ်ခုဖြစ်ပြီး ကိရိယာတန်ဆာပလာ မပြည့်စုံဘဲ ဆေးဝါးများသည် စားပွဲခုံတလုံးပေါ်တွင် တင်ထားသမျှသာဖြစ်သည်ဟု ဆိုသည်။

“အဆင်မပြေတဲ့နေရာမှာ ဒုတိယလိုက်တာက သောက်ရေ၊ ရေက အောက်ဘက်မှာ သေးသေးလေး။ လူက ရာချီပြီးခပ်သောက်၊ အဲမှာ အချင်းချင်းပြန်တိုး၊ တိုက်ကြ။  ရေတခါ ခပ်နိုင်ဖို့အရေး နာရီိပိုင်းနဲ့စောင့်ရတာ။” ဟု သောက်ရေသုံးရေ အခက်အခဲကို ဇိုင်းအောင်စခန်းမှ ကချင်သတင်းဌာနသို့ ပြောသည်။

ယခုချိန် ထိုဒုက္ခသည်စခန်းများသို့ ၀ိုင်းမော်မြို့နယ်အတွင်းမှ နေရပ်စွန့်ခွာထွက်ပြေးလာကြသူများရောက် လာ နေကြဆဲဖြစ်သည်ဟု ဆိုသည်။

ရှမ်းပြည်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်တွင် ၆ လကျော်ကြာ မြန်မာအစိုးရတပ်နှင့် KIO ကြားတိုက်ပွဲများ ကြောင့် နေရပ်စွန့်ခွာထွက်ပြေးကြသူများ ၅၀၀၀၀ ကျော်ပြီဟု WPN မှ ပြောသည်။

Most read this week