ALP အဖွဲ့ဝင် တစ်ဦး လက်နက် ၆ လက်နှင့် အတူ အဖမ်းခံရကြောင်း ဘင်္ဂလာဒေချ့် သတင်းစာတွင် ဖေါ်ပြ

ALP အဖွဲ့ဝင် တစ်ဦး လက်နက် ၆ လက်နှင့် အတူ အဖမ်းခံရကြောင်း ဘင်္ဂလာဒေချ့် သတင်းစာတွင် ဖေါ်ပြ
by -
နိရဥ္စရာ

ဒီဇင်္ဘာလ ၈ ရက်နေ့က ဘင်္ဂလာဒေချ့်နိုင်ငံ စစ်တကောင်းတောင်တန်းနယ် တောင်ပိုင်းတွင် လက်နက် ၆ လက်နှင့် အတူ ဖမ်းဆီးခံခဲ့ရသူမှာ ရခိုင်ပြည် လွှတ်မြောက်ရေး ပါတီ ( ALP) အဖွဲ့ဝင် တစ်ဦး ဖြစ်ကြောင်း ဘင်္ဂလာဒေချ့် အာဏာ ပိုင်များကို ကိုးကားပြီး ယနေ့ထုတ် ထိပ်တန်း သတင်းစာ တစ်စောင် ဖြစ်သော The Independent ၏ သတင်း တပုဒ်တွင်ဖေါ်ပြ သည်။

Arrested-ALP-member
ဖမ်းဆီးခံရသူမှာ သာစိန်မောင် (၄၀ နှစ်) ဖြစ်ပြီး သတင်းစာက သူ့နာမည်ကို Chasing Mong ဟု ဖေါ်ပြသည်။

သတင်းစာက စစ်တကောင်းတောင်တန်းနယ် ဘင်ဒရိုင်ဘင် ခရိုင် ဘော််လီစျေး အခြေစိုက် ဘင်္ဂလာဒေချ့် နယ်ခြားစောင့်တပ်ဖွဲ့ BGB မှ တပ်မှူး ဗိုလ်မှူးကြီး နုရ် မိုမိန်း ဦးဆောင် တပ်ဖွဲ့ တစ်ဖွဲ့မှ တန်းဆိပ်မြို့နယ် ရင်ရွေးကြီးကျေးရွာအား ၀င်ရောက် စီးနှင်းစဉ် သာစိန်မောင်အား လက်နက် (၆) လက်နှင့် အတူ ဖမ်းဆီးရမိကြောင်း ရေးသား ဖေါ်ပြသည်။

ရင်ရွေးကြီးရွာမှာ မြန်မာ နယ်စပ်အနီးရှိ သိန်းကမ္ဘာ ချောင်းထဲတွင် တည်ရှိသော ကျေးရွာ ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ ဖမ်းဆီးခံရသူမှာ ALP ပါတီမှ မဟုတ်ကြောင်း ပါတီ တာဝန်ရှိသူ တစ်ဦးက ငြင်းဆိုသည်။

" ကျွန်တော်တို့ တပ်က ခုလောလောဆယ်မှာ အေးဒီ ဒေသဘက်မှာ မရှိပါဘူး။ အကုန်လုံး ဒီဘက် (အိန္ဒိယ နယ်စပ်) ဘက်ကို ရွှေ့ထားပါတယ်။ သူတို့က သက်သက် ALP ပါတီကို နာမည် တပ်တာပါ" ဟု တွဲဘက် အတွင်းရေးမှူး (၂) ခို်င်သုခမှ နိရဥ္စရာသို့ ပြောသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ဒေသခံများအား မေးမြန်းရာ ဖမ်းဆီးခံရသူ သာစိန်မောင်မှာ ရခိုင်ပြည်သား ဖြစ်ကြောင်း၊ ယခင်က ALP ပါတီတွင် လုပ်ကိုင်ဖူးသူ ဖြစ်ကြောင်း ပြောဆိုသည်။

ဖမ်းဆီးရမိသော သေနတ်များမှာလည်း လုပ်သေနတ်များသာ ဖြစ်ပြီး အာဏာပိုင်များ ဖေါ်ပြသကဲ့သို့ အရေအတွက်မှာ (၆)လက်ထိ မများကြောင်း ဒေသခံများက ပြောသည်။

Most read this week