ရခိုင်ပြည်သူများ၏ တောင်းဆိုချက် လိုက်လျော့ရန် ဒေဝူးကုမ္ပဏီကို AOW တိုက်တွန်း

ရခိုင်ပြည်သူများ၏ တောင်းဆိုချက် လိုက်လျော့ရန် ဒေဝူးကုမ္ပဏီကို AOW တိုက်တွန်း
by -
တာကလူး

ရခိုင်ပြည်နယ်ရှိ ရွှေဂက်(စ်)စီမံကိန်းမှ ၂၄-နာရီ လျှပ်စစ်မီးရရှိရေးအတွက် ဒေသခံပြည်သူများ၏ တောင်းဆိုချက်အပေါ် စီမံကိန်းတွင် အဓိက ဦးဆောင်လုပ်ကိုင်နေသည့်ဒေဝူးကုမ္ပဏီ အနေဖြင့်လိုက်လျော့လုပ်ဆောင်ပေး ရန်လိုအပ် ကြောင်း ရခိုင့်ရေနံစောင့်ကြည့်ရေးအဖွဲ့မှ ယနေ့တွင် တိုက်တွန်း တောင်းဆိုလိုက်သည်။

Shwe-gas-Pipelines

ရခိုင်ကမ်းလွန်ပြင်ရှိ ရွှေဂက်စ်စီမံကိန်းမှထုတ်လုပ်မည့် သဘာဝဓါတ်ငွေ့များကို တရုတ်နိုင်ငံသို့ နှစ်နိုင်ငံ သဘောညီချက်ဖြင့် ရောင်းချထားပြီ ဖြစ်ပြီး၊ ရခိုင်ပြည်နယ်အတွက် အသုံးပြုမည့် အစီအစဉ်မရှိကြောင်း မြန်မာ့ စွမ်းအင်ဝန်ကြီး ဦးသန်းဌေးက အမျိုးသားပါလီမန်တွင် များမကြာမှီကထုတ်ဖေါ်ပြောကြားခဲ့ခြင်း ကြောင့် ၄င်းစီမံကိန်း အပေါ် ရခိုင်ဒေသခံပြည်သူများအကြား မကျေနပ်မှုများ တိုးပွါးလျက်ရှိနေကြသည်။

ထိုမကျေနပ်မှုများကြောင့် ရခိုင်ဒေသခံပြည်သူများက “ငါတို့ရွှေဂက်(စ်)ကိုငါတို့သုံး ခွင့်ရှိရမည်၊ အခုချက်ချင်း ၂၄ နာရီမီးပေးပါ” ဟု ရခိုင်ပြည်နယ်အနှံ့တွင် တောင်းဆိုလှုပ်ရှားလာနေကြသည်။

ထို့သို့ ဒေသခံပြည်သူများ၏ တောင်းဆိုချက်များအပေါ် ရွှေဂက်စ်စီမံကိန်းကို ဦးဆောင် လုပ်ကိုင် နေသည့် ဒေဝူးကုမ္ပဏီအနေဖြင့် အရေးတယူ လိုက်နာဆောင်ရွက်ပေးရန် လိုအပ်ကြောင်းရခိုင့်ရေနံစောင့်ကြည့်ရေး အဖွဲ့ မှ အမှုဆောင်ဒါရိုက်တာ ကျော်ခိုင် ကပြောသည်။

"ဒီရွှေဂက်(စ်)စီမံကိန်း ကို ရခိုင်ပြည်သူတွေ ပိုင်တယ်။ ဒီရွှေဂက်(စ်)စီမံကိန်း ကရရှိတဲ့ အကျိုး အမြတ်ကို ရခိုင်ပြည်သူတွေ ခံစားပိုင်ခွင့်ရှိရမယ်။ ဒေသခံပြည် သူတွေတောင်းဆိုနေတဲ့ ရွှေဂက်(စ်) စီမံကိန်းက ၂၄ နာရီလျှပ်စစ်မီးရရှိရေး တောင်ဆိုချက်ကို လိုက်နာဆောင်ရွက်ပေးရေးဟာ ဒေဝူး ဦးဆောင်တဲ့ကုမ္ပဏီတွေ အတွက် အင်မတန်မှ အရေးကြီးပါတယ်။ ဒါကို သူတို့ မလုပ်ပေးနိုင်ဘူး ဆိုရင် သူတို့ကုမ္ပဏီတွေမြန်မာပြည် ကထွက်ခွာ သွားသင့်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့ရဲ့ရင်းနှီးမြှတ်နှံမှု စီမံကိန်းတွေဟာပြည်သူတွေ အတွက် အကျိုးအမြတ် မဖြစ်ဘဲ နစ်နာဆုံရှုံးမှုတွေသာ ဖြစ်နေလို့ပါပဲ" ဟု ကျော်ခိုင်က ပြောသည်။

ရွှေဂက်စ်စီမံကိန်း ကြောင့် ရခိုင်ပြည်နယ်၌ လူ့အခွင့်အရေးချိုးဖေါ်က်မှုများ နှင့်သဘာဝ ပတ်ဝန်း ကျင်ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်နေပြီး၊ အထူးသဖြင့် စီမံကိန်းကြောင့် တံငါသည်များနှင့် တောင်သူ လယ်သမားများ၏ လူမှုဘဝ အခြေအနေများပျက်စီးဆုံးရှုံးလျက်ရှိနေသည်ဟု သူက ဆက်ပြောသည်။

ရွှေဂတ်စ်စီမံကိန်းတွင် ဒေဝူးကုမ္ပဏီမှ အများဆုံး ရင်းနှီးမြုပ်နှံထားပြီး၊ အဓိက ဦးဆောင် လုပ်ကိုင်နေခြင်းဖြစ်သည်။ စီမံကိန်း၏ အစုရှယ်ယာ ၅၁%ကို ဒေဝူးက ပိုင်ဆိုင်ထားပြီး၊ ကိုရီးယားနိုင်ငံပိုင် KOGAS ကုမ္ပဏီက ၈% ၊အိန္ဒိယနိုင်ငံ ONGC ကုမ္ပဏီက ၁၇% ၊အိန္ဒိယနိုင်ငံ GAIL ကုမ္ပဏီက ၉%၊ နှင့် မြန်မာစ်အစိုးရပိုင် မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်း MOGE က ၁၅% စသည်ဖြင့် အစုရှယ်ယာများ အသီးသီးပိုင်ဆိုင်ထားကြသည်။

ရခိုင့်ရေနံစောင့်ကြည့်ရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ ရွှေဂက်(စ်)စီမံကိန်းမှ နေ့စဉ်သဘာဝဓါတ်ငွေ့ ပမာဏ ကုဗပေသန်း (၅ဝဝ) ကို နှစ်ပေါင်း (၃ဝ) ကြာအောင်ထိ ထုပ်ယူရန်စီစဉ်ထားသည်။ကုဗပေသန်း၄ဝဝ ကိုတရုတ်ကိုတင်ပို့ ရောင်းမည်ဖြစ်ပြီး ကျန်ရှိသော ကုဗပေ သန်း (၁ဝဝ) ကို အစိုးရပိုင်စက်ရုံများစစ်တပ်ပိုင် စက်ရုံများ နှင့် အစိုးရနှင့်နီးစပ်သည့် စီပွားရေးပိတ်ဆို့မှုစရင်းဝင်သူများဖြစ်သည့် လက်နက်မှောင်ခို တေဇ ပိုင်ဆိုင်သော ထူးဘိလပ်မြေစက်ရုံ၊ ဘိန်းဘုရင်လော်စစ်ဟန်ပိုင်ဆိုငသော အေးရှားဝေါလ် ဘိလပ်မြေစက်ရုံ၊ ဇော်ဇော်၏ အိုင်ဂျီအီး ဘိလပ်မြေစက်ရုံ နှင့် အောင်ကိုဝင်း ပိုင်ဆိုင်သော ကမ္ဘောဇဘိလပ်မြေစက်ရုံများအပါ အဝင်စက်ရုံပေါင်း ငါးဆယ်ကျော် ကို ဖြန့်ဖြူးပေးမည်ဖြစ်သည်။

ရွှေသဘဝဓါတ်ငွေ့ကို ၂ဝ၁၃ ခုနှစ်မှစတင်၍ တရုတ်နိုင်ငံသို့ နှစ်ပေါင်း(၃ဝ)ကြာအောင်ထိ တင်ပို့မည်ဖြစ်ရာ ထိုသို့တင်ပို့ရာ၌ မြန်မာအစိုးရသည် ခန့်မှန်းခြေဝင်ငွေအမေရိကန်ဒေါ်လာ ၂၉ဘီလီယံခန့်ကိုရရှိမည်ဖြစ် သည်။

”ဓါတ်ငွေ့တင်ပို့ရာကရတဲ့ ဘဏ္ဍာငွေတွေကို ရခိုင်ပြည်နယ် အတွက် သော်လည်းကောင်း၊နိုင်ငံရဲ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးမှာသော်လည်းကောင်း သုံးစွဲမယ်ဆိုတာမသေချာပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ အစိုးရမှာ ဘဏ္ဍာငွေစီမံခန့်ခွဲမှုဆိုင်ရာပွင့်လင်းမြင်သာ တဲ့စနစ်မရှိဘူး။ နောက်ပြီးဓါတ်ငွေ့ ရောင်းလို့ရတဲ့ငွေတွေ ကိုဘယ်နည်း၊ဘယ်ပုံသုံစွဲမယ် ဆိုတာကိုထုတ်ဖေါ် ပြောကြားထား တာလည်းမရှိပါဘူး။” ဟုကျော်ခိုင်က ပြောသည်။

ရခိုင်ပြည်နယ်သည် မြန်မာနိုင်ငံတွင် ၂၄-နာရီ လျှပ်စစ်ဓါတ်အားထုတ်လုပ် ဖြန့်ဝေနိုင်သော သဘာဝ ဓါတ်ငွေ့အပါအဝင် တခြားသဘာဝအရင်းအမြစ်များ ပေါကြွယ်ဝသော ပြည်နယ်တစ်ခုဖြစ်သော်လည်း အနည်းဆုံး လျှပ်စစ်ဓါတ်အား အသုံးပြုရသော ပြည်နယ်ဖြစ်သည်။ လက်ရှိအချိန်တွင် ရခိုင်ပြည်သူများမှာ ရေနံဆီ၊ ဖွဲ စသောလောင်စာသုံး စက်များဖြင့် ပုဂ္ဂလိက ကုမ္ပဏီများမှ တနေ့လျှင် ပျမ်းမျှ ၃နာရီမှ ၆နာရီထိ ဖြန့်ဝေပေးသည့် လျှပ်စစ်မီးများကို ဗမာပြည်မထက် စျေးနှုန်း အဆ ၂၀ ပိုပေးကာ အသုံးပြုနေကြရသည်။

သို့သော်လည်း မြန်မာအစိုးရအဆက်ဆက်မှ ရခိုင်ဒေသမှ ထွက်သမျှ သံယံဇာတများကို ထုတ်ယူရောင်းချ ပြီး၊ ဒေသအတွင်း ဖွံ့ဖြိုးမှုအတွက် အဓိကကျသည့် ၂၄-နာရီ လျှပ်စစ်မီးဖြန့်ဝေပေးရန် လျစ်လျူရှူမျက်ကွယ် ပြုထားခြင်းကြောင့် ယခုကဲ့သို့ ဆန့်ကျင် တောင်းဆိုမှုများ ပြုလုပ်လာရခြင်းဖြစ်သည်ဟု ရွှေဂက်စ်ဖြင့် ၂၄-နာရီ လျှပ်စစ်မီးပေးရန် တောင်းဆိုလှုပ်ရှားနေသူများက ပြောသည်။

Most read this week