မြန်မာဖမ်း အိန္ဒိယသတင်းထောက် နှစ်ဦးကိစ္စ ဝန်ကြီးချုပ်ထံ စာပို့

မြန်မာဖမ်း အိန္ဒိယသတင်းထောက် နှစ်ဦးကိစ္စ ဝန်ကြီးချုပ်ထံ စာပို့
by -
ကိုပေါက်

မြန်မာအာဏာပိုင်များက ဖမ်းဆီးထားသည့် အိန္ဒိယ သတင်းထောက်နှစ်ဦးအရေး ပါဝင် ဆောင်ရွက်ပေးရန် အာသံ သတင်း စာဆရာ များအသင်း Journalists’ Forum of Assam က ဝန်ကြီးချုပ် မန်မိုဟန်ဆင်း Manmohan Singh ထံ စာရေးသား တောင်းဆိုလိုက်သည်။

နယူးဒေလီ (မဇ္ဈိမ) ။       ။ မြန်မာအာဏာပိုင်များက ဖမ်းဆီးထားသည့် အိန္ဒိယ သတင်းထောက် နှစ်ဦးအရေး ပါဝင်ဆောင်ရွက်ပေးရန် အာသံ သတင်းစာဆရာများအသင်း Journalists’ Forum of Assam က ဝန်ကြီးချုပ် မန်မိုဟန်ဆင်း Manmohan Singh ထံ စာရေးသား တောင်းဆိုလိုက်သည်။

ကြာသပတေးနေ့က ပေးပို့လိုက်သော အဆိုပါစာတွင် မြန်မာအစိုးရ ဖမ်းဆီးထားသော သတင်း ထောက်နှစ်ဦးလုံးပြန်လွှတ်ပေးလိုက်ကြောင်း ကြားသိရသော်လည်း အာသံပြည်သို့ ယခုချိန်ထိ ပြန်မရောက်သေးသဖြင့် စိုးရိမ်ပူပန် လျက်ရှိကြောင်း ပါရှိသည်။
ssp
“အဆက်အသွယ်လည်း မရရှိ၊ ဘယ်ဆီဘယ်ဝယ် ရောက်နေမှန်းလည်း မိသားစုနှင့်အတူ မသိရှိရသေးပါ။ သို့အတွက် ဝန်ကြီးချုပ်ကိုယ်တိုင် ဤသတင်းထောက်များ အမြန်ဆုံး ပြန်လည် ရောက်ရှိရေးအတွက် အရေးတယူ ဆောင်ရွက်ပေးပါရန်” အာသံပြည်နယ်ဆိုင်ရာ အထက်လွှတ်တော် ကိုယ်စားလှယ်တဦးလည်းဖြစ်သည့် ဝန်ကြီးချုပ်ထံသို့ အာသံ သတင်းထောက်များအသင်းက တောင်းဆိုထားခြင်း ဖြစ်သည်။

လွတ်မြောက်လာသော သတင်းထောက်နှစ်ဦးမှာ ဒီဇင်္ဘာ ၄ ရက်နေ့တွင် အိန္ဒိယ-မြန်မာ နယ်စပ် မိုးရေးမြို့သို့ပြန်ရောက်မည်ဖြစ်၍ ဆက်သွယ်စုံစမ်းခဲ့သော်လည်း အကြောင်းမထူးသည့်အပြင် ဤကိစ္စနှင့် ပတ်သက်၍ အိန္ဒိယပြည်ထဲရေး ဝန်ကြီးဌာန၊ မြန်မာအစိုးရနှင့် အာသံအစိုးရတို့ကမည်သည့်ထုတ်ပြန် ချက် တစုံတရာမှ မထုတ်ပြန်သေးပေ။

JFA က ရန်ကုန်ရှိ အိန္ဒိယသံရုံးသို့ ဆက်သွယ်စုံစမ်းသော်လည်း သံရုံးအနေဖြင့် မည်သည့်သတင်းအချက် အလက်မှ မသိရှိကြောင်း ငြင်းဆန်လိုက်သည်ဟု ဆိုသည်။

အာသံပြည်နယ် Guwahati မြို့မှ နေ့စဉ်ထုတ် Seven Sisters Post သတင်းထောက် Rajiv Bhattacharya နှင့် ဓါတ်ပုံသတင်းထောက် Pradip Gogoi တို့နှစ်ဦးမှာ မြန်မာပြည်တွင်း ခိုအောင်းနေထိုင်လျက် ရှိသော အာသံသူပုန် ULFA ထိပ်သီးခေါင်းဆောင် Barua နှင့် အင်တာဗျူးလုပ်ရန် အောက်တိုဘာ လလယ်ပိုင်းက မြန်မာနိုင်ငံသို့ ထွက်ခွါသွားခြင်းဖြစ်ပြီး ထိုအချိန်မှစ၍ ၎င်းတို့နှင့် အဆက်အသွယ် မရရှိတော့ကြောင်း အယ်ဒီတာ Subir Bhumik  က ရုပ်မြင်သံကြားအင်တာဗျူးတခုတွင် ဖြေကြားသွားသည်။

“ဒါဟာ သူ့ပရောဂျက်ပဲ။ ဒီတာဝန်ကိုယူဖို့ သူ ပိုင်းဖြတ်ပြီးသားပါ” ဟု ပြောသည်။

ကိုယ်တိုင် သတင်းထောက်တဦးလည်းဖြစ်သည့် Rajiv ၏ ဇနီးသည် Rashmi Sharma မှာလည်း သူမ၏ခင်ပွန်းထံမှ လွန်ခဲ့သော ရက်သတ္တပါတ်က “မာကြောင်း သာကြောင်းနှင့် အင်တာဗျူးအတွက် စောင့်ဆိုင်းနေဆဲ ဖြစ်ကြောင်း” လက်ကိုင်ဖုန်း စာတိုလေး SMS တခု သာ လက်ခံရရှိခဲ့သည်ဟု ဆိုသည်။

၎င်းသတင်းထောက်နှစ်ဦးမှာ တရုတ်-မြန်မာ နယ်စပ်တွင် ULFA ဒုတိယ စစ်ခေါင်းဆောင် Jivan Mohan နှင့်အတူမြန်မာစစ်တပ်မှ အဖမ်းဆီးခြင်းခံရကာ ခရီးဆောင်ကွန်ပျူတာ၊ လက်ကိုင်ဖုန်းနှင့်ကင်မရာများ အား သိမ်းဆီးပြီး ၎င်းတို့နှစ်ဦးအား ပြန်လွှတ်ပေးလိုက်ကြောင်း ပြည်ထဲရေး အတွင်းဝန် RK Singh အား ကိုးကား၍ ဒီဇင်္ဘာ ၄ ရက် သတင်းများတွင် စတင်ပါရှိလာခြင်း ဖြစ်သည်။

သို့သော် Jivan Mohan အား ဖမ်းဆီးမိသည်ဟူသော သတင်းမှာမဟုတ်မှန်ကြောင်းမြန်မာအာဏာပိုင်များ ဘက်မှ ဗုဒ္ဓဟူးနေ့က ငြင်းဆိုလိုက်သည်။

“တရုတ်-မြန်မာနယ်စပ်မှာ အိန္ဒိယ သတင်းထောက်နှစ်ဦး ဖမ်းဆီးမိကြောင်းမြန်မာအာဏာပိုင်တွေဘက် က အိန္ဒိယနိုင်ငံခြားရေး ဝန်ကြီးဌာနကို အသိပေးလာပါတယ်။ ဒါပေမယ့် Jivan Mohan ဆိုတဲ့နာမည်နဲ့ တော့ ဖမ်းဆီးထားသူ မရှိဘူးလို့ ဆိုပါတယ်” ဟု ပြည်ထဲရေး ဒုအတွင်းဝန် (အရှေ့မြောက်ဒေသဆိုင်ရာ တာဝန်ခံ) Shambu Singh က ပြောသည်။

သတင်းထောက်များ အင်တာဗျူးရန် သွားသည့် ULFA စစ်ဦးစီးချုပ် Barua မှာ တရုတ်ပြည် Chengdu ပြည်နယ်နှင့်မြန်မာ ကချင်ပြည်နယ်အကြားဒေသအတွင်း လှုပ်ရှားနေသည်ဟု အိန္ဒိယ ထောက်လှမ်းရေး သတင်းများက ဆိုသည်။

Bhattacharya နေရပ်ရင်းသို့ ပြန်မရောက်သေးသော်လည်း ၎င်း၏ အထူးဆောင်းပါး Myanmar main base for NE rebels မှာ ဒီဇင်္ဘာ ၅ ရက်ထုတ် Seven Sisters Post သတင်းစာ မျက်နှာဖုံးတွင် ဖော်ပြပါရှိလာသည်။

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပြည်နယ်များမှ ခွဲထွက်သူပုန် ၉ ဖွဲ့မှာ မြန်မာ့မြေပိုင်နက်အတွင်း စခန်း ၆၄ ခု တည်ဆောက်လှုပ်ရှားနေကြသည်။ အဆိုပါအဖွဲ့ ၉ ဖွဲ့ထဲမှ PLA, UNLF, KYKL, KCP နှင့် PRPK (P)တို့မှာ တရားမဝင်အဖွဲ့အစည်းများ ဖြစ်ကြပြီး ကချင်နှင့် ချင်းတောင်ဒေသများတွင် စခန်းများ တည်ဆောက်ထားကြသည်။

အိန္ဒိယ အစိုးရနှင့် အပစ်ရပ်၍ ငြိမ်းချမ်းရေးတည်ဆောက်ဆဲ အဖွဲ့များဖြစ်ကြသည့် NSCN (IM), NSCN (K) နှင့် KNA တို့ကလည်း မြန်မာနယ်စပ်တွင် စခန်းများ တည်ဆောက်ထားသည်။ ထို့ပြင် PRPK (P) မှ ခွဲထွက်အုပ်စု တစုဖြစ်သည့် UPPF ကလည်း မြန်မာဘက်ခြမ်းတွင် စခန်း ၅ ခု တည်ဆောက်ထားသည်ဟု မဏိပူပြည်နယ် အစိုးရကပြည်ထဲရေးဝန်ကြီးဌာနသို့ ပေးပို့အစီရင်ခံစာက ဆိုသည်။

“တချို့ကတော့ နားနေအိမ်ယာတွေနဲ့ ပိုကြီးတဲ့ စခန်းတွေ အတွက် ထောက်ပ့ံပေးနေတဲ့ ဂိုဒေါင်တွေပါ။ ချိုဝန်းတောင်ကြား၊ လချန်းနဲ့ အွန်ဂျီယာတို့ကတော့ သင်တန်းအဆောင်အအုံ ပစ္စည်းတွေအစုံအလင်နဲ့ သူပုန်တွေ အလွန်ဂရုထား တဲ့ နေရာတွေထဲက တချို့ဖြစ်ပါတယ်” ဟု အိန္ဒိယ ဗဟိုအစိုးရအကြီးတန်း အရာရှိတဦးက ဆိုသည်။

အဆိုပါ စခန်း ၆၄ ခုတွင် စစ်ကိုင်းတိုင်း တကားဒေသအတွင်းမဏိပူသူပုန်များတည်ထောင်ထားသည့် စခန်း များ မပါဝင်သေးပေ။

ထောက်လှမ်းရေးသတင်းများအဆိုအရ ကချင်နယ်စပ် ချင်းတွင်းမြစ်အနီးတွင် ULFA နှင့် NDFB တို့၏စခန်းများ လည်း တည်ရှိနေသည်ဟုဆိုသည်။

အိန္ဒိယအစိုးရက ဤစခန်းများအား ရှင်းလင်းပေးရန် မြန်မာအစိုးရအား ကြံုတိုင်း ဖိအားပေးပြောဆိုမှုများ ပြုလုပ်လာ ခဲ့သည်မှာ ဆယ်စုနှစ်မျှ ကြာခဲ့ပြီဖြစ်သော်လည်း တိုးတက်မှု အနည်းငယ်သာ ရှိသေးသည်။

နှစ်နိုင်ငံ တာဝန်ကျ တပ်မှူးများ လစဉ် တွေ့ဆုံလေ့ရှိပြီး တပ်ရင်း တပ်မမှူးများကလည်း သုံးလတကြိမ် တွေ့ဆုံလေ့ ရှိကာ ပြည်ထဲရေးဝန်ကြီးဌာန အရာရှိများကလည်း ခြောက်လတကြိမ် တွေ့ဆုံလေ့ ရှိကြသည်။