ညီနောင်ပါတီနှစ်ခုကို ကော်မရှင် သတိပေး

ညီနောင်ပါတီနှစ်ခုကို ကော်မရှင် သတိပေး
by -
ဖနိဒါ

ညီအကို နှစ်ဦး ဦးဆောင်သော ၈၈ မျိုးဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စု မြန်မာ နိုင်ငံ) ပါတီနှင့် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုး သားနိုင်ငံရေး အဖွဲ့ချုပ် ပါတီသည် ဥပဒေ ချိုးဖောက်မှုများပြုလုပ် နေကြောင်းနှင့် ဆက်လက် လုပ်ဆောင်နေပါက ပါတီ ဖျက်သိမ်းခံရသည်အထိ အရေးယူသွားမည်ဟု ဗဟိုရွေးကောက်ပွဲကော်မ ရှင်က သတိပေးလိုက်သည်။

ချင်းမိုင်(မဇ္စျိမ) ။        ။ ညီအကို နှစ်ဦး ဦးဆောင်သော ၈၈ မျိုးဆက်ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ) ပါတီနှင့် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေး အဖွဲ့ချုပ် ပါတီသည် ဥပဒေ ချိုးဖောက်မှုများပြုလုပ်နေကြောင်းနှင့် ဆက်လက် လုပ်ဆောင်နေပါက ပါတီ ဖျက်သိမ်းခံရသည်အထိ အရေးယူသွားမည်ဟု ဗဟိုရွေးကောက်ပွဲကော်မရှင်က သတိပေးလိုက်သည်။

“ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေတို့အရ အပ်နှင်းထားသော တာဝန်နှင့် လုပ်ပိုင်ခွင့်များနှင့် အညီ ညွှန်ကြား ကြပ်မတ်နေသည့်ကြားမှ ဥပဒေ ချိုးဖောက်မှုများကို ဆက်လက် လုပ်ဆောင်နေပါက ယင်းပါတီ နှစ်ခုအား နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေနှအညီ မှတ်ပုံတင် ပယ်ဖျက်သည်အထိ အရေးယူသွားမည်ဖြစ်ကြောင်း” နိုဝင်ဘာ ၂၃ ရက်နေ့က ထုတ်ပြန်ချက် တွင် ပါရှိသည်။ 

ပြည်ထောင်စု ကော်မရှင်က  မြို့နယ်ကော်မရှင်ခွဲနှင့်  မြို့နယ်အုပ်ချုပ်ရေးမှူးများ ပေးပို့သည့်စာတွင်  ဦးအေးလွင်နှင့် ဦးရဲထွန်းတို့ ဦးဆောင်သော ပါတီနှစ်ခု ကျူးလွန်သည်ဆိုသည့် အမှုပေါင်း ၁၁ မှုတွင် ကံစမ်းမဲ လက်မှတ်ရောင်းချခြင်း၊ ရန်ကုန်စည်ပင် နည်းဥပဒေအရ ကန့်သတ်ထားသော“စျေးနယ်နိမိတ် အတွင်း အာဏာပိုင်များ၏ ခွင့်ပြုချက်မရဘဲ အလှူခံခြင်း”၊  အစိုးရ ဝန်ထမ်းများကို နှောက်ယှက်ခြင်း၊ ဆင်ဆာမပါသော ဗီဒီယို ဖြန့်ချိခြင်းတို့ ပါဝင်သည်။

အမှုများကို ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲ မတိုင်မီကာလဖြစ်သော ဇူလိုင်လ ၂ ရက်နေ့မှ နိုဝင်ဘာလ ၁၄ ရက်နေ့ အတွင်း ရန်ကုန်တိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်းအတွင်းတို့ရှိ မြို့နယ် ကိုးခုတွင် ကျူးလွန်ခဲ့သည် ဟု ဆိုသည်။ အစွပ်စွဲခံရသော ညီနောင်ပါတီနှစ်ခုလုံးမှ တာဝန်ရှိသူများကလည်း ဒီဇင်ဘာ ၂၀ ရက်နေ့တွင် ၎င်းတို့ ၏ ချေပချက်ကို ကော်မရှင်ထံ ပေးပို့သွားမည်ဟု ဆိုသည်။

၈၈ မျိုးဆက်ပါတီ ဥက္ကဋ္ဌဦးအေးလွင်က နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေအရလုပ်ဆောင်ခြင်း ဖြစ်၍ တရားဥပဒေ ချိုးဖောက်ခြင်း မဟုတ်ကြောင်း မဇ္ဈိမကို ပြောသည်။

“ကျနော်ကိုယ်တိုင် တရားစွဲခံရတဲ့ ကိစ္စရှိတယ်။ အဲဒါက ဥပဒေ ချိုးဖောက်တာ မဟုတ်ဘူး။ နိုင်ငံရေးပါတီမှာ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၁၅(ခ)မှာ အတိအလင်း ပါတယ်လေ။ ပါတီများအနေနဲ့ ပါတီဝင်ကြေး၊ လစဉ်ကြေးတွေ နဲ့ ပတ်သက်လို့ အခွန်အခတွေ အားလုံး ကင်းလွတ်ခွင့် ရှိတယ်လေ။ အခွန်တွေ မကလို့ အခလို့ ပါတာကိုး။ ပါတီ အနေနဲ့ ရယူလို့ ရတဲ့ဟာတွေပေါ့။” ဟု ပြောသည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေ ၁၅ (ခ)အရ ပါတီပိုင် ကောက်ခံရရှိသော ရံပုံငွေများအရ ကောက်ခံ ထားသော ပါတီဝင်ကြေးနှင့် ပါတီလစဉ်ကြေး ပစ္စည်းများပေါ်တွင် ထမ်းဆောင်ရမည့် အခွန်အခများကို ကင်းလွတ် ခွင့် ပြုထားသည်။

ရွေးကောက်ပွဲ မဲဆွယ်ကာလ ဇူလိုင်လအတွင်း ပါတီရံပုံငွေ ကောက်ခံခဲ့သဖြင့် ထိုပါတီနှစ်ခုမှ တာဝန်ရှိသူ ၁၀ ဦးကို အရှေ့ပိုင်းခရိုင် စည်ပင်သာယာရေး ကော်မတီက တရားစွဲမှုများ ရှိခဲ့သဖြင့် တရားစွဲဆိုခံရသည်။ သို့သော် အရှေ့ပိုင်းခရိုင် စည်ပင်သာယာရေး ကော်မတီဘက်မှ ညှိနှိုင်းဆောင်ရွက်၍ ရနိုင်သည်ဟုဆိုကာ နောက်ပိုင်းတွင်ပြန်လည် ရုပ်သိမ်းခဲ့သည်။ 

စက်တင်ဘာလ ၂၉ ရက်နေ့ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ် ပါတီ အထွေထွေ အတွင်းရေးမှူး ဦးဌေးအောင်က မအူပင်မြို့ အဝေးပြေးဝင်းအတွင်း ပါတီဝင် ဦးညီညီ (ခ) ဝင်းနိုင်၏ နေအိမ်တွင်ရောက်လာပြီး ရန်ကုန်တိုင်း ကော့မှူးမြို့နယ် ရုံးဖွင့်ပွဲ အခမ်းအနားနှင့် ပါတီဗဟို ဥက္ကဋ္ဌ ဦးအေးလွင် ပြောကြားသည့် မိန့်ခွန်းပါ ဗီစီဒီ အခွေအား ပါတီရန်ပုံငွေအတွက် ဖြန့်ဝေခဲ့ရာဆင်ဆာ ကြိုတင်မယူဘဲ ဖြန့်ဝေမှုဟု ကော်မရှင်က ဆိုသည်။

အလားတူ ယမန်နှစ် စက်တင်ဘာလ ၃၀ ရက် မရမ်းကုန်မြို့နယ် အမှတ် ၃ ရပ်ကွက်တွင် ပြည်ထောင်စု
မြန်မာနိုင်ငံ အမျိုးသားရေး အဖွဲ့ချုပ်ပါတီမှ ဦးဌေးလှိုင်နှင့် ဒေါ်ကြည်ခိုင်ဝင်းတို့က အလှူငွေလက်ခံပြေစာ တွင် ဖုန်း နှစ်လုံး၊ ဒစ်ဂျီတယ် ကင်မရာ သုံးလုံး၊၂၁ လက်မတီဗီ လေးလုံး ချီးမြင့်မည်ဟု ကံစမ်းမဲ လက်မှတ်ကို တစောင် လျှင် ၁,၀၀၀ ကျပ်ဖြင့် ၃၅စောင် ရောင်းချခဲ့ရာ တည်ဆဲလောင်းကစား ဥပဒေကို ချိုးဖောက်ခြင်း ဖြစ်သည်ဟု
ကော်မရှင်က စွပ်စွဲထားသည်။

၈၈ မျိုးဆက်ကျောင်းသားလူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ) ပါတီရုံး ဖွင့်လှစ်ထားရာ ရန်ကုန်မြို့ လှိုင်သာယာ မြို့နယ် ညောင်ကုန်းကျေးရွာအုပ်စု မေတ္တာလမ်း အမှတ် ၂၀၊ ဦးတင်ရ နေအိမ်ရှိဧည့်သည် များကို ဧည့်စာရင်း တိုင်ကြားရန် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးက ပြောကြားရာက အငြင်းပွားသဖြင့် အုပ်ချုပ်ရေးမှူး၏ အာဏာကျင့်သုံးမှု ကို ဝင်ရောက် စွက်ဖက်ခြင်း ဖြစ်သည်ဟုလည်း ပါရှိသည်။

ထို့ပြင် ဦးအေးလွင်က ဇူလိုင်လ၂၇ ရက်နေ့က ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဆောင်ရွက်နေသော ရန်ကုန်-မန္တလေး ကားလမ်းပေါ်ရှိ အမှတ် ၃ လမ်းဆုံတိုးဂိတ်တွင် ဂိတ်ကြေးငါးထောင်ကျပ် ပေးရန် ငြင်းဆန်ပြီး ဝန်ထမ်းများနှင့် အချင်းများရာက နိုင်ငံတော်အစိုးရကို အကြည်ညို ပျက်စေမည့် ပြောဆိုမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုထားသည်။ ထိုဖြစ်ရပ်အတွက် ဦးအေးလွင်ကို ပြည်ထောင်စုဆောက်လုပ်ရေး ဝန်ကြီး ဦးခင်မောင်မြင့်က ဝန်ထမ်း ဝတ္တရား နှောက်ယှက်မှုဖြင့် ပဲခူးတိုင်း လှည်းကူးမြို့နယ် တရားရုံးတွင် တရားစွဲဆိုထားရာ အမှု ရင်ဆိုင်နေ ရဆဲ ဖြစ်သည်။

ဇူလိုင် ၁၉ ရက်နေတွင် ဦးအေးလွင်နှင့် ဦးရဲထွန်းတို့က အာဇာနည်နေ့ အခမ်းအနားသို့ တက်ရောက်ရာတွင် ပိတ်ပင်ထားသော ကင်မရာကို ယူဆောင်ရာက လုံခြံုရေး တပ်ဖွဲ့များနှင့် အချင်းများခြင်းကလည်း တမှု ဖြစ်သည်။

ယခင်စစ်အစိုးရနှင့် အလွမ်းသင့်သည်ဟု စွပ်စွဲခံရသော ညီနောင်ပါတီနှစ်ခုသည် စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ရန်ကုန်၊ ပဲခူး၊ ဧရာဝတီတိုင်းနှင့် ချင်းပြည်နယ်တို့တွင် ၈၅ နေရာ ဝင်ပြိုင်ခဲ့သော်လည်း ဦးရဲထွန်းပါတီတခု တည်းက ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အတွက် ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်တွင်သာ တနေရာ အနိုင်ရခဲ့သည်။

ထိုရွေးကောက်ပွဲတွင် မဲမသမာမှုရှိသည်ဟု အမှုပေါင်း ၂၈ မှုဖြင့် တိုင်တန်းသော်လည်း စုံစမ်းစစ်ဆေးမှု မပြုဟု ပါတီတာဝန်ရှိသူများက ပြန်လည် စွပ်စွဲထားသည်။

အာဏာသိမ်း စစ်အစိုးရလက်ထက် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လူသိရှင်ကြား ဝေဖန်လေ့ရှိပြီး အနောက်နိုင်ငံများက မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော ပိတ်ဆို့အရေးယူမှုများကို ကန့်ကွက်ခဲ့သူ ဦးအေးလွင်နှင့် ဦးရဲထွန်းတို့၏ နှစ်ပါတီတွင် အဖွဲ့ဝင်ပေါင်း တသိန်းကျော်ခန့် ရှိသည်ဟု ဆိုသည်။