ကချင်ပြည်နယ ်မြန်မာအစိုးရ ထိန်းချုပ်နယ်မြေတွင် ဒုက္ခသည် ၁၅၀၀၀ ကျော်လာ

ကချင်ပြည်နယ ်မြန်မာအစိုးရ ထိန်းချုပ်နယ်မြေတွင် ဒုက္ခသည် ၁၅၀၀၀ ကျော်လာ
by -
ကချင်သတင်းဌာန

မြန်မာအစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) တိုက်ပွဲများကြောင့် ၆ လအတွင်း အစိုးရ ထိန်းချုပ်သည့်ဒေသများသို့ နေရပ်စွန့်ခွာ ရွှေ့ ပြောင်း ကြသည့် ဒုက္ခသည် ၁၅၀၀၀ ကျော် ရောက်ရှိပြီဖြစ်ကြောင်း Karuna နှင့် Trocaire အဖွဲ့မှ စုပေါင်းပြုစုသည့် နောက်ဆုံးစာရင်းအရ သိရသည်။

refugee-list-m

၎င်းစာရင်းထဲတွင် ရှမ်းပြည်မြောက်ပို်င်းရှိ နေရပ်စွန့်ခွာထွက်ပြေးကြသူများ မပါ၀င်သေးပါ။

မြန်မာအစိုးရထိန်းချုပ်သည့် မြစ်ကြီးနားမြို့တွင် ခရစ်ယာန်အသင်းတော်များက နေရာ ၁၉ ခုတွင် ဒုက္ခသည် ၃၀၀၀ ကျော် စောင့်ရှောက်ထားသည်။

မြစ်ကြီးနား တဖက်ကမ်း ၀ိုင်းမော်မြို့တွင် ဒုက္ခသည် ၂၀၀၀ ကျော်အား ရပ်ကွက်/ကျေးရွာအလိုက် ကျေးရွာအုပ်ချုပ်ရေးရုံးတစ်ခု၊ ဘုန်းကြီးကျောင်းတစ်ကျောင်းနှင့် ခရစ်ယာန်အသင်းတော်များက နေရာစီစဉ်ပေးထားသည်။

ကချင်ပြည်နယ်တောင်ဘက် ဗန်းမော်နှင့် မိုးမောက်မြို့ပေါ်တွင် ဘုန်းကြီးကျောင်းများနှင့် ခရစ်ယာန် အသင်းတော်များက စခန်း ၈ ခုတွင် ဒုက္ခသည် ၂၀၀၀ ကျော် လက်ခံ စောင့်ရှောက်ထားသည်။ စခန်းများ အတွင်း နေထိုင်ခြင်းမရှိဘဲ နီးစပ်ရာဆွေမျိုးများအိမ်သို့ ရွှေ့ပြောင်းလာသူ ၁၀၀၀ ကျော်ရှိ သည်ကိုလည်း တွေ့ရသည်။

ဧရာဝတီ ဒုတိယ မြစ်ကျဉ်းအနီး ရွှေကူမြို့တွင် ခရစ်ယာန်အသင်းတော်စခန်း ၂ ခုရှိကာ ရွှေကူဒေသ တစ်ခုလုံးတွင် စစ်ပြေးဒုက္ခသည် ၁၇၀၀ ကျော်ရှိကြောင်း ဖော်ပြထားသည်။

ထို့အပြင် တရုတ်နယ်စပ်ရှိ မြန်မာအစိုးရထိန်းချုပ်သည့် လွယ်ဂျယ်မြို့တွင် ၂၅၀၀၊ ကချင်ပြည်နယ် အနောက်တောင်ပိုင်း မိုးညှင်းဒေသတွင် ၂၀၀၀ ကျော်၊ ပြည်နယ်မြောက်ပိုင်း ဆွမ်ပရာဘွမ်ဒေသတွင် ၃၀၀ ခန့် နှင့် ပြည်နယ်တောင်ပိုင်း မံစီဒေသတွင် ၅၀၀ ကျော်ရှိသည်ဟု ဆိုသည်။ 

အဖွဲ့ နှစ်ဖွဲ့၏ နို၀င်ဘာလ ၁၄ ရက် စာရင်းအရဆိုလျှင် ကချင်ပြည်နယ်တွင်း မြန်မာအစိုးရထိန်းချုုပ်သည့် ဒေသများတွင် နေရပ်စွန့်ခွာကြသူများ ၁၅၈၆၂ ဦးရှိနေပြီ ဖြစ်သည်။

အစိုးရထိန်းချုပ်ဒေသများသို့ရောက်လာကြသူများကို နေရပ်စွန့်ခွာရွှေ့ပြောင်းလာကြသူများ IDP (Internally Displaced Persons) အဖြစ် သတ်မှတ်နိုင်ရန်အတွက် အနည်းဆုံး ၂ ပတ်မှ ၁ လအထိကြာမြင့်နိုင်သည်ဟု ဒုက္ခသည်များ ဆိုသည်။

IDP စာရင်းကိုပြုစုသည့် Karuna (Karuna Myanmar Social Service) သည် ရန်ကုန်အခြေစိုက်ကာ Trocaire သည် အိုင်ယာလန်အခြေစိုက်သည့် ရိုမန်ကက်သလစ် ခရစ်ယာန် လူမှုဖွံ့ဖြိုးရေးအဖွဲ့ ဖြစ်သည်။

တဆက်တည်းတွင် KIO ထိန်းချုုပ်သည့်ဒေသများ အထူးသဖြင့် တရုတ်နယ်စပ်တစ်လျှောက် ဒုက္ခသည် ၃၀၀၀၀ ကျော် (လိုင်ဇာဒေတွင် ၁၃၀၀၀ ကျော်၊ မိုင်ဂျာယန်ဒေသ ၁၁၀၀၀ ခန့်၊ ဆဒုံးမြို့နယ်ခွဲ တရုတ်နယ်စပ် ဒေသတွင် ၆၀၀၀ ကျော်) ရှိနေပြီဖြစ်သည်ဟု ယင်းဒေသမှ အကူအညီပေးနေသူများ ပြောသည်။

ဒုက္ခသည်များအနက် ဆဒုံးမြို့နယ်ခွဲထဲမှ တရုတ်နယ်စပ်သို့ နိုဝင်ဘာလအစောပိုင်းက ထွက်ပြေးလာ ကြသူများသည် စား၊ ၀တ်၊ နေ၊ ရေး အခက်အခဲဆုံးဖြစ်သည်ကို ထိုနယ်စပ်ရောက် ဒုက္ခသည်များကို ကချင်သတင်းဌာနက ဆက်သွယ်မေးမြန်းချက်အရ သိရသည်။

နေ့စဉ် ရှမ်းပြည်မြောက်ပို်င်းနှင့် ကချင်ပြည်နယ်တွင် မြန်မာအစိုးရတပ်နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) ကြား တိုက်ပွဲများ ဆက်ဖြစ်ပွားနေကာ နေရပ်စွန့်ခွာထွက်ပြေးကြသူများ အရေအတွက် တိုးလာနေ ဆဲဖြစ်သည်။

ပြည်တွင်းစစ်ကြောင့် မြန်မာပြည်မြောက်ပိုင်းတွင် ဒုက္ခသည်ပြဿနာ ထွက်ပေါ်နေသည့် ယခု ၆ လ တိုင်အောင် ကုလသမဂ္ဂ ဒုက္ခသည် အကူအညီများကို မြန်မာအစိုးရထိန်းချုပ်ဒေသရှိ ဒုက္ခသည်များ အနည်းအကျဉ်းရနေသော်လည်း KIO ထိန်းချုပ်ဒေသမှ ဒုက္ခသည်များမှာ လုံးဝ မရရှိသေးကြောင်း ကယ်ဆယ်ရေးဝန်ထမ်းများဆိုသည်။

Most read this week