ဗမာ့တပ်မတော် ချစ်တီးကုလားလို လယ်သိမ်းပြီး သီးစားချမူ ရပ်တန့်ရန် ပြည်သူများ လိုလားနေ

ဗမာ့တပ်မတော် ချစ်တီးကုလားလို လယ်သိမ်းပြီး သီးစားချမူ ရပ်တန့်ရန် ပြည်သူများ လိုလားနေ
by -
နိရဥ္စရာ

ဗမာ့တပ်မတော်မှ တပ်မ၊ တပ်ရင်းများသည် ရခိုင်ပြည်နယ်တွင် ပြည်သူများ ဘိုးစဉ်ဘောင် ဆက် လုပ်ကိုင်လာသော လယ်များကိုအကြောင်း အမျိုးမျိုးပြကာ သိမ်းယူပြီးလယ်သမား များကို သီးစားချနေမူ အပေါ် လယ်သမားများက ရပ်တန့်ရန် လိုလားနေ ကြကြောင်း သတင်း ရရှိသည်။

Confiscated-lands-signboard

ထိုသို့ လိုလားနေရာတွင် ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ဗလိပေါက်ကျေးရွာ အုပ်စုမှ တောင်သူ လယ်သမားများလည်း ပါ၀င်သည်။

" ဟုတ်ပါတယ်။ သူတိုု့က ကျွန်တော် ကျေးရွာ အုပ်စုက လယ်ဧက ၄၃၂ ကို သိမ်းယူပြီး လယ်သမား တွေကို သီးစားပြန်ချပါတယ်။ တစ်ဧကကို တနှစ် အတွက် စပါးတောင်း (၃၀) ပေးရပါတယ်။ အုပ်စု တစ်ခုလုံးက တနှစ်ကို စပါးတောင်းပေါင်း ၁၂၀၀၀ ကျော် အလိုလို ကျောက်တော် အခြေစိုက် တပ်မ ၉ ကိုပေးနေရပါတယ်။ ဒါကို သနားသက်ညှာသောအားဖြင့် ကင်းလွှတ်ခွင့်ပေးဖို့ ကျွန်တော်တို့ သမ္မတကြီး ဦးသိန်းစိန်ဆီကို စာရေးပီး အသနားခံထားပါတယ်" ဟု ကျေးရွာ လူကြီး တစ်ဦးမှ ပြောသည်။

ယခုနှစ်အတွက် ကျောက်တော် အခြေစိုက် တပ်မ စကခ (၉) မှ စပါးကောက်ယူရန် မလာသေးမှီ အချိန်တွင် ထိုသို့ သမ္မတကြီးထံ စာရေး တောင်းဆိုလိုက်ခြင်း ဖြစ်ကြောင်း သူက ဆက်ပြောသည်။

" သူတို့က နှစ်စဉ် ဒီလို ဒီဇင်္ဘာလနဲ့ ဇန္နဝါရီဆိုရင် စပါး ကောက်ဖို့ လာပါတယ်။ ဒီနှစ်မှာလည်း စပါးတွေ လာယူဖို့ အတွက် စပါးတွေကို စုထားဖိုု့ ရွာသားတွေဆီကို အကြောင်းကြားစာ ရောက်နေပါတယ်။ သူတို့ မကြာခင် ရောက်လာနိုင်ပါတယ်။ ကျွန်တော်တို့မှာ ဆင်းရဲလွန်းအားကြီးတဲ့ အတွက် စားဝတ်နေရေး အဆင်မပြေ၊ ဒုက္ခမျိုးစုံနဲ့ ရင်ဆိုင်နေရတာကြောင့် ဒီနှစ်က စပြီးတော့ စစ်တပ်က လာကောက်တဲ့ စပါးကို မပေးချင်တော့ပါဘူး" ဟု ပြောသည်။

ဗလိပေါက်တွင် ကျေးရွာသား အများစုမှာ တစ်နေ့ လုပ်မှ တစ်နေ့စားရသူ ဖြစ်ကြပြီး သားသမီးများကို မူလတန်း ပညာ အဆင့်ထိတောင် ပညာသင်ကြားနိုင်ခြင်း မရှိကြောင်း သိရသည်။

တခြား ကျေးရွာသားတစ်ဦးကလည်း မပေးဘဲနေရင် စစ်တပ်က ဖမ်းဆီးနိုင်ကြောင်း ယခုလို ပြောသည်။

" မပေးရင် ကျေးရွာသားတွေကို ဖမ်းဆီးနိိုင်ပါတယ်။ အရင်နှစ်တွေကလည်း စပါး မပေးတဲ့သူတွေကို ခင်ဗျားတို့ကို ထောင်ချမယ်။ ဖမ်းမယ်။ ဆီးမယ်။ ဒီီလို ခြိမ်းခြောက်ပါတယ်။ ဒီစပါးတွေက နိုင်ငံံတော် အတွက် ကောက်တာ ဖြစ်တဲ့ အတွက် ခင်ဗျားတို့ ရွာသားတွေကို နိုင်ငံတော် ပုန်ကန်မူနဲ့ တရားစွဲမယ် ဆိုပြီး ခြိမ်းခြောက်ပါတယ်။ ဒီနှစ်မှာတော့ ရွာသားတွေက မပေးဘူးလို့သဘောတူထား ကြပါတယ်။ ဒါပေမယ့် ဖမ်းဆီးခံရမှာကိုတော့ တစ်ရွာသားလုံးက စိုးရိမ်နေကြပါတယ်" ဟု ပြောသည်။

ဗလိပေါက် ကျေးရွာသားများ အနေဖြင့် အဆိုပါ လယ်မြေများကို မဆလ အစိုးရ လက်ထက်ကသက်ဆိုင် ရာ၏ ခွင့်ပြုချက်ကို ယူကာ ကိုယ်ထူ ကိုယ်ထ စနစ်ဖြင့် ခုတ်ထွင် ရှင်းလင်း ဖေါ်ထုတ်ထားသောလယ်မြေ များ ဖြစ်ကြပြီး မြေစာရင်းဌာနတွင် စာရင်းဖေါက်၍ မရှိသဖြင့် စစ်တပ်က မြို့နယ် မယကများနှင့် ပူးပေါင်းကာ ၂၀၀၄ ခုနှစ်က သိမ်းယူသွားသော လယ်မြေများ ဖြစ်ကြကြောင်း သိရသည်။

" ရခိုင်မှာ စစ်တပ်က သိမ်းထားတဲ့ လယ်တွေက အများကြီးရှိပါတယ်။ တချို့လယ်တွေက နယ်စွန် နယ်ဖျားတွေမှာဆိုတော့ ရွာသားတွေကလည်း ပညာ မတတ်တာနဲ့ မြေစာရင်း ဦးစီးဌာနမှ လပ ဖေါက်လို့ မရှိဘူး။ ဒါတွေကို စစ်တပ်က အကုန်သိမ်းတယ်။ နောက်လယ်တွေက စစ်တပ် တပ်ရင်း တည်ဆောက်ဖို့ အတွက် ဆိုပြီး တပ်ရင်း အနီးအနားက သိမ်းယူသွားတဲ့ လယ်တွေပါ။ ဒီသိမ်းယူသွားတဲ့ လယ်တွေကို စစ်တပ်ကနေပြီး အင်္ဂလိပ် ခေတ်က အိန္ဒိချစ်တီး ကုလားတွေလို လယ်သမားတွေကို ပြန်သီးစားချ ထားပါတယ်။ တနှစ် အတွက် တစ်ဧကကို တချို့ မြို့နယ်တွေမှာ ဆိုရင် ၂၅ တင်းယူတယ်။ တချို့ ဒေသတွေမှာဆိုရင် ၂၅ တောင်း ယူတယ်။ လယ်သမားတွေကလည်း ကြောက်တော့ တောင်းတာကို ပေးနေရပါတယ်" ဟု မင်းပြားမြို့နယ်မှ ကျောင်းဆရာ တစ်ဦးက ပြောသည်။

ရခိုင်ပြည်နယ် စစ်တွေမြို့နယ်မှ ပါဒလိပ်ကျေးရွာ၊ ကြီွတဲကျေးရွာ၊ ချီလင်ပင်ရွာ၊ ငတောက်တက်ရွာ၊ ကျားမသောက်နှင့် ကြက်ကိုင်းတန်ကျေးရွာများမှ လယ်ဧက ၅၀၀၀ နီးပါးခန့်ကိုလည်း ပညာရေး (၁၀)၊ ခမရ ၂၃၂၊ ခမရ ၃၄၄ သိမ်းယူထားပြီး ရွာသားများကို ယခုလို သီးစားချကာ ဌားရမ်းထားကြောင်း သိရသည်။
No-263-LIB
ကျောက်တော်မြို့နယ်တွင်လည်း လယ်သမားများပိုင် လယ်ဧက သောင်းချီပြီး သိမ်းယူထားပြီး တဖန်ပြန်၍ လယ်သမားများကို သီးစားချ ဌားရမ်ထားကြောင်း ဒေသအတွင်းက လာသော သတင်များ အရ သိရသည်။

" ကျွန်တော်တို့ အပေါက်ဝ ကျေးရွာမှာ ဆိုရင် လယ်ဧက ၃၀၀ နီးပါးခန့်ကို ကျောက်တော် အခြေစိုက် ခမရ ၃၇၉ က သိမ်းယူပြီး တနှစ်အတွက် တဧကကို စပါးတင်း (၂၅) တင်းနုန်းနဲ့ လယ်သမားများကို ပြန်ဌားစားထားပါတယ်။ ကျောက်တော်မြို့နယ်နဲ့ ပုဏ္ဍားကျွန်း မြို့နယ် တလျောက်လုံးမှာအသိမ်းခံထား ရတဲ့ လယ်တွေက အများကြီးပါ" ဟု အပေါက်ဝ ကျေးရွာမှ လယ်သမား တစ်ဦးက ပြောသည််။

ဗြိတိသျှနယ်ချဲ့ခေတ်တွင် အိန္ဒိယ ချစ်တီးကုလားများက မြန်မာ လယ်သမားများကို ငွေထုတ်ချေးပြီး ပြန်လည် မပေးဆပ်နိုင်သောအခါ လယ်များကို သိမ်းယူပြီး လယ်သမားများကို သီးစား ပြန်ချခဲ့သော စနစ်မျိုးကို ဗမာ့ တပ်မတော်ကလည်း ရခိုင်ပြည်နယ်တွင် ပြန်လည် ကျင့်သုံးနေသဖြင့် ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ် စောင့်ရှောက်နေပါသည်ဆိုသော မျိုးချစ် ဗမာ့ တပ်မတော် အပေါ် ရခိုင်ပြည်သူများက မေးခွန်းများ ထုတ်လျှက် ရှိကြောင်း သတင်းများ ရရှိသည်။

Most read this week