ဆန္ဒပြရန် လျှောက်ထားချက် ဆိုင်းငံ့ခံရ

ဆန္ဒပြရန် လျှောက်ထားချက် ဆိုင်းငံ့ခံရ
by -
ထွန်းထွန်း

အသစ်ပြဋ္ဌာန်းထားသည့် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်း လှည့်လည်ခွင့်ဆိုင်ရာ ဥပဒေ အရတသီး ပုဂ္ဂလ ကိုယ်စားလှယ် ဦးဝင်းချို အပါအဝင် ခုနှစ် ဦး၏ ဆန္ဒဖော်ထုတ်ခွင့် တောင်းဆိုမှုအား အာဏာပိုင်များ က ဆိုင်းငံ့ထား ၍ ပြန်လည် လျှောက်ထားရန် ညွှန်ကြားလိုက်သည်။

နယူးဒေလီ (မဇ္စျိမ) ။        ။ အသစ်ပြဋ္ဌာန်းထားသည့် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်း လှည့်လည်ခွင့် ဆိုင်ရာ ဥပဒေ အရ တသီးပုဂ္ဂလ ကိုယ်စားလှယ် ဦးဝင်းချို အပါအဝင် ခုနှစ် ဦး၏ ဆန္ဒဖော်ထုတ်ခွင့် တောင်းဆိုမှုအား အာဏာပိုင်များ က ဆိုင်းငံ့ထား၍ ပြန်လည် လျှောက်ထားရန် ညွှန်ကြားလိုက်သည်။

ညွန်ကြားချက်၌ ဆန္ဒဖော်ထုတ်ခွင့်ဥပဒေပါ ပုဒ်မ ၂၄ အရ ပြည်ထဲရေးဝန်ကြီးဌာမှ နည်းဥပဒေများ၊ စည်းမျဉ်း စည်းကမ်းများ၊ လိုအပ်သော အမိန့်ကြော်ငြာစာ၊ ညွန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများ ထုတ်ပြန်ပြီးမှသာလျှင် ခွင့်ပြုမည်၊ ငြင်းပယ်မည်ကို ဆုံးဖြတ်မည်ဟုလည်း ပါရှိသည်။

“မြို့နယ်မှူးကနေပဲ ကျနော့်စီ ဖုန်းဆက်ပြီးတော့အကြောင်း ပြန်ကြားချက်ကို ပို့ခိုင်းပါမယ်ဆိုပြီးတော့ သူ ဖုန်းဆက်ပါတယ်။ ပြီးတော့ ရဲစခန်းကနေ တာဝန်ရှိတဲ့ ကလေးတယောက် လာပြီးတော့ ကျနော့်စီကို အကြောင်းကြားစာလာပို့ ပါတယ်” ဟုဆန္ဒပြခွင့်ဦးဆောင် ရန် စာတင်ခဲ့သူ ၂ဝ၁ဝ ရွေးကောက်ပွဲ၌ ဒလမြို့နယ်မှ ဝင်ရောက် ယှဉ်ပြိုင်ခဲ့သူ ဦးဝင်းချိုကမဇ္စျိမ ကိုပြောသည်။

uwcငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခွင့်၊ စီတန်းလှည့်လည်ခွင့်ဥပဒေကို သမ္မတဦးသိန်းစိန်က ဒီဇင်ဘာလ ၂ရက် နေ့က လက်မှတ်ထိုး အတည်ပြုခဲ့ခြင်းဖြစ်ပြီး ဒီဇင်ဘာလ၁ဝ ရက်နေ့တွင် ဆန္ဒဖော်ထုတ်ရန်အတွက် ဒီဇင်ဘာလ၅ ရက်နေ့က လျှောက် ထားခဲ့ခြင်း ဖြစ်သည်။

သို့သော် ယင်းပုဒ်မ ၅ အရမူု နိုင်ငံတော်လုံခြံုရေး၊ တရား ဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး သို့မဟုတ်ပြည်သူအကျိုးငှာ ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့် မဆန့်ကျင်ပါက ခွင့်ပြုရမည်ဟု ပြဋ္ဌာန်း ထားသည်။

“လုပ်ပိုင်ခွင့် ဘယ်သူမှာရှိသလဲဆိုတာကို ကျနော်တို့ သိနေပြီလေ။ အဲဒီလုပ်ပိုင်ခွင့်တွေအတွက် တာဝန်ယူသူက ဘယ်သူလဲဆိုတာကိုတော့ ကျနော်တို့ မသိသေးတာ အမှန်ပဲဗျ။ ဘယ်ကိစ္စမဆို ၎င်းကိစ္စ အတွက် မည်သူ့တွင် တာဝန်ရှိပါသလဲဆိုတဲ့ မေးခွန်းကို မေးချင်လို့ ဒီအလုပ်ကို လုပ်တာပါ။  ” ဟု ဦးဝင်းချိုက ဆိုသည်။

ဦးဝင်းချိုမှာ ယခုနှစ် ဇွန်လ ၅ ရက်နေ့ကလည်း ဖွဲ့စည်းပုံအခြေခံပါ လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ခွင့်အရ လျှောက်ထား ခဲ့သေးသော်လည်း “လက်ရှိ သမ္မတအဖွဲ့မှာ သက်တမ်းနုနယ်သေးပြီး နည်းဥပဒေများ မထုတ်ပြန်ရသေး”ဟုဆိုကာ အာဏာပိုင်များက ပယ်ချခဲ့ဖူးသည်။

ယခုပြုလုပ်ရန် ရည်ရွယ်ထားသည့် ဆန္ဒဖော်ထုတ်ပွဲတွင် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ဖွံ့ဖြိုး တိုးတက်ရေးနှင့် တရားမျှတရေး ကိစ္စများကိုသာ ဟောပြောရန် စီစဉ်ထားပြီး လူဦးရေ ၅ဝ ခန့် ပါဝင်နိုင်ရန် စီစဉ်ထားသည်။

ယင်းအပြင် စီတန်းလှည့်လည်ခြင်းမျိုး မပြုလုပ်ဘဲ စာရွက်ဝေခြင်း၊ ဟောပြောခြင်းကိုသာရည်ရွယ် ထားခြင်းဖြစ်သည်။

ယခုကဲ့သို့ တားမြစ်ထားခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ အခွင့်အရေးနှင့် ဆန္ဒဖော်ထုတ်ခွင့် ဥပဒေပါ အခွင့်အရေး များကို ပြည်သူများအနေဖြင့် လက်တွေ့မရရှိသေးကြောင်းလည်း ဆန္ဒထုတ်ဖော်မည့် သူများက ထောက်ပြထားသည်။

“ အခု ကျနော်တို့ ပြည်သူတွေရဲ့ ဥပဒေပါ ပြဋ္ဌာန်းချက်တွေကို တကယ် ခံစားခွင့်ရပြီလားဆိုတာကို မေးနေတာပါ။ အဲဒီတော့ မရသေးဘူးလို့ပဲ အကြမ်းဖျဉ်း ပြောရမှာပေါ့” ဟု ဦးဝင်းချိုက ဆိုသည်။

တသီးပုဂ္ဂလ ကိုယ်စားလှယ် ဦးဝင်းချို အပါအဝင် ခုနှစ် ဦး၏ ဆန္ဒဖော်ထုတ်ခွင့် တောင်းဆိုမှုအား အာဏာပိုင်များ က ဆိုင်းငံ့ထား၍ ပြန်လည်လျှောက်ထားရန် ပို့ထားသည့် အကြောင်းကြားစာ
ယခုကဲ့သို့ ပြန်လည်လျှောက်ထားရန်နှင့် ဆိုင်းငံ့ထားခြင်းမှာ ဥပဒေ လမ်းကြောင်းအရ လုပ်ကိုင်ခဲ့ခြင်း ဖြစ်ကြောင်းဥပဒေ ပညာရှင်များက သုံးသပ်သည်။

“လျှောက်တာလည်း လျှောက်ပိုင်ခွင့်ရှိသလို သူ့မှာလည်း ပယ်ချပိုင်ခွင့် ရှိတယ်ဆိုတဲ့သဘောပေါ့။  မြို့နယ်ရဲမှူးကြီး အဆင့်က ပယ်ချနိုင်တယ်လို့ ရှိတယ်။ သူတို့မှာ အဲဒီအတိုင်း ပိတ်ထားတယ်” ဟု အထက်တန်း ရှေ့နေကြီး ဦးအောင်သိန်းက မဇ္စျိမကို ပြောသည်။

ဆန္ဒပြခွင့်ဥပဒေမှာ တိုင်းပြည်တပြည်တွင် ရှိသင့်သည့်ဥပဒေ တခုဖြစ်သော်လည်း လက်ရှိပြဋ္ဌာန်း ထားသည့်ဥပဒေ တွင်မူ ကန့်သတ်ချက်များရှိနေသေးကြောင်း ဥပဒေ ပညာရှင်များကထောက်ပြ ကြသည်။

လက်ရှိ ဆန္ဒဖော်ထုတ်ခွင့်ဥပဒေအရ ဆန္ဒပြလိုသူများ အနေဖြင့် ကိုယ်ရေးအကျဉ်း၊ အချိန်၊ နေရာ၊ ပါဝင်မည့် လူဦးရေ စသည်တို့ကို အာဏာပိုင်များအား အနည်းဆုံး ငါးရက် ကြိုတင် တင်ပြ၊ လျှောက်ထားရကာ မည်သည့် ကိစ္စအား ဟောပြောဆွေးနွေးမည်ကိုလည်း တင်ပြရသည်။
uwcletter
“ထုံးစံအတိုင်းပဲ သူ့စိတ်ထဲမှာ သူလိုတာတွေကို တင်းကျပ်နိုင်အောင်၊ စည်းနှောင်အားရှိအောင် သူ့အပိုင်းကို အကာအကွယ်ရနိုင်သမျှ ယူထားနိုင်အောင် လုပ်ထားတာ ပဲ။ လာပြီး လျှောက်ထားတဲ့သူ သို့မဟုတ် ဟောပြောမယ့် သူက ဘယ်သူဘယ်ဝှာမှန်း မသိဘူးဆိုရင် ဖမ်းဖို့ လိုအပ်ရင် ဘယ်သူ့လိုက်ဖမ်း ရမလဲ၊ ပုဂ္ဂိုလ်ရေးထိခိုက်မှု ပေါ်ပေါက် လာတဲ့ကိစ္စရပ်တွေ ပေါ်ပေါက်လာရင် ဘယ်သူ့ လိုက်ဖမ်းရမလဲ။ ဒါတွေက သူတို့ပြဋ္ဌာန်းတဲ့ အခု ဥပဒေ မှာ ထူးထူးခြားခြား တွေ့ရတာပဲ” ဟု ရှေ့နေ ဦးအောင်သိန်းက ဆိုသည်။

သူက ဆက်ပြီး “လမ်းတလမ်း၊ ထောင့်တထောင့်မှာ လူ ၁၀၀ လောက်ပြမယ် ပြောပြီးတော့ မြို့နယ် တမြို့နယ်လောက် လာနားထောင်ရင် ဘယ်လိုလုပ်မလဲ။ အဲဒီလူတွေကို ကျနော်တို့က မောင်းထုတ်လို့ ရမလား။ ခင်ဗျားတို့ ကျနော်တို့ သတ်မှတ် ထားတဲ့စာရင်းမှာ မပါဘူး၊ ပြန်ကြပါဆိုရင် ဖြစ်မလား” ဟု ပြောဆိုသည်။

ယခု ဥပဒေအရ ခွင့်ပြုမိန့်မရဘဲ ဆန္ဒဖော်ထုတ်မှု ပြုလုပ်ပါက တနှစ်ထက် မပိုသော ထောင်ဒဏ် သို့မဟုတ် ကျပ်သုံးသောင်းထက် မပိုသော ပြစ်ဒဏ် ကျခံရနိုင်ပြီး၊ ပြစ်ဒဏ်နှစ်ခုစလုံးလည်း ကျခံရန် ပြဋ္ဌာန်းထားသည်။

အာဏာပိုင်များက ယခုကဲသို့ ပြန်လည် လျှောက်ထားရန်အတွက် ညွန်ကြားထားသည့် အတွက် ယင်းဥပဒေမှာပြည်ထဲရေး ဝန်ကြီးထံမှ ပုဒ်မ ၂၄ ပါ အချက်အလက်များ ပြုလုပ်ပြီးမှသာလျှင်စတင် ကျင့်သုံးနိုင်ဖွယ် ဖြစ်နေသည်။

ယခုကဲ့သို့ ဆိုင်းငံခံထားရသည့်အတွက် နည်းဥပဒေများ ပြဋ္ဌာန်းမည်ဆိုပါက လျင်မြန်စွာပြဋ္ဌာန်းရန် အတွက်ပြည်ထဲရေး ဝန်ကြီးဌာနသို့  ယခုရက်ပိုင်း စာတင်သွားမည်ဟု ဆန္ဒဖော်ထုတ်လိုသူများထံမှ သိရသည်။