ဒီမိုကရေစီမိတ်ဆွေနှင့် ကြံ့ခိုင်ရေး တွေ့ဆုံ

ဒီမိုကရေစီမိတ်ဆွေနှင့် ကြံ့ခိုင်ရေး တွေ့ဆုံ
by -
ကိုဝိုင်း

ဒီမိုကရေစီမိတ်ဆွေ ၁၀ ပါတီက ကြံ့ခိုင်ရေး ပါတီ၏ ရန်ကုန်တိုင်း နိုင်ငံရေးမှူးဦးအောင်သိန်း လင်းနှင့် တွေ့ဆုံစဉ် လွှတ်တော်အတွင်းအရေး ကြီးသည့် ဥပဒေများ လွှတ်တော်တွင် မတင် သွင်းခင်

ချင်းမိုင် (မဇ္စျိမ) ။       ။ ဒီမိုကရေစီမိတ်ဆွေ ၁၀ ပါတီက ကြံ့ခိုင်ရေးပါတီ၏ ရန်ကုန်တိုင်း နိုင်ငံရေးမှူး ဦးအောင်သိန်းလင်းနှင့် တွေ့ဆုံစဉ် လွှတ်တော်အတွင်း အရေးကြီးသည့် ဥပဒေများ လွှတ်တော်တွင် မတင်သွင်းခင် ကျန်ပါတီများကို ကြိုတင်အသိပေးရန် အပါအဝင် အချက် လေးချက် တင်ပြခဲ့သည်ဟု တွေ့ဆုံပွဲ တက်ခဲ့သူ အမျိုးသားဒီမိုကရေစီ အင်အားစု NDF ပါတီ ဥက္ကဋ္ဌ ဒေါက်တာသန်းငြိမ်း က ပြောသည်။

ကြံ့ခိုင်ရေးပါတီဘက်က တွေ့ဆုံလိုကြောင်း စတင်ဖိတ်ခေါ်လာသဖြင့် တွေ့ဆုံစဉ် လယ်ယာမြေ ပိုင်ဆိုင်မှု ဥပဒေ၊ နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေး၊ လက်နက်ကိုင် ပဋိပက္ခဖြေရှင်းရေး ကိစ္စများ တင်ပြခဲ့သည်ဟု ဆိုသည်။
10party
ဒေါက်တာသန်းငြိမ်းက “ကြိုတင် ကျနော်တို့သိအောင် လုပ်ပေးပါလို့၊ အခု လယ်ယာမြေ ဥပဒေဆိုရင် ကျနော်တို့ ဘယ်လိုမှ ကြိုပြီး မသိဘဲနဲ့ ပြည်သူ့လွှတ်တော်က အတည်ပြုပြီးပြီ။ အမျိုးသား လွှတ်တော်မှာ ဆွေးနွေးနေပြီ ဆိုတော့မှ ကမန်းကတန်း လေ့လာပြီးတော့ အကြံပြု ဝေဖန်ရတာတွေ ကမန်းကတန်း လုပ်ရတယ်လို့ ပြောခဲ့ ပါတယ်။” ဟု ပြောသည်။

ကြံ့ခိုင်ရေးပါတီအမတ် ဦးဌေးဦးက သြဂုတ်လ ၃၀ ရက်နေ့တွင် ပြည့်သူ့လွှတ်တော်သို့ တင်သွင်းခဲ့သော လယ်ယာမြေ ဥပဒေ မူကြမ်း တင်သွင်းစဉ်က အဖြစ်အပျက်ကို ရည်ညွှန်းသွားခဲ့ခြင်း ဖြစ်သည်။

လွှတ်တော်တွင်း အာဏာရပါတီက တင်သွင်းသော ဥပဒေမူကြမ်းအများစုမှာ ကျန်ပါတီများမှ လွှတ်တော်အမတ် များအတွင်း ကြိုတင်လေ့လာခွင့် မရကြသည့်အတွက် လွှတ်တော်ပြင်ပ ညှိနှိုင်းမှုတခုဖြစ်သည်။

ပြည်သူ့လွှတ်တော်က အတည်ပြုထားသည့် ဦးဌေးဦး၏ လယ်ယာမြေ ဥပဒေကြမ်းကို “အခိုင်အမာ ပြည့်စုံစေရန် ဆက်လက် ဆောင်ရွက်ဆဲ လုပ်ငန်းတရပ်အဖြစ်” သတ်မှတ်ကြောင်း အမျိုးသား လွှတ်တော်က အောက်တိုဘာ ၆ ရက်နေ့တွင် ဆုံးဖြတ်ခဲ့သည်။

ယင်းဥပဒေနှင့်ပတ်သက်၍ ပြည်ထောင်စုအစိုးရအဖွဲ့က မူဝါဒများချမှတ်ခြင်း၊ အချက်လက်များ ရယူခြင်းတို့ကို တဆင့်ပြီး တဆင့် ဆောင်ရွက်ပြီး ပြည်ထောင်စုအစိုးရကဖြစ်စေ၊ ပြည်ထောင်စု အဆင့် အဖွဲ့အစည်းကဖြစ်စေပြန်လည်ရေးဆွဲရန် ပေးပို့မည်ဟုလည်း ဆုံးဖြတ်ထားသည်။

ကရင် ဖလုံ စဝေါ်ပါတီနှင့် ရှမ်းပါတီ SNDP ကိုယ်စားလှယ်များမှာမူ မအားလပ်မှုကြောင့် ဦးအောင်သိန်း လင်းနှင့် အင်းလျားကန် မြကျွန်းသာ စားသောက်ဆိုင်တွင် ဒီဇင်ဘာ လေးရက်နေ့ ညနေပိုင်း တွေ့ဆုံပွဲနှင့်၊ မတွေ့ဆုံမီ ၁ဝ ပါတီအကြား ကြိုတင်ညှိနှိုင်းသည့် ဒီဇင်ဘာ သုံးရက် အစည်းအဝေးများသို့တက်ရောက် နိုင်ခြင်း မရှိကြောင်း သိရသည်။

ဒီဇင်ဘာ သုံးရက် အစည်းအဝေးနှင့် ပတ်သက်၍ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ RNDP အထွေထွေ အတွင်းရေးမှူး ဦးဦးလှစောက ဦးအောင်သိန်းလင်းတို့ တွေ့ဆုံမှု အဆင်ပြေလျှင် “နေပြည်မှာ သူတို့ရဲ့ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦးနဲ့ တွေ့ဆုံဖို့ဆိုတဲ့ အကြောင်းကို ကမ်းလှမ်းလာတယ်ပေါ့။ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ကြတဲ့အတွက် ကျနော်တို့လည်းတွေ့ဖို့ပဲ ယေဘုယျ ဆုံးဖြတ်လိုက်ပါတယ်။” ဟု ပြောသည်။ ဦးအောင်သိန်းလင်းနှင့် တွေ့ဆုံရာတွင် RNDP မှအတွင်းရေးမှူး အဖွဲ့ဝင် ဦးသာထွန်းလှ တက်ရောက်ခဲ့သည်။

၁ဝ ပါတီအဖွဲ့က လယ်ယာဥပဒေမူကြမ်းကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးလိုကြောင်းနှင့် သဘောကွဲလွဲ နေသောနိုင်ငံရေးအကျဉ်းသားကိစ္စနှင့် ငြိမ်းချမ်းရေးကိစ္စများနှင့် ပတ်သက်၍ ကြံ့ခိုင်ဖွ့ံဖြိုးရေးနှင့် ဆက်လက်ဆွေးနွေးလိုသည်ဟု ဆိုသည်။

ဒီမိုကရေက်တစ်ပါတီမှ ဦးသုဝေနှင့် ဒေါ်သန်းသန်းနု၊ NDF မှ ဒေါက်တာသန်းငြိမ်းနှင့် ဒေါက်တာ ဦးဝင်းနိုင်၊ပြည်ထောင်စု ဒီမိုကရေစီပါတီ UDP မှ ဦးသိန်းတင်အောင်၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီမှ ဦးမျိုးညွန့်နှင့် ဦးအောင်သန်း၊ ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီမှ ဦးထွန်းရွှေ၊ ချင်းအမျိုးသားပါတီမှ ပြန်ကြားရေး တာဝန်ခံတဦး၊ မွန်ဒေသလုံးဆိုင်ရာ ပါတီမှ နိုင်ခင်မောင် တို့လည်း တက်ရောက်ကြသည်။