မြန်မာနှင့် ဘင်္ဂလာဒေချ့် အကျဉ်းသားများ အလဲအလှယ်လုပ်

မြန်မာနှင့် ဘင်္ဂလာဒေချ့် အကျဉ်းသားများ အလဲအလှယ်လုပ်
by -
နိရဥ္စရာ

ဘင်္ဂလာဒေချ့် ၀န်ကြီးချုပ် ရှိတ်ဟာဆီးနာ၏ မြန်မာခရီးစဉ် နှစ်ရက်အလို ဒီဇင်္ဘာ ၃ ရက်နေ့က မြန်မာနှင့် ဘင်္ဂလာဒေချ့် နိုင်ငံအကြားတွင် အကျဉ်းသားများ လဲလှယ်ရေး ပြုလုပ်ခဲ့ကြောင်း သိရသည်။

BGB-Nasaka-prisoner-exchange-flage-meeting
" မြန်မာဘက်က ဘင်္ဂလာဘက်ကို လွဲတာက ၂၂ ယောက် ဖြစ်ပါတယ်။ ဘင်္ဂလာဒေချ့်ဘက်က မြန်မာကို လွဲတာက ၁၉ ယောက် ဖြစ်ပါတယ်။ ဒီအထဲမှာ ရဟန်းတော် ၂ ပါး ပါ၀င်ပါတယ်" ဟု မောင်တော လဝက အရာရှိများနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

ဘင်္ဂလာဒေချ့်ဘက်မှ လွဲပြောင်း ပေးလိုက်သည့် မြန်မာနိုင်ငံသား ၁၉ ဦးကို လဝက စခန်းထဲတွင် ထားရှိပြီး နေရပ် လိပ်စာများနှင့် ဖမ်းဆီးခံရသည့် အကြောင်းများကို စစ်ဆေးနေကြောင်း သူက ပြောသည်။

လွဲပြောင်းပေးမူအား ယမန်နေ့က တက်ကနက်မြို့တွင် ပြုလုုပ်ခဲ့သော နှစ်ဘက်နိုင်ငံ တပ်မှူး အဆင့် ဆွေးနွေးပွဲတွင် ပြုလုပ်ခဲ့့ခြင်း ဖြစ်သည်။ သို့သော်လည်း မြန်မာဘက်မှ လွှတ်မြောက်လာသူများကို ဘုတ်တစ်စီးပေါ် တင်ပြီး လွှတ်ပေးလိုက်ခြင်း ဖြစ်သည်။ လွှတ်လာသူ ၂၂ ဦးထဲတွင် ရခိုင် လူမျိုး (၂) ဦးပါ၀င်ပြီး တစ်ဦးမှာ တက်ကနက် မြို့နယ် နားခေါင်းချောင်း ကျေးရွာက ဖြစ်သည်။

" မြန်မာဘက်က လွှတ်လာတဲ့ ၂၂ ဦးကို တရားဝင် လွဲပေးတာ မဟုတ်ဘဲနဲ့ ဘုတ်ပေါ်မှာ တင်ထည့်ပေးလိုက်ပါတယ်။ ဒီဘက်ကမ်းကို ရောက်တော့ ဘင်္ဂလာနယ်ခြားစောင့်တပ်က လက်မခံတဲ့ အတွက် သူတို့က ကုန်းပေါ် ပုန်းပြီး တက်လာရတယ်။ အခုတော့ သူတို့ အိမ်ကို ရောက်နေကြပါပြီ" ဟု တက်ကနက်မှ ရခိုင်ဒေသခံ တစ်ဦးက ပြောသည်။

ဘင်္ဂလာဒေချ့်နိုင်ငံသားများမှာ မြန်မာနိုင်ငံတွင် ၅ နှစ်မှ ၁၅ ထိ ပြစ်ဒဏ်ချမှတ်ခံထားရသူများ ဖြစ်ကြပြီး နှစ်နိုင်ငံ သဘောတူညီချက်ဖြင့် လွှတ်ရက် မပြည့်မှီ လွတ်လာကြသူများ ဖြစ်သည်။

၎င်းပြင် စစ်တွေထောင်ထဲတွင် ရှိနေသော နောက်ထပ် ဘင်္ဂလာဒေချ့် နိုင်ငံသား အကျဉ်းသား ၁၂ ဦးကို စစ်တွေမှ ဘူးသီးတောင်သို့ ယမန်နေ့က သင်္ဘောဖြင့် ပို့ဆောင်လိုက်သည်ဟု သိရသည်။ သူတို့အားလည်း နယ်စပ် မောင်တောမြို့မှ တဆင့် လွှတ်ပေးမည် ဖြစ်ကြောင်း သိရသည်။

ယမန်နေ့က ပြုလုပ်သည့် နှစ်နိုင်ငံနယ်ခြားစောင့်တပ် တပ်မှူးအဆင့် ဆွေးနွေးပွဲတွင် မြန်မာ နစကမှ နယ်မြေ ၆ မှ နယ်မြေမှူး မင်းထွန်းဇော်နှင့် နယ်မြေ ရ နယ်မြေမှူး အေင်ဟိန်းဇော်တို့တက်ရောက်ခဲ့ပြီး ဘင်္ဂလာဘက်မှ အမှတ် ၄၂ ဘီဂျီဘီတပ်မှ ဗိုလ်မှူး မော်ဇူ အေ ခေါဒါ၊ စစ်ဆင်ရေးအရာရှိ ရှင်ဇူမင် နှင့် အာရီကူလ် အီစလင်တို့ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

ယခုကဲ့သို့ နိုင်ငံ နှစ်ခုအကြား ထောင်သားများ လဲလှယ်နေခြင်းမှာ ဘင်္ဂလာဒေချ့်နှင့် မြန်မာ အကြား ဆက်ဆံရေး ကောင်းမွန်လာခြင်း၏ တစိတ်တဒေသ အဖြစ် လူအများက ရှု့မြင်နေကြသည်ဟု သိရသည်။

Most read this week