နိုင်ငံရေး အကျဉ်းသားများ မလွှတ်မြောက်ဘဲ ALD မှတ်ပုံတင်မည် မဟုတ်

နိုင်ငံရေး အကျဉ်းသားများ မလွှတ်မြောက်ဘဲ ALD မှတ်ပုံတင်မည် မဟုတ်
by -
နိရဥ္စရာ

၁၉၉၀ ခုနှစ်ရွှေးကောက်ပွဲတွင် ကိုယ်စားလှယ် နေရာ (၁၁) နေရာဖြင့် မြန်မာနိုင်ငံတွင် တတိယ အမတ်အများဆုံး အနိုင်ရခဲ့သော ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်သည် နိုင်ငံရေး အကျဉ်းသားများ မလွှတ်မြောက်ဘဲ ပါတီကို ပြန်လည် မှတ်ပုံတင် မည် မဟုတ်ကြောင်း ပါတီ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

"နိုင်ငံရေး အခြေအနေ တိုးတက်ကောင်းမွန်ဖို့ဆိုရင် နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့ လိုပါတယ်။ လက်ရှိ နိုင်ငံရေး အခြေအနေ အရ ထောင်ထဲမှာ ကျန်နေသေးတဲ့ နို်င်ငံရေး အကျဉ်းသား တွေကို ခုချိန်အထိ လွှတ်ပေးတာ မရှိသေးဘူး။ ဒါကြောင့် နိုင်ငံရေး အခြေအနေ တိုးတက်ကောင်းမွန် တဲ့ အချိန်ထိ ပါတီက စောင့်နေတယ်။ အဲသလို အခြေအနေမျိုး မရောက်ဘဲနဲ့တော့ ပါတီကမှတ်ပုံတင် တာတွေ လုပ်အုံးမှာ မဟုတ်သေးဘူး" ဟု ပါတီ ထိပ်တန်းခေါင်းဆောင်သူ တစ်ဦး ဖြစ်သူဦးအေးသာ အောင်က ပြောသည်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်သည် လွန်ခဲ့သော အောက်တိုဘာလ ၁၀ ရက်နေ့က လက်ကျန် လွှတ်တော် ကိုယ်စားလှယ်များ၊ ဗဟို အလုပ်အမူဆောင် ကော်မီတီများ၊ ရခိုင်ပြည် ၁၇ မြို့နယ်မှ ဥက္ကဌများနှင့် အတွင်းရေးမှူးများကို ဖိတ်ခေါ်ပြီး အစည်းအဝေး တစ်ရပ်ပြုလုပ်ခဲ့သည်။

"အဲဒီ အစည်းအဝေးမှာဘဲ ပါတီပြန်မှတ်ပုံတင်ဖို့ လိုလားကြတယ်။ ပါတီကို ပြန်လည်မှတ်ပုံတင်သွားဖို့ လည်း အစီအစဉ် ရှိတယ်။ ဒါပေမယ့် အခုတော့ လျှောက်လွှာ တင်အုံးမှာ မဟုတ်ဘူး။ ဘာဖြစ်လို့လည်း မေးရင် တိုင်းရင်းသား ခေါင်းဆောင်တွေ၊ ကျောင်းသား ခေါင်းဆောင်တွေ အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေ ထောင်ထဲမှာ ဆက်ရှိနေတယ်။ သူတို့ မလွှတ်မြောက်ဘဲ ပါတီက မှတ်ပုံတင်မယ့် ကိစ္စကို ဆောင်ရွက်မှာ မဟုတ်ဘူး" ဟုသူက ဆက်ပြောသည်။

ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် နိုင်ငံရေး လူပ်ရှားလိုပါက ပါတီ မှတ်ပုံတင်ရန်လိုအပ်ကြောင်းကို လည်း သူက ယခုလို ဆက်ပြောသည်။

" တရားဝင် ဘောင်ထဲက လုပ်လို့ရှိရင် ကျွန်တော်တို့ အဖွဲ့ဝင် တော်တော်များများက ပါတီရဲ့ လုပ်ငန်း၊ အမျိုးသားရေး လုပ်ငန်း၊ အခု ကျွန်တော်တို့ လုပ်နေတဲ့ လုပ်ငန်းတွေကို အများစုက ပူးပေါင်းပါ၀င် လက်တွဲ ပြီးတော့ လုပ်နိုင်ဖို့ အခြေအနေတွေ ရှိပါတယ်။ မဟုတ်ရင် တချို့ ဟာတွေကတိတ်တိတ် ဆိတ်ဆိတ် လုပ်ရတဲ့ သဘော ရှိတဲ့အတွက်ကြောင့် ပါတီ မှတ်ပုံတင်လိုက်ရင်တော့ ကျွန်တော်တို့ အခု လုပ်နေတဲ့ လုပ်ငန်းတွေကို ဒီထက် ဆထက်တန်ဖိုး ပေါ်ပေါ်ထင်ထင် လုပ်နိုင်ဖို့ အခွင့်အရေးတွေ ရှိဖို့ဆိုတာကို ကျွန်တော်တို့သိပါတယ်။ ကျွန်တော်ကတော့ NLD မှတ်ပုံတင်တိုင်း၊ NLDရွေးကောက် ပွဲဝင်တိုင်းတော့ ကျွန်တော်တို့ ၀င်ဖို့ သဘောထား မရှိပါ။ သို့သော် ကျွန်တော်တို့ရဲ့ အမျိုးသား အကျိုးအတွက် ပိုလို့လုပ်နိုင်ဖို့အတွက် လိုအပ်တဲ့ အချိန်မှာတော့ ကျွန်တော်တို့ပါတီ မှတ်ပုံတင်သွားမှာ ဖြစ်ပါတယ်။"

ALD မှတ်ပုံတင်လျှင် ရခိုင်တွင် ပါတီကြီး နှစ်ပါတီ ဖြစ်သွားမည် ဖြစ်ပြီး ရရှိထားသော ရခိုင် အမျိုးသား စည်းလုံးညီညွတ်မှုတွေ ပြိုကွဲသွားမည်ဟု ပြောဆိုသံများ ထွက်ပေါ်နေမူနှင့် ပတ်သက်ပြီးလည်း ဦးအေးသာအောင််က ယခုလို ပြောသည်။

" ကျွန်တော်တို့က ဒါကိုလည်း အလေးအနက်ထားပြီးတော့ စဉ်းစားပါတယ်။ RNDP ကလည်း ၂၀၁၀ ရွေးကောက်ပွဲမှာ အမတ်နေရာ တော်တော်များများ ရထားတယ်။ ပါလီမန်တွင်းမှာလည်းဘဲအမျိုးသား ကို ကိုယ်စားပြုလို့ ပါလီမန် အတွင်းမှာ ဆောင်ရွက်နေတဲ့ အတိုင်းအတာတွေကိုလည်း သိပါတယ်။ အဲဒါအပြင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ဟာလည်း ၂၃ နှစ်ကျော် ကာလအတွင်းမှာ ကျရာနေရာက အမျိုးသားရေးကို ဆောင်ရွက်လာတဲ့ ပါတီတခု ဖြစ်ပါတယ်။ ရှေ့ကိုလည်း ကျွန်တော်တို့ အခုလုပ်နေတဲ့ အမျိုးသားရေး လုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်ဖို့ တာဝန်တွေ ရှိတယ်လို့လည်းယုံကြည်ပါ တယ်။ ဒါပေမယ့် ဒီ ပါတီနှစ်ခုဟာ တကယ်လို့ တရားဝင်ပါတီ မှတ်ပုံတင်ပြီးရင်တော့ဆွေးနွေးညှိနိုင်း ပြီး အမျိုးသားရေးအတွက် ဘယ်လို လက်တွဲဆောင်ရွက်နိုင်မှာလဲ၊ ဘယ်လို ပူးပေါင်းဆောင်ရွက် နိုင်ဖို့လဲ ဆိုတဲ့ကိစ္စတွေကို အဓိကထားပြီးတော့ ဆွေးနွေးသွားဖို့ အလားအလာ ရှိပါတယ်" ဟုပြော သည်။

ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်သည ်၁၉၉၀ ခုနှစ်ရွှေးကောက်ပွဲတွင် တတိယ အမတ်အများဆုံးဖြင့်အနိုင်ရ ခဲ့သော်လည်း ရွှေးကောက်ပွဲ အပြီးတွင် နိုင်ငံတော် ငြိမ်ဝပ် ပိပြားရေး ကောင်စီက ဖျက်သိမ်းပစ်ခဲ့သည်။

Most read this week