မြန်မာအစိုးရတပ်က ပြည်သူများ၏ နေအိမ် ၁၅ လုံး မီးရှို့

မြန်မာအစိုးရတပ်က ပြည်သူများ၏ နေအိမ် ၁၅ လုံး မီးရှို့
by -
ကချင်သတင်းဌာန

ကချင်ပြည်နယ် မန်မော်(ဗန်းမော်) ခရိုင် ဒေါ့ဖုန်း ယန်မြို့နယ်ခွဲတွင် နိုဝင်ဘာ ၃၀ ရက် ဗုဒ္ဓဟူးနေ့ မနက်ပိုင်းက ပြည်သူများ၏နေအိမ် အနည်း ၁၅ လုံးကို မြန်မာအစိုးရ တပ်ကမီးရှို့ဖျက်ဆီးလိုက်သည် ဟု ဒေသခံများ ပြောသည်။

dec2-dawhpumyang

ထိုအိမ်များသည် မြစ်ကြီးနား-မန်မော်ကားလမ်းပေါ် ခလရ (၁၄၂) အခြေစိုက်စခန်း အနောက်ဘက်ရှိ ရှမ်း ရွာ ၂ ရွာမှဖြစ်သည်ဟု ဆိုသည်။

နမ့်ဝိုင်ရွာမှ အိမ် ၁၀ လုံးနှင့် ဖါကေးရွာမှ အနည်းဆုံး အိမ် ၅ လုံးသည် လုံးဝမီးရှို့ဖျက်ဆီးခံရသည်ဟု ရွာသားများ ကချင်သတင်းဌာနသို့ ပြောသည်။

ဒေါ့ဖုန်းယန်ရှိတပ်ရင်းစခန်းအနီး မိုင်းပေါက်ကွဲမှုကို တုန့်ပြန်သည့်အနေဖြင့် ထိုအိမ်များကို ဒေ့ါဖုန်းယန် ခလရ (၁၄၂)နှင့် မြစ်ကြီးနားအခြေစိုက် ခလရ (၃၇)မှ တပ်သားများ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများ ပြောသည်။

မြစ်ကြီးနား-မန်မော်လမ်းသည် မြန်မာအစိုးရတပ်နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) ကြား အဓိက တိုက်ပွဲဖြစ်ပွားရာဒေသများဖြစ်သည်။ သို့သော် မီးရှို့ခံရသည့် ဒေသခံပြည်သူများသည် တိုက်ပွဲအတွင်း ပါ၀င်ကြခြင်းမရှိဟု ဆိုသည်။

ထိုနည်းတူ PHR (Physicians for Human Rights)၏ အစီရင်ခံစာတွင်လည်း မြန်မာအစိုးရ၏ ထိုးစစ်အတွင်း ဒေသခံလူနေအိမ်များမီးရှို့ခံရခြင်းနှင့် ကချင်ကျေးရွာသားများသတ်ဖြတ်ခံရသည်ဟု ဆိုထားသည်။ ထို့အပြင် မြန်မာအစိုးရတပ်က ကချင်ပြည်သူများကို လမ်းညွှန်အဖြစ်အသုံးချသည့်အပြင် လူသားဒိုင်းအနေဖြင့်မိုင်းရှင်းရန် ၎င်းတို့၏ စစ်ကြောင်းများရှေ့မှ ချီတက်စေသည်ဟု ဆိုသည်။

တရုတ်နယ်စပ်တစ်လျှောက် နေရပ်စွန့်ခွာထွက်ပြေးလားကြသူများ အနည်းဆုံး ၂၂၀၀၀ မှာအခက်အခဲ ဒုက္ခများစွာ ရင်ဆိုင်နေကြရသည်ဟုလည်း ဆက်ဆိုသည်။

ထိုသို့မြန်မာအစိုးရတပ်၏ကျူးလွန်နေမှုအား သူမ၏ မြန်မာပြည်ခရီးစဉ်တွင် ထည့်သွင်းဆောင််ရွက်ပေးရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မစ္စစ် ဟီလာရီ ကလင်တန် ထံ အိတ်ဖွင့်ပေးစာတစ်စောင်ကိုကချင်အသင်း အဖွဲ့ ရ ခုမှ နိုဝင်ဘာလ ၃၀ ရက်က လက်မှတ်ထိုးရေးသားပေးပို့ခဲ့သည်။

သို့သော် သမ္မတဦးသိန်စိန်နှင့်တွေ့ဆုံစဉ် မစ္စစ်ဟီလာရီကလင်တန်အနေဖြင့် ကချင်လက်နက်ကိုင်ပဋိပက္ခ ကို ထည့်သွင်းပြောကြားခြင်းရှိမရှိ မသိရပါ။

Most read this week