"ဟီလာရီကို အမျိုးသား လွှတ်တော် ဥက္ကဌ ဘာတွေ ပြောခဲ့သလဲ"

"ဟီလာရီကို အမျိုးသား လွှတ်တော် ဥက္ကဌ ဘာတွေ ပြောခဲ့သလဲ"
by -
နိရဥ္စရာ

မြန်မာနိုင်ငံကို သုံးရက်ကြာ အလည်အပတ် ရောက် ရှိနေတဲ့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး မစ္စက် ဟီလာရီ ကလင်တန်ဟာ ၂၀၁၁ ခုနှစ် ဒီဇင်္ဘာလ ၁ ရက်နေ့က အမျိုးသား လွွှှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့် အပါအဝင်

မြန်မာနိုင်ငံကို သုံးရက်ကြာ အလည်အပတ် ရောက်ရှိနေတဲ့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး မစ္စက် ဟီလာရီ ကလင်တန်ဟာ ၂၀၁၁ ခုနှစ် ဒီဇင်္ဘာလ ၁ ရက်နေ့က အမျိုးသား လွွှှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့် အပါအဝင် လွှတ်တော် ကိုယ်စားလှယ် (၃၃) ဦးနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒီအထဲမှာ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ ဥက္ကဌ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အေးမောင်လည်းပါ၀င်ခဲ့ပါ တယ်။ ဒေါက်တာအေးမောင်ကို တွေ့ဆုံ ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး အဲဒီနေ့မှာ ဆက်သွယ်မေးမြန်းခွင့်ရခဲ့ ပါတယ်။ နိရဥ္စရာက ခုလို စတင်မေးမြန်းပါတယ်။

Dr-Aye-Aye-Mg
မေး။ ဥက္ကဌတို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံတဲ့အထဲမှာ ပါ၀င်တယ်လို့ သိရပါတယ်။ ဘယ်လို ပုံစံနဲ့ တွေ့ဆုံခွင့် ရခဲ့တယ်ဆိုတာကို နည်းနည်း ရှင်းပြပေးပါလား။

ဖြေ။ ကျွန်တော်တို့ တွေ့ဆုံတာက အမျိုးသားလွှတ်တော်မှာပါ။ အမျိုးသားလွှတ်တော် ဥက္ကဌ၊ ဒုဥက္ကဌ အပါအဝင် လွှတ် တော်အမတ် ၃၃ ဦးနဲ့ တွေ့ပါတယ်။ တွေ့တဲ့အခါမှာ လွှတ်တော် ဥက္ကဌကဟေလာရီ ကလင်တန် မရောက်ခင် သူတွေ့ ချင်တဲ့ လူ ၄ယောက်စာရင်းကို ပြောပါတယ်။ အဲဒီအထဲမှာ ကျွန်တော်အပါ အဝင် ဦးညွန့်တင်၊ ဒေါက်တာ မြဉာဏစိုးနဲ့ ဦးကျယ်ယုတ်အူ ၄ယောက်နဲ့ တွေ့ချင်တယ်လို့ သူက ကြိုတင်ပြီး ပြောထားတယ်လို့ ပြောပါတယ်။ ဟေလာရီ ကလင်တန်နဲ့ တွေ့ခွင့် မိနစ် ၅၀ ဘဲရပါတယ်။ မိနစ် ၅၀ ရတဲ့အချိန်မှာ လွှတ်တော်ဥက္ကဌက ဟေလာရီကလင်တန်ကို ကြိုဆိုတဲ့အကြောင်းနဲ့ အခုလို အပြောင်း အလဲ ကာလမှာ ရောက်လာတာ ကောင်းပါတယ်။ ဟေလာရီရဲ့ နိုင်ငံရေး အတွေ့ အကြံုကိုလည်းလေးစား ပါတယ်။ ဗမာပြည်ထဲကို ခုလို လာတဲ့အတွက်လည်း ၀မ်းသာပါတယ်။ လွှတ်တော် နှစ်ရပ်ရဲ့ဆက်ဆံရေးကို လည်း ပြောပြပါတယ်။ တိုင်းပြည်ရဲ့ လက်ရှိအခြေအနေကိုလည်း ရှင်းပြတယ်။ အဲဒီအထဲမှာ ပါလာတဲ့ အချက်ကတော့ခါ ကျွန်တော်တို့ လွှတ်တော်အမတ် အားလုံးနီးပါးလောက်ဟာ ဒီမိုကရေစီဖက်ကို သွားဖို့ သံဓိဌာန် ချထားပြီ ဖြစ်တယ်။ စစ်တပ်ကလည်း နောက်တကြိမ် အာဏာသိမ်းဖို့ အခြေအနေ ဖြစ်လာနိုင်စရာ အကြောင်းမရှိ တော့ဘူး ဆိုတာကို လွှတ်တော် ဥက္ကဌက ရှင်းပြပါတယ်။

မေး။ ။ နောက်ထပ် ဘာတွေကို ပြောဆို ဆွေးနွေးတာတွေ ရှိပါသလဲ။

ဖြေ။ ။ နောက်ထပ် ပြောဆို ဆွေးနွေးတာက လက်ရှိ ဒီမိုကရေစီလမ်းကြောင်းကို သွားဖို့အတွက် အချက် သုံးချက်ကို တင်ပြပါတယ်။ (၁) တိုင်းပြည်အခြေအနေ ငြိမ်းချမ်းဖို့လိုတယ်။ (၂) အချက်က နိုင်ငံသား တဦးချင်းရဲ့ ၀င်ငွေ တိုးတက်ဖို့လိုတယ်။ ၃။ ပညာတတ် ကြီးစိုးတဲ့ တိုင်းပြည်တခု ဖြစ်ဖို့ လိုတယ်ဆိုပြီး ၃ ချက်တင်ပါတယ်။

အချက်(၁) ဖြစ်တဲ့ တိုင်းပြည် တည်ငြိမ်အေးချမ်းရေးနှင့်ပတ်သက်လို့ အကျယ်ရှင်းပါ တယ်။ အဲဒီအထဲမှာ တိုင်းပြည် တည်ငြိမ် အေးချမ်းဖို့ အတွက် နိုင်ငံရေး နယ်ပယ် အသီးသီးက ပါ၀င်လာဖို့လိုတယ်။ အဲဒီကိစ္စ အတွက်လည်း လွှတ်တော် အဆင့်ဆင့်မှာ NLD ပါ၀င်ဖို့ မှတ်ပုံတင်လာတယ်။ ဒေါ်အောင်ဆန်းစုကြည်လို နိုင်ငံရေး ရင့်ကျက်ပြီး နိုင်ငံရေး အမြင်ကျယ်တဲ့ ပုဂ္ဂိုလ်တွေ လွှတ်တော်ထဲ ၀င်လာဖို့ဆိုတာကို ကြိုဆိုတယ်။ နိုင်ငံရေး အခင်းအကျင်းတွေ အားလုံးမှာ NLD ပါ၀င်လာမှာ ဖြစ်တဲ့ အတွက် တိုင်းပြည် အေးချမ်းလာလိမ့် မယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။

အချက်(၂) ဖြစ်တဲ့ နိုင်ငံသားတဦးချင်းစီ တိုးတက်ဖို့ဆိုတာမှာလည်း ကျွန်တော်တို့ နိုင်ငံသားတွေတခြား နိုင်ငံက အထောက်အပံ့တွေနဲ့ မကြီးပွား မတိုးတက်လိုပါဘူး။ ကျွန်တော်တို့ နိုင်ငံရဲ့ စျေးကွက် ဖွံ့ဖြိုး တိုးတက်လာဖို့အတွက် အမေရိကန်တို့၊ ဥရောပတို့မှာ စျေးကွက် ဖြစ်လာနိုင်အောင်လုပ်ပေးဖို့ သူက တိုက်တွန်းပါတယ်။

အချက် (၃) သုံးအချက်ကတော့ အမေရိကတို့လို နိုင်ငံ တွေမှာ ကျွန်တော်တို့ တိုင်းပြည်က ကျောင်းသားတွေ ပညာ သွားသင်နိုင်ဖို့ အတွက် တောင်းဆိုတာကို တွေ့ရပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာ နိုင်ငံတကာရဲ့ နည်းပညာ အကူ အညီတွေ မရရှိသေးပါ။ နည်းပညာ အကူအညီတွေ ရအောင် ပူးပေါင်းပါ၀င် ကူညီဖို့ တိုက်တွန်းပါတယ်။ ကျွန်တော်တို့ ပါလီမန် ဒီမိုကရေစီ လမ်းကြောင်းကို စပြီးသွားနေပြီဖြစ်လို့ ဒီလမ်း ကြောင်းဟာ ကျွန်တော်တို့အတွက် အကောင်းဆုံးဖြစ်တယ်လို့ ရှင်းလင်းချက်ပေးပါတယ်။

မေး။ ။ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးက ဘာတွေကို ပြန်ပြောပါလဲ။

ဖြေ။ ။ ဟေလာရီကလင်တန်က ပြန်ပြောတဲ့အခါမှာ အမေရိကမှာ အထက်လွှတ်တော် အမတ်အနေနဲ့ ၈ နှစ်ကြာ တာဝန်ထမ်း ဆောင်ဖူးတယ်။ အတွေ့အကြံုလည်း ရှိသင့်သလောက် ရှိပါတယ်။ အဲဒီအတွေ့ အကြံုတွေကို ဖလှယ်သွားဖို့ သူ့မှာ အစီအစဉ်ရှိတယ်။ ပြီးတော့ အမေရိကန်လွှတ်တော်မှာ အာဏာ သုံးရပ်ဖြစ်တဲ့ တရားစီရင်ရေးအာဏာ၊ အုပ်ချုပ်ရေး အာဏာ၊ ဥပဒေပြုရေး အာဏာတွေကို သီးသန့်စီ အာဏာ ပါ၀ါညှိပြီးမှ တိုင်းပြည်ကို တိုးတက်အောင် လုပ်တယ်။ ဒီမှာလည်းဘဲ အာဏာသုံးရပ်ဟာ မျှမျှ တတရှိဖို့လိုတယ်ဆိုပြီးတော့ တိုက်တွန်းသွားပါတယ်။ နောက်တချက်က ပြည်တွင်းမှာတိုင်းရင်းသား တွေနဲ့ ပဋိပက္ခဖြစ်ပြီး မငြိမ်းချမ်းတဲ့နေရာတွေကို ငြိမ်းချမ်းအောင် အချင်းချင်း ညှိနှိင်း တိုင်ပင်ပြီးတော့ လုပ်ဖို့ကို တိုက်တွန်းပါတယ်။ အဲဒီနေရာတွေကိုလည်း လေ့လာသူတွေအဖြစ် သတင်းယူဖို့၊ လေ့လာဖို့ခွင့်ပြုဖို့ အတွက်လည်း တိုက်တွန်းပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေကို လွတ်ပေးဖို့လည်းတိုက်တွန်း သွားပါတယ်။

ဒါတွေ အပြင် သူမက (၁) မကြာခင်ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ အားလုံးပါ၀င်နိုင်အောင် စီစဉ်ပေးဖို့ (၂) အဲဒီရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှုဖြစ်အောင်၊ ထင်သာမြင်သာရှိပြီးတော့ အခန်းကဏ္ဍအလိုက် အာမခံချက်ရှိအောင် တိုက်တွန်းပါတယ် (၃) နောက်တချက်က နိုင်ငံရေးထဲမှာပါတဲ့ လူတွေကို လွတ်လွတ်လပ်လပ် လှုပ်ရှားခွင့်ပေးဖို့ ပြောပါတယ်။ ဒါ့အပြင် လွှတ်တော်မှာ ဥပဒေပြုတဲ့ ကဏ္ဍတချို့ လေ့လာထားတာတွေ ရှိတယ်လို့ ပြောပါတယ်။ နိုင်ငံရေးပါတီနဲ့သက်ဆိုင်တဲ့ ဥပဒေ၊ အလုပ်သမား ဥပဒေ၊ လွတ်လွတ်လပ်လပ် ဆန္ဒပြခွင့်ရှိတဲ့ ဥပဒေတွေကို ကြည့်တဲ့အခါမှာ ထောက်ခံတဲ့ သဘော မျိုး ပြောသွားပါတယ်။

မေး။ ဒီနေ့ဆွေးနွေးပွဲနှင့်ပတ်သက်ပြီး ဥက္ကဌ အမြင်က ဘယ်လိုရှိပါသလဲ။ အားရ ကျေနပ်စရာ ရှိပါသလား။

ဖြေ။ ဒီနေ့ ဆွေးနွေးပွဲကတော့ အားရကျေနပ်ဖို့ ကောင်းပါတယ်။ ကျွန်တော်တို့ကလည်း ပွင့်ပွင့်လင်းလင်း ဆွေးနွေးပါတယ်။ တဖက်ကလည်း နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်နိုင်အောင် ကြိုးစားမယ်။ ဟိုဖက်ကလည်း ဗမာပြည် ဒီမိုကရေစီလမ်းကြောင်း ပိုမိုဖြောင်းဖြူးအောင် ရှောင်ရန်၊ ဆောင်ရန်တွေကို စိတ်ရှည်ရှည်နဲ့ ပြောသွားပါတယ်။ အစိုးရအချင်းချင်း ချစ်ကြည်မှု လိုသလို ပြည်သူတွေ အချင်းချင်း ချစ်ကြည်မှုရှိမှ ခိုင်မြဲဖို့ ဖြစ်တယ်။ နောက်ပြီးတော့ ရန်ကုန်က ရခိုင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့က ပြုစုထားတဲ့ စာတန်းတွေကိုလည်း သူရဲ့လက်ထဲကို ထည့်ပေးလိုက်နိုင်ပါ တယ်။ သူလည်း ၀မ်းပန်းတသာ လက်ခံသွားပါတယ်။

မေး။ ။ နောက်ထပ် ဘာတွေ ပြောစရာရှိပါသေးသလဲ။

ဖြေ။ ။ နောက်ထပ် ကျွန်တော်ပြောချင်တာက နှစ်ပေါင်း ၅၀ကျော်ကြာ အမေရိကန်နှင့် ပြည်ထောင်စုနဲ့ မြန်မာနိုင်ငံ ဆက်ဆံရေး ကြဲနေရာကနေ အခုတော့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးတဦး အနေနဲ့ ပထမဆုံးလာတဲ့ ခရီးစဉ် ဖြစ်တယ်။ အခုလို အမေရိကန်နှင့် ဆက်ဆံရေး အဆင်ပြေဖို့ လိုသလို ကြားနေရေး မူဝါဒကို ကျင့်သုံးပြီး အိမ်နီးချင်း ပတ်ဝန်းကျင်က တရုတ်၊ အိန္ဒိယ အပါအဝင် အာစီယံ နိုင်ငံတွေ အားလုံး နဲ့လည်း ဆက်ဆံရေး အဆင်ပြေပြီးတော့ ပြည်သူတွေကိုလည်း ဒီမိုကရေစီ လမ်းကြောင်းပေါ်ကို ရောက်အောင် နိုင်ငံတော်အစိုးရ၊ လွတ်တော်တွေက ဦးဆောင် ချီတက် နိုင်ဖို့လိုတယ်လို့ ကျွန်တော် ထင်ပါတယ်။ မကြာတဲ့ ကာလတခုမှာ အပြောင်းအလဲတခုကို မြင်ရမယ်လို့ ထင်ပါတယ်။ ဘာဖြစ် လို့လည်းဆိုတော့ ဟီလာရီ ကလင်တန် လာတဲ့ ခရီးစဉ်လို ခုလို ပွင့်လင်းလာလိမ့်မယ်လို့ နှစ်ပေါင်းများစွာက မထင်ခဲ့ပါဘူး။ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးကလည်း ပွင့်ပွွင့်လင်လင်းနဲ့ စကား ပြောပါတယ်။ အထက်လွှတ်တော် ဥက္ကဌ၊ ဒုဥက္ကဌနဲ့ ပါလီမန် အမတ်တွေကလည်း ၀မ်းပန်းတသာ လက်ခံတယ်။ ထိုနည်းတူ အစိုးရ အဖွဲ့ကလည်း လက်ခံတယ်။ ကျွန်တော် တို့ တိုင်းပြည်တိုးတက်ရေး အတွက် အမေရိကန်က ပါ၀င်လာရင် အားအများကြီး ဖြစ်လာနိုင်ပါတယ်။ ကျွန်တော်တို့ သမ္မတကြီးကို ကတိပေး ပြောကြားတဲ့ အထဲမှာလည်း အမေရိကန် ဂျွန်းဟုတ်ကိန်း တက္ကသိုလ်တွေလို တက္ကသိုလ်တွေမှာ ကျောင်းသားတွေကို တက်ခွင့်တွေ ပြုမယ်သွားမယ်ဆိုတာတွေကို ကြားသိရပါတယ်။ အားလုံးကို ခြံုပြီး ပြောရရင် အနာဂတ်မှာ အမေရိကန် နဲ့ အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေး ဖြောင့်ဖြူးသွားနိုင်တယ်လို့ မြင်မိပါတယ်။

Most read this week