ကရင်တိုင်းရင်းသားများ ဦးဆောင်သည့် ဖလုံ-စဝေါ်ပါတီ ဥက္ကဋ္ဌဟောင်းက ပါတီမှ နှုတ်ထွက် ကာ “ကရင်ဒီမိုကရက်တစ်ပါတီ” အဖြစ်ထူထောင် လိုကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ လျှောက်ထားလိုက်ပြီ ဖြစ်သည်။
ချင်းမိုင် (မဇ္ဈိမ) ။ ။ ကရင်တိုင်းရင်းသားများ ဦးဆောင်သည့် ဖလုံ-စဝေါ်ပါတီ ဥက္ကဋ္ဌဟောင်းက ပါတီမှ နှုတ်ထွက် ကာ “ကရင်ဒီမိုကရက်တစ်ပါတီ” အဖြစ် ထူထောင်လိုကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ လျှောက် ထားလိုက်ပြီ ဖြစ်သည်။
နှစ်ဝက်ကျော်ကြာ ဖလုံ-စဝေါ် ပါတီဥက္ကဋ္ဌတာဝန် ထမ်းဆောင်ခဲ့သည့် စောသန်းကျော်ဦးကပါတီစည်း ကမ်းကိုကျော်လွန်ကာ ကိုယ်ပိုင်စီးပွားရေး လုပ်ကိုင်ခဲ့သည်ဟု ပါတီခေါင်းဆောင်များ အကြားအငြင်းပွား မှုဖြစ်ကာ နိုဝင်ဘာ အစောပိုင်းက ပါတီမှနှုတ်ထွက်ပြီး ပါတီသစ် တည်ထောင်ရန်လျှောက်ထားခဲ့ခြင်း ဖြစ်ကြောင်း ကာယကံရှင်များကပြောသည်။
“ကျနော်တို့ ဗဟိုကော်မတီအဖွဲ့က ကျနော့်ကို အမျိုးမျိုး စွပ်စွဲချက်တွေရှိတယ်လေ။ ပါတီဥက္ကဋ္ဌ တဦးအနေနဲ့ ပါတီကို ခုတုံးလုပ်ပြီး စီးပွားရေးလုပ်တာတို့၊ သေရည်၊ သေရက် သုံးဆောင်တာတို့ သူတို့ဘက်က စွပ်စွဲချက်ကြောင့် နှုတ်ထွက် လိုက်တာပေါ့။” ဟု စောသန်းကျော်ဦးက မဇ္ဈိမသို့ ပြောသည်။
“သူတို့ပြောသလို ကျနော့်အနေနဲ့လည်း ပါတီနာမည်ကို အသုံးချပြီး စီးပွားရေးလုပ်တာ မရှိခဲ့ပါဘူး။ နောက်တခါ ပါတီထဲမှာက ဗဟိုဦးစီးစနစ်က များတယ်လေ။ ဒီမိုကရေစီကျင့်စဉ်တွေလည်း သိပ်မရှိတဲ့ အခါကျတော့ ဒါကြောင့်ရှေ့ဆက်ပြီး မဦးဆောင်နိုင်တော့ဘူး။ ဒါကြောင့် နှုတ်ထွက်ပြီး ဒီမိုကရေစီ ကျင့်စဉ်အတိုင်း ဒေသခံ တိုင်းရင်းသား တွေနဲ့ လက်တွဲပြီးတော့ ပါတီတခုထောင်ခြင်း ဖြစ်ပါတယ်ခင်ဗျ။” ဟုသူက ဆက်ပြောသည်။
နိုဝင်ဘာ ၂၈ ရက်နေ့က စောသန်းကျော်ဦး အပါအဝင် ပုဂ္ဂိုလ် ၁၆ ဦးက “ကရင်ဒီမိုကရက်တစ်ပါတီ” တည်ထောင် လို၍ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ လျှောက်ထားကြောင်း အင်္ဂါနေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ထုတ်ပြန်ထားသည်ကို တွေ့ရသည်။ ပါတီကို ကရင်ပြည်နယ် ဘားအံမြို့တွင် အခြေစိုက်မည်ဖြစ်သည်။
ဖလုံ-စဝေါ် ပါတီ ဗဟို ဦးစီးအဖွဲ့ဝင်များက ပါတီတွင်း ပုဂ္ဂိုလ်ရေး အကျိုးစီးပွားလုပ်ခွင့် မရှိကြောင်း ချမှတ်ထားခြင်း ကို ကျော်လွန် လုပ်ကိုင်သည်ဟုဆိုကာ ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်ထဲတွင် သတ္ထုတွင်းလုပ်ငန်း လုပ်ဆောင်နေ သည့် စောသန်းကျော်ဦးကို ရာထူးမှနှုတ်ထွက်ပေးရန် ကန့်ကွက်ခဲ့ ကြပြီးနောက် နှုတ်ထွက်သွားခြင်းဖြစ်သည်ဟု ပါတီ၏ ဗဟိုဦးစီးအဖွဲ့ဝင်များက မဇ္စျိမကို ပြောသည်။
သတ္ထုတွင်း တူးဖေါ်ရေးလုပ်ငန်း လုပ်ဆောင်ရာတွင် ပါတီနာမည်ကို အသုံးပြုခြင်း မရှိသလို မည်သည့် ကုမ္ပဏီနှင့်မျှ တွဲဖက် လုပ်ကိုင်ခြင်း မရှိဘဲ၊ ဒေသခံလူထု အလုပ်အကိုင် ရရှိရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး အတွက် မိမိကိုယ်တိုင် ဦးဆောင်ကွပ်ကဲ လုပ်ကိုင်နေခြင်း ဖြစ်ကြောင်း စောသန်းကျော်ဦးက ပြောသည်။
"ဒေသခံတွေ အလုပ်အကိုင် ရရှိရေးအတွက် ကျနော်က ဦးဆောင်ကွပ်ကဲပြီး တနိုင်တပိုင် တူးဖေါ်ရေး လုပ်ဆောင်နေ ပါတယ်။ လောလောဆယ်တော့ စမ်းသပ် တူးဖေါ်ရေး အဆင့်ပဲ ရှိပါသေးတယ်။ ဒါလုပ်တဲ့အခါမှာ ပါတီနာမည် သုံးစွဲခြင်း လုံးဝမရှိပါဘူး" ဟု သူကပြောသည်။
ပါတီဝင် ၆,ဝဝဝ ကျော်ရှိသည့် ဖလုံ-စဝေါ်ပါတီထဲမှ ဥက္ကဋ္ဌ စောသန်းကျော်ဦး၊ ဗဟိုဦးစီးအဖွဲ့ဝင် အငြိမ်းစား ပါမောက္ခနော်လားခူ အပါအဝင် နှုတ်ထွက်သူ လေးဦးခန့် ရှိပြီး ယင်းအတွက်ကြောင့် ပါတီတွင်း စိတ်ဝမ်းကွဲမှုဖြစ်မည် မဟုတ်ကြောင်း ပါတီ၏ အထွေထွေ အတွင်းရေးမှူး စဘီကျင် က ပြောသည်။
"ကျနော်တို့ရဲ့ ပြိုင်ဘက်ပါတီ ဖြစ်လာမလားဆိုတာကတော့ သူတို့ရဲ့လုပ်ဆောင်မှုတွေမှာပဲ မူတည်ပါတယ်။ ကျနော် တို့အတွက်ကတော့ စိုးရိမ်စရာမဟုတ်ပါဘူး" ဟု စဘီကျင် က မဇ္စျိမကို ပြောသည်။
ပါတီမှတ်ပုံတင်ခွင့် ကျလာလျှင် ပါတီဝင်အင်အား ၁,၀၀၀ စုစည်းကာ ကြားဖြတ်ရွေးကောက်ပွဲတွင် ကရင်လူမျိုးများ အများဆုံး နေထိုင်သည့် ဧရာဝတီတိုင်းနှင့် ကရင်ပြည်နယ်တို့တွင် အနည်းဆုံး သုံးနေရာ ဝင်ရောက် ရွေးချယ်ခံသွား ရန် ရှိကြောင်း စောသန်းကျော်ဦးက ပြောသည်။
၂၀၁၀ ရွေးကောက်ပွဲတွင် အမတ်နေရာ ၁၈ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ဖလုံ-စဝေါ် ပါတီသည် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်အမတ် နှစ်နေရာ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် အမတ် သုံးနေရာနှင့် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်အမတ် လေး နေရာတို့တွင် အနိုင်ရရှိခဲ့သည်။
ပါတီသစ် တည်ထောင်ရန် လျှောက်ထားသည့် စောသန်းကျော်ဦးသည် ယခု ကရင်ပြည်နယ် လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီးဖြစ်သူ ယခင် ဖလုံ-စဝေါ်ပါတီ၏ ဥက္ကဋ္ဌ စောခင်မောင်မြင့် နေရာတွင် အစားထိုး အရွေးခံရသူဖြစ်ပြီး ၂ဝ၁ဝရွေးကောက်ပွဲအတွင်း ကျိုက်မရောမြို့နယ် အမှတ် ၁ မဲဆန္ဒနယ်တွင် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်အရွေးခံခဲ့ရာ ကြံ့ဖွ့ံအမတ်အား ရှုံးနိမ့်ခဲ့သည်။