မဟာမိတ် “လူငယ် ကျောင်းသား” တက်ကြွလှုပ်ရှား သူများက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ထဲဝင် ရောက်လာလျှင် ကြားဖြတ်ရွေးကောက် ပွဲ အမတ် နေရာ ငါးခုအတွက် ဝင်ရောက် ယှဉ်ပြိုင်ခွင့် ခွဲတမ်း ပေးသွားရန် သဘောတူထားသည် ဟုတက်ကြွ လှုပ်ရှားသူများက ပြောသည်။
ချင်းမိုင် (မဇ္စျိမ) ။ ။ မဟာမိတ် “လူငယ် ကျောင်းသား” တက်ကြွလှုပ်ရှားသူများက အမျိုးသားဒီမိုက ရေစီ အဖွဲ့ချုပ်ထဲ ဝင်ရောက်လာလျှင် ကြားဖြတ်ရွေးကောက်ပွဲ အမတ်နေရာ ငါးခုအတွက် ဝင်ရောက် ယှဉ်ပြိုင်ခွင့် ခွဲတမ်းပေးသွားရန် သဘောတူထားသည်ဟု တက်ကြွလှုပ်ရှားသူများက ပြောသည်။
၂၀၁၂ ခုအတွင်း ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲ စာရင်းပေါက် လစ်လပ် ၄၈ နေရာ အားလုံးကို NLD က ဝင်ပြိုင်မည်ဖြစ်ရာ လူငယ်ကျောင်းသားများကိုလည်း ပါဝင်ရန် စီစဉ်ထားကြောင်း နိုဝင်ဘာ ၂၅ ရက်နေ့ တွင်ဒေါ်အောင်ဆန်းစုကြည်က သူ့အားပြောကြားခဲ့သည်ဟု ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် တဦးဖြစ်သူ ဦးဖြိုးမင်းသိန်းက ပြောသည်။
“ကြားဖြတ်ရွေးကောက်ပွဲမှာ ငါး ဦးပေါ့ဗျာ။ ကျောင်းသားတွေကို ပေးတာပေါ့။ ၁၉၈၈ ကနေ အခုထိ ဖြတ်သန်းနေတဲ့ လူငယ်ကျောင်းသား မျိုးဆက်တွေထဲကနေ ပါဝင်ဖို့ပေါ့။” ဟု ဦးဖြိုးမင်းသိန်းက ပြောသည်။
၂၀၁၀ ခု နိုဝင်ဘာ ရွေးကောက်ပွဲသည် လွတ်လပ်ပြီး phyomintheinတရားမျှတမှု မရှိဟုဆိုကာ ဝင်ရောက် ယှဉ်ပြိုင်ခြင်းမရှိဘဲ ပြည်ထောင်စုဒီမိုကရေစီပါတီ ဥက္ကဋ္ဌအဖြစ်မှ လည်း နှုတ်ထွက်ခဲ့သူ ဦးဖြိုးမင်းသိန်းသည် NLDပါတီဝင် အနေဖြင့် ရပ်တည်လှုပ်ရှားရန် ဆုံးဖြတ်ထား aသာ်လည်း သူ့အနေဖြင့် ရွေးကောက်ပွဲ ဝင်၊ မဝင်ကိုမူ ထုတ်ဖော်ရန် စောသေး သည်ဟု ဆိုသည်။
နိုင်ငံရေး အကျဉ်းသားဟောင်းများ ပုံမှန်တွေ့ဆုံနေကျ ရန်ကုန်ကြည့်မြင်တိုင် သာဓုပရိယတ္တိ စာသင်တိုက်မှ ဆရာတော် အရှင်ပညာသီဟ (ရွှေညဝါ) ကျောင်း၌ဒီဇင်ဘာလ တရက်နေ့တွင် ဆွေးနွေးကြရန် နိုင်ငံရေး အစုအဖွဲ့ များသို့ အကြောင်းကြားထားပြီး ယှဉ်ပြိုင်လိုသူသည် ကိုယ်တိုင် အမည်တင်သွင်းရမည် ဖြစ်သည်။
ထောင်မကျဘူး သော်လည်း ၁၉၈၈ ခုမှစ၍ နိုင်ငံရေးတွင် တက်ကြွစွာ ပါဝင်နေသူများလည်း အရွေးခံနိုင်မည်ဖြစ်သည်ဟု ဆိုသည်။
၁၉၈၈ ခုနှစ် လူထုအုံကြွမှုအတွင်း ဦးဆောင်ခဲ့သော ကျောင်းသားခေါင်းဆောင်များနှင့် စုဖွဲ့ထားသည့် “၈၈မျိုးဆက်ကျောင်းသား လူငယ်များအဖွဲ့” အနေဖြင့် လူမှုရေးအသင်းအဖွဲ့အနေဖြင့် ဖွဲ့စည်းလိုသည်ဟု အဖွဲ့ဝင်တဦးဖြစ်သူ ဦးကိုကိုကြီး (စမ်းချောင်း) က ပြောသည်။ အဖွဲ့ဝင်အများအပြား ဆက်လက် ချုပ်နှောင်ခံနေရချိန်တွင် နိုင်ငံရေးပါတီ အဖြစ် ထူထောင်ရေး မစဉ်းစားသေးဟုလည်း ဆိုသည်။
“ပါတီထောင်တာတို့၊ ရွေးကောက်ပွဲကို ငြင်းဆန်တာ မဟုတ်ဘူးဗျာ။ အဆင့်တခုအနေနဲ့ လက်ခံတယ်။ သို့သော် လည်း နိုင်ငံရေး အကျဉ်းသားတွေ မလွတ်သေးတာရယ်၊ ပြည်တွင်း ငြိမ်းချမ်းရေး မရသေးတဲ့ အတွက်ရွေးကောက်ပွဲကို မဝင်ချင်တာဖြစ်တယ်။” ဟု သူကပြောသည်။
“၈၈ မျိုးဆက်ကျောင်းသား လူငယ်များ အဖွဲ့” ကို ၂ဝဝ၅ တွင် ဖွဲ့စည်းခဲ့ပြီး နိုင်ငံရေး လှုပ်ရှားမှုများ ဆောင်ရွက်လာ ခဲ့ရာ ၂ဝဝ၇ ခုတွင် ခေါင်းဆောင်များ အဖမ်းခံရပြီးနောက် အကျဉ်းထောင် ပြင်ပတွင် ကျန်နေခဲ့သူများသည်မြေအောက် လှုပ်ရှားမှုပုံစံ ဖြစ်သွားခဲ့သည်။
“ UG (မြေအောက်) နိုင်ငံရေးမဟုတ်တော့ဘဲနဲ့ မြေပေါ်ပေါ့ဗျာ။ တရားဝင်ရုံးခန်း ဖွင့်ချင်လည်းဖွင့်မယ်။ သင်တန်းတွေ ဖွင့်မယ်။ တရားဝင်အစည်းအဝေးလုပ်မယ်။” ဟု အောက်တိုဘာ ၁၂ ရက်နေ့က ဘူးသီးတောင် ထောင်မှပြန်လွတ်လာသူ ဦးကိုကိုကြီး (စမ်းချောင်း) ကပြောသည်။
၂ဝဝ၇ ခုနှစ် အတွင်း ဖမ်းဆီးခံရသော ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့ဝင် ၃၇ ဦး အနက် အောက်တိုဘာ ၁၂ ရက် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ၁၁ ဦး လွတ်မြောက်လာပြီဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေး၊ ပြည်တွင်းစစ် ရပ်စဲရန် လိုအပ်နေသေးကြောင်း အသိပေးသည့် စာကို အနုပညာရှင် ဇာဂနာအပါအဝင် နိုင်ငံရေး အကျဉ်းသားများက လက်မှတ်ထိုးပြီး ဒီဇင်ဘာလဆန်း အတွင်းမြန်မာနိုင်ငံသို့ လာရောက်မည့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်ထံသို့ အမေရိကန်သံရုံးမှ တဆင့် ပေးပို့သွားရန် ပြင်ဆင်နေသည်ဟုလည်း သိရသည်။
ထို့ပြင် မြန်မာနိုင်ငံ ဆင်းရဲမွဲတေမှု ပပျောက်ရေးလုပ်ငန်းစဉ်များအတွက် အမေရိကန်နိုင်ငံအနေဖြင့် ပညာရေး၊ ကျန်းမာရေး ကဏ္ဍများတွင် နည်းပညာနှင့် အခြားအကူအညီများပေးပါရန်လည်း တောင်းဆိုထားသည်။
ဦးကိုကိုကြီးနှင့် နိုင်ငံရေးအကျဉ်းသားဟောင်းများက အကျဉ်းထောင်များမှ လွတ်မြောက်လာသူများထံမှ တဆင့်မေးမြန်းစုဆောင်းထားသည့် နိုင်ငံရေးအကျဉ်းသား စုစုပေါင်း ၁,ဝ၂၈ ဦး ရှိသည်ဟု ဆိုသည်။ အစိုးရကမူ ၅၀၀ ဝန်းကျင်သာ ရှိသည်ဟုပြောဆိုသည်။
ရွေးကောက်ပွဲကော်မရှင်က ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပရက်ကို မကြေညာသေးသော်လည်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက နိုဝင်ဘာ ၂၅ ရက်နေ့ နေပြည်တော် သတင်းစာရှင်းပွဲတွင် နောက်သုံးလအတွင်းရွေးကောက်ပွဲ ကျင်းပရန် မရှိသေးကြောင်း ပြောဆိုခဲ့သည်။