တရုတ်နယ်စပ် ရွေလီမြစ်ကူးတို့ဆိပ် ကုန်တင် ကုန်ချ အလုပ်သမားများ ငှားရမ်းနေထိုင်သည့် မူစယ်ခရိုင် မန့်ဟျိုးမြို့ နယ်ခွဲ နောင်ခိုရွာ အတွင်းရှိ နေအိမ်တွင် ယမန်နေ့ည ၉ နာရီခန့်က ဗုံးတစ် လုံးပေါက်ကွဲခဲ့ရာ အလုပ်သမား တစ်ဦး သေဆုံးပြီး နှစ်ဦးခန့် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
၎င်းနေ့ညပိုင်းက မြန်မာအလုပ်သမား ၂၀ ကျော်ခန့် ငှားရမ်းနေထိုင်သည့် အဆိုပါအိမ်အနီးသို့ လူတစ်ဦး ရောက်လာ ကာ သေနတ်ပစ်ဖေါက်၍ နေအိမ်အတွင်းသို့ ဗုံးတစ်လုံးပစ်သွင်းခဲ့ကြောင်း ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။
“ရွာမြောက်ဘက်မှာရှိတဲ့ ဒေါ်ရွေကျင်ရဲ့အိမ်မှာငှားနေတာပေါ့။ အိမ်ရှင်က ကြိုးဆွဲချသေသွားတော့ ဘယ်သူမှ မနေရဲလို့ အလုပ်သမားတွေကို ငှားထားပေးတာ၊ အဲဒါညပိုင်းက စက်လှေဆိပ်ဘက်ကနေ လူတစ်ယောက် လာပြီး သေနတ် ၃ ချက် လောက်ပစ်ဖေါက်ပြီး ဗုံးပစ်သွားတယ်၊ အလုပ်သမား တစ်ယောက်ကတော့ ဗိုက်မှာထိပြီးသေသွားတယ် နှစ် ယောက်ဒဏ် ရာရတယ်” ဟု ဆိုသည်။
အဆိုပါဖြစ်ရပ်မှန်ကန်ကြောင်း မူစယ်အာဏာပိုင်တစ်ဦးက အတည်ပြုပြောသည်။ တရုတ် နှင့် မြန်မာ နှစ်နိုင်ငံအကြား နောင်ခိုရွာမှတဆင့် ရွေလီမြစ်ကိုဖြတ်၍ စက်လှေဖြင့် သွားလာနေခြင်းဖြစ်ပြီး မှောင်ခို ကုန်နှင့် ဝစ်သောက်ကားနှင့် ထော်လာဂျီများ တင်ပို့ကြောင်းသိရသည်။