သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့၌ မြန်မာအစိုးရ တပ်သားတို့ ပစ်ခတ်မှုကြောင့် မြို့ခံကျောင်းသူ တစ်ဦး အပြင်း အထန်ဒဏ်ရာရရှိသွားကြောင်း သိရှိရပါသည်။
ယနေ့(နိုဝင်ဘာ ၂၄ ရက်) နံနက် ၈ နာရီကျော် မြန်မာစစ်ကားများ နမ့်ခမ်းမြို့မှ ကချင်ပြည် မန့်ဝိန်းကြီးသို့ ဦးတည်၍ ထွက်ခွာစဉ် နမ့်ခမ်းမြို့အနောက်ဘက် ၂ မိုင်ခန့်အကွာ ပေါက်တိုက်ရပ်ကွက်အလွန်ကွန်လုံ လမ်းမ ကြီး၌ ဗုံးတစ်လုံးပေါက်ကွဲခဲ့၏။ မြန်မာစစ်သားတို့ အကြောက်အလှန့် ကားပေါ်မှဆင်း၍သေနတ် များဖြင့် ရမ်းပစ်ခဲ့သည်ဟုဆို၏။
“မြန်မာစစ်သား အပြည့်တင်ထားတဲ့ကား ၂၅ စီးလောက်ရှိမယ်။ တချို့အစီးတွေလောက်ဘဲ ဆန်အိတ် တင်တယ်။ သူတို့ယာဉ်တန်းသွားနေတုန်း ဗုံးပေါက်လို့ အဲဒီစစ်သားတွေကလှန့်ပြီး သေနတ်နဲ့ရမ်းပစ်တော့ ကျောင်းသူတစ်ဦး ရင်ဘတ်မှာ ထိသွားတယ်” ဟု နမ့်ခမ်းဒေသခံတစ်ဦး ပြောပါသည်။
သေနတ်ထိမှန်သွားသည့် ကျောင်းသူမှာ နောင်ကောင်းရပ်နေ စိုင်းကျော်တင်နှင့်နန်းမြတို့၏သမီး အသက် ၁၃ နှစ်ရှိ နန်းကျိန်ခမ်း ဖြစ်သည်ဟု သိရပါသည်။
နမ့်ခမ်းဒေသခံနောက်တစ်ဦးမှာမူ “ဟိုက်စတားပါ၀ါ ဓါတ်ဆီဆိုင်နားမှာ ဗုံးကွဲတော့ စစ်သားတွေက ဘာမှမရှိပဲနဲ့ ရမ်းပစ်တာ ကျောင်းလာတက်တဲ့ ကျောင်းသူနှစ်ဦးကို မှန်သွားတယ်” ဟု ပြောသည်။
တပ်မ ၉၉၊ ရရ၊ ၃၃ မှ စစ်ကားအစီး ၄၀ ကျော် ယမန်နေ့ (နိုဝင်ဘာ ၂၃ ရက်) နမ့်ခမ်းမြို့သို့ရောက်ရှိလာ ၏။ မြို့လယ်ဘောလုံးကွင်းနှင့် နမ့်ခမ်းမြို့ အထက(၁) ကျောင်းဝန်းအတွင်း၌ တစ်ညရပ်နားပြီး ယနေ့ မန့်ဝိန်းကြီး သို့ ခရီးဆက်ခြင်းဖြစ်သည်ဟု ဒေသခံအချို့က ဆို၏။
“ကောက်ရိတ်ချိန်ဆိုတော့ ထော်လာဂျီနဲ့ လယ်ဘက်ကောက်ရိုးသွားယူမဲ့ နောင်ကောင်းသား စိုင်းစံညွှန့် ကိုလဲ သေနတ်နဲ့ ပစ်ထည့်တယ်။ စိုင်းစံညွှန့်လဲ ထောလာဂျီနောက်သွားပုန်းတယ်။ ထောလာဂျီမှာ သေနတ်ရာတွေ ချည်းဘဲ။ သူ့ကိုလဲ ရိုက်နှက်စစ်ဆေးပြီးမှ ပြန်လွှတ်ပေးတယ်” ဟုနမ့်ခမ်းဒေသခံတစ်ဦး ကလည်း ပြောပါသည်။
ရင်ဘတ်၌ သေနတ်ဒဏ်ရာရရှိသည့် ကျောင်းသူကို နမ့်ခမ်းဆေးရုံက ကုသပေးရန် လက်လျှော့လိုက်သော ကြောင့် တရုတ်ပြည် မန်စီမြို့သို့ ပို့ဆောင်ကုသနေရကြောင်း သိရှိရပါသည်။
ယနေ့နံနက် ၁၀ နာရီခွဲခန့်တွင် နေပြည်တော်အစိုးရ၏ စစ်ယာဉ်တန်းများ နမ့်ခမ်းမြို့မှ ကချင်ပြည်နယ် မန်ဝိန်းကြီးသို့ ရောက်ရှိလာပြီး ဒေသတွင်းရှိ ကျေးရွာသားများ တရုတ်ဘက်ခြမ်းသို့ ထွက်ပြေးနေကြောင်း သိရသည်။
“အခု စစ်တပ်တွေ ထပ်ဝင်လာလို့ မန်ဝိန်းကြီးနားရွာတွေက (တရုတ်ခြမ်း) နောင်တောင်းဘက်ကို ပြေးနေပြီ။ လှေဆိပ်တွေမှာရော တရုတ်ဘက်ကစောင့်ပြီး စစ်ဆေးနေတယ် ” ဟု မန်ဝိန်းကြီးဒေသခံတစ်ဦးကပြော သည်။
KIA အပေါ် အစိုးရတပ်မှ နောက်တစ်ကြိမ် ထိုးစစ်ဆင်မည့် အရိပ်လက္ခဏာများကြောင့် တရုတ်အာဏာပိုင် များက နယ်စပ်တစ်လျှောက် စောင့်ကြပ်နေပြီး နောင်တောင်းမြို့တွင် စစ်ပြေးဒုက္ခသည်များကိစ္စပြင်ဆင် လေ့ကျင့်မှုများ ပြုလုပ်နေကြောင်း သိရသည်။