ရခိုင်ပါတီတွေကို ညီညွှတ်စေလိုသူ အန်ဒမန် ကျွန်းပြန် ကိုလူလူနှင့်ဆက်သွယ် မေးမြန်းခန်း

ရခိုင်ပါတီတွေကို ညီညွှတ်စေလိုသူ အန်ဒမန် ကျွန်းပြန် ကိုလူလူနှင့်ဆက်သွယ် မေးမြန်းခန်း
by -
မောင်ရမ္မာ

အိန္ဒိယနိုင်ငံ ကာလကတ္တား အကျဉ်းထောင် မှ နောက်ဆုံး အသုတ် လွတ်မြောက်လာသည့် ရခိုင်ကရင် ရဲဘော် ၃ ဦးဖြစ်ကြသည့် လူလူ၊ ဟေလီနှင့် ကိုမောင်နိုင်တို့ (၃) ဦးထဲမှ ကိုလူလူ နှင့် ဆက်သွယ် မေးမြန်းခွင့် ရရှိခဲ့သည်။

Ko-Lu-Lu
သူတို့ရဲ့ ထောင်ထဲအတွေ့အကြံုများနှင့် ခံစားမူများကို နိရဥ္စရာသတင်းထောက် မောင်ရမ္မာက ကိုလူလူကို ဆက်သွယ်မေးမြန်းထားပါတယ်။

NN။ ခင်ဗျားနာမည် ဘယ်လို ခေါ်ပါသလဲ။
Lu Lu ။ ကျွန်တော့်နာမည် လူလူပါ။

NN ။ ဘယ်နေ့က လွတ်ပါလဲ။
Lu Lu ။ နိုဝင်္ဘာလ ၁၅ ရက်နေ့က လွတ်မြောက်လာတာ ဖြစ်ပါတယ်။

NN ။ ထောင်ထဲမှ နေခဲ့ရတဲ့ အခြေအနေကို နည်းနည်းပြောပြပေးပါလား။
Lu Lu ။ ကျွန်တော်တို့ ထောင်ထဲမှာ နိုင်ငံခြားသားဖြစ်လို့ ကိုယ့်ထမင်းကိုယ် ချက်စားခွင့်ရပါတယ်။ သူတို့က ဆန်၊ ဆီ၊ ဆား၊ ပဲတွေပေးပါတယ်။ ကျွန်တော်တို့ နေရတာကတော့ သန့်သန့်ပြန့်ပြန့်နေရပါတယ်။ ထောင်ကတော့ မညစ်ပတ်ပါဘူး။ နေရထိုင်ရတာကတော့ အဆင်ပြေပါတယ်။

NN ။ ထောင်ထဲက လွတ်မြောက်လာတဲ့အခါ ကိုလူလူတို့ စိတ်ထဲမှာ ဘယ်လိုခံစားရပါသလဲ။
Lu Lu ။ ထောင်ထဲက လွတ်တော့ ပျော်တော့ ပျော်ပါတယ်။ ဘာဖြစ်လို့ဆိုတော့ ထောင်ထဲမှာ နှစ်ပေါင်း ၁၀ ကျော်ကြာ နေခဲ့ရပြီး အပြင်ရောက်လာတော့ ပျော်မိတာပေါ့။

NN ။ ထောင်ထဲက လွတ်မြောက်လာပြီးနောက် ရှေ့ဆက် ဘာတွေ လုပ်ဖို့အစီအစဉ်ရှိပါသလဲ။
Lu Lu ။ အခုတော့ တတိယနိုင်ငံတခုကို ထွက်ဖို့ စီစဉ်နေကြပါတယ်။ မနက်ဖန် ကျွန်တော်တို့ကို UN က အင်တာဗျူးဖို့ ခေါ်ထားပါတယ်။

NN ။ ခင်ဗျားတို့ ရခိုင်-ကရင် ရဲဘော် ၃၄ ယောက်ထဲက ၃၁ ယောက်က လွတ်မြောက်သွားတဲ့အခါမှာ ခင်ဗျားတို့ ထောင်ထဲမှာ ကျန်ခဲ့ရတဲ့အတွက် ဘယ်လို ခံစားရပါသလဲ။
Lu Lu ။ ထွေထွေထူးထူးတော့ မခံစားရပါ။ ထောင်ထဲမှာ နေရတာများတော့ သိပ်ပြီးတော့ မခံစားရပါ။ ငါတို့လဲ လွတ်မှာဘဲ ဆိုပြီး ခံယူထားတဲ့အတွက် မခံစားရပါ။

NN ။ ထောင်ထဲ အတွေ့အကြံုလေးတွေကို နည်းနည်း ပြောပြပေးပါလား။
Lu Lu ။ ကျွန်တော်တို့ ထောင်ထဲမှာ လက်ကိုင်ဖုန်းသုံးလို့ရပါတယ်။ သုံးလို့ရတယ်ဆိုတာက ပုလိပ် အခြေအနေ တွေကို ကြည့်ပြီး သုံးရပါတယ်။ ည ၅ နာရီလောက်ဆိုရင် ရှာဖွေရေးအဖွဲ့တွေလာတော့ ဖုန်းတွေကို ၀ှက်ထားရ ပါတယ်။ ထောင်မှူးထောင်ပိုင်တွေ လာလို့ရှိရင် ထမင်းချက်စားတဲ့ မီးဖိုတွေကို သိမ်းထားရပါတယ်။ ညနေပိုင်း ဆိုရင် ဘောလုံးကန်ကြပါတယ်။ နံနက်ပိုင်းဆိုရင် လမ်းလျှောက်ကြပါတယ်။ ထောင်ထဲမှာ သစ်ပင်တွေ ပေါ တော့ လေကောင်းလေသန့်ရှုရပါတယ်။ အဲဒီလိုဘဲ အချိန်ကို ကုန်စေခဲ့ပါတယ်။

NN ။ လွတ်မြောက်လာပြီးတဲ့နောက် ဒေလီထိရောက်အောင် လာခဲ့ရတဲ့ခရီးစဉ်ကို နည်းနည်းပြောပြပေးပါလား။
Lu Lu ။ ကာလကတ္တားကနေပြီး နိုဝင်္ဘာလ ၁၁ ရက်နေ့မှာ ကပ္ပလီကျွန်းစုမှာရှိတဲ့ အန်ဒမန်ကျွန်း ပေါ့ပလဲ ယားမြို့ ကို သင်္ဘောနန့်သွားပါတယ်။ အဲဒီမြို့ကို နိုဝင်္ဘလာ ၁၅ ရက်နေ့ရောက်သွားပါတယ်။ အဲဒီရောက်တဲ့ နေ့ ညနေ ၄ နာရီလောက်မှာ အမှုကို ခိုင်လုံမှုမရှိတဲ့အတွက် ရုပ်သိမ်းပစ်လိုက်ပါတယ်။ အဲဒီမှာဘဲ ဟိုတယ်မှာ တည်းနေပြီးတော့ နိုဝင်္ဘာလ ၁၈ ရက်နေ့မှာ အဲဒီကနေ ကာလာကတ္တားကို သင်္ဘောနဲ့ ထွက်လာပါတယ်။ သင်္ဘောက လမ်းမှာ ၃ ညအိပ်ရပါတယ်။ နိုဝင်္ဘာလ ၂၁ ရက်နေ့မှာ ကာလာကတ္တားကို ညနေ ၁၂ နာရီမှာ ရောက်ပါတယ်။ ညနေ ၅ နာရီရထားနဲ့ ဒေလီကို နိုဝင်္ဘာလ ၂၂ ရက်နေ့ ညနေ ၈ နာရီ လောက်ရောက်ပါတယ်။

NN ။ ရခိုင်ပြည်သူတွေကို ဘာများ အမှာစကား ပြောချင်ပါလဲ။
Lu Lu ။ ရခိုင်ပြည်သူတွေအနေနဲ့ အုပ်ချျုပ်သူတွေရဲ့ မတရားဖိနှိပ်မှုတွေ ခံနေရတာကို ခေါင်းငုံမခံဘဲ အကြမ်း မဖက်သော နည်းတွေနဲ့ ပါ၀င်တိုက်ပွဲဝင်ကြဖို့ ပြောလိုပါတယ်။ နောက်တခုက ပြောချင် တာကတော့ အတွင်းအပြင် ရခိုင်ပါတီတွေကို ပြောချင်ပါတယ်။ ရခိုင်ပါတီတွေ အားလုံး တညီတညွတ်တည်း ဖြစ်လာဖို့ ကြိုးစား ကြစေချင်ပါတယ်။

Most read this week