မွန်နှင့် ကရင်ပြည်နယ်တွင် ရာဘာစျေးနှုန်း ကျဆင်း

မွန်နှင့် ကရင်ပြည်နယ်တွင် ရာဘာစျေးနှုန်း ကျဆင်း
by -
ကေအိုင်စီ

ရာဘာကို အဓိက စီးပွားရေးလုပ်ငန်း အဖြစ် စိုက်ပျိုးလုပ်ကိုင်နေကြသည့် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်းရှိ ဒေသများတွင်ယခုရက် ပိုင်းအတွင်း ရာဘာစျေးများ ကျဆင်းနေသည် ဟု ရောင်းဝယ်များက ပြောဆိုနေကြသည်။

“အခုရက်ပိုင်း ရာဘာစျေး ပြန်ကျသွားတယ်။ ကျနော်တို့ကတော့ ဝယ်တုန်းပဲ။ ရောင်းတဲ့လူတွေကပဲ စျေးမကောင်းလို့ သူတို့ မရောင်းချင်ကြတာ။ လှောင်ထားကြတာပေါ့။ စျေးက မငြိမ်ဘူးဖြစ်နေတယ်။ ဒီထက်ကျရင်လည်း ကျအုံးမယ်။”ဟု မုဒုံမြို့ပေါ်ရှိ ရာဘာရောင်းဝယ်နေသူတစ်ဦးက ပြောသည်။

ရာဘာကို အပါးနှင့် အထူဟူ၍ နှစ်မျိုးနှစ်စား ထုတ်လုပ်ရာ ယခင်က ရာဘာအရည်အသွေး အကောင်းဆုံးဟု သတ်မှတ်သည့် အပါး တစ်ပေါင်လျှင် ၁,၃၀၀ကျပ် စျေးအနည်းဆုံး ရှိနေရာမှ ယခုဆိုလျှင် တစ်ပေါင် ၁,၀၀၀ကျပ်အထိ ကျဆင်းသွားသည်။
rubber1
ထို့အပြင် ရာဘာအထူစျေးနှုန်းမှာလည်း ယခင် တစ်ပေါင် ၁,၀၀၀ကျပ်စျေးမှ ရ၀၀ကျပ်ကို ကျဆင်းသွားခြင်း ဖြစ်သည်။

ရာဘာစျေးကျရခြင်း၏ အဓိကအကြောင်းရင်းကို မသိရှိရသော်လည်း တနေရာနှင့် တနေရာ ရာဘာအရောင်း အဝယ် ပြုလုပ်သူများ အပေါ် မူတည်ပြီး စျေးနှုန်းကွာဟမှုရှိနေသည့်အတွက် အတိအကျ ပြောဆိုရန် ခက်ခဲကြောင်း အဆိုပါ ရာဘာကုန်သည်က ပြော သည်။

အလားတူ ရာဘာစိုက်ပျိုးမှုများသည့် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်ဘက်တွင်လည်း ရာဘာစျေး ကျဆင်းသွားကြောင်း ၎င်းမြို့နယ်အတွင်း ရာဘာအရောင်းအဝယ် လုပ်နေသူ အမျိုးသမီးတဦးက ပြောသည်။
rubber
သူမက “ဒီဘက်မှာ အထူပဲ လုပ်ကြတာများတယ်။ ကျမတို့က ဒီကထွက်တဲ့ရာဘာကို လိုက်ဝယ်ပြီးတော့ မုဒုံအဝယ်ဒိုင်တွေမှာ သွားသွင်းတယ်၊ အခုတလောက စျေးကမငြိမ်ဘူးဖြစ်နေတယ်၊ စျေးကျတော့ ခြံရှင် တွေက မရောင်းချင်ကြဘူး။”ဟု ကေအိုင်စီသို့ ပြောသည်။

ယခုလို ရာဘာစျေးမကောင်းသည့်အချိန်တွင် ရာဘာခြံပိုင်ရှင်အများစုက မိမိတို့၏ ရာဘာကို ရောင်းထုတ် ခြင်း မပြုကြဘဲ စျေး ကောင်းပြန်ရသည့်အချိန်ထိ သိုလှောင်ထားကြလေ့ရှိသည်။

မွန်ပြည်နယ် မုဒုံမြို့နယ်ရှိ ရာဘာခြံပိုင်ရှင် ဦးကျော်က “ရာဘာစျေးမကောင်းတော့ ကျနော်တို့ မရောင်းဘူး။ ထားထားအုံးမယ်။ စျေး ပြန်ကောင်းလာတော့မှ ရောင်းမယ်၊ ဝယ်တဲ့လူတွေကတော့လိုက်ဝယ်နေကြတာပဲ လေ။”ဟု ဆိုသည်။

မွန်ပြည်နယ်၊ ကရင်ပြည်နယ်များမှ ထွက်ရှိသည့် ရာဘာများကို သက်ဆိုင်ရာ ဒေသရှိ ရာဘာအဝယ်ဒိုင်များမှ တဆင့် ရန်ကုန်နှင့် မန္တလေးမြို့ရှိ အဝယ်ဒိုင်ကြီးများထံသို့ တင်ပို့ရောင်းချကြသည်။

မွန်ပြည်နယ်သည် တနိုင်ငံလုံးရှိ ရာဘာစိုက်ပျိုးမြေ ဧက၏ ၃၇ ဒဿမ ၆ ရာခိုင်နှုန်းဖြင့်ရာဘာအများဆုံး စိုက်ပျိုးသည့် ပြည်နယ်ဖြစ် သည်။ ၁၉၈၈ခုနှစ်မှစ၍ ၂၂နှစ်တာကာလအတွင်း ထိုဒေသတွင် ရာဘာစိုက် ပျိုးမြေဧက ၅ဆကျော် တိုးလာကြောင်း မြန်မာ့အလင်း သတင်းစာ၌ ဖော်ပြထားသည်။

မြန်မာပြည်မှ ထွက်ရှိသည့် ရာဘာကို တရုတ်နိုင်ငံသို့ အဓိကတင်ပို့နေပြီး စင်ကာပူနှင့် ဂျပန်နိုင်ငံသို့လည်း တင်ပို့နေသည်။ သို့ သော် ယခုနှစ်တွင် ပြည်ပသို့ ရာဘာတင်ပို့မှုနှုန်းမှာလည်း ကျဆင်းလျှက်ရှိကြောင်း ကုန်သည်များ၏ ပြောပြချက်များအရ သိရ သည်။

Most read this week