ကြ့ံခိုင်ရေး၊ အုပ်ချုပ်ရေးမှူး ကျေးရွာသားများမှ တရားမဝင် ငွေကောက်

ကြ့ံခိုင်ရေး၊ အုပ်ချုပ်ရေးမှူး ကျေးရွာသားများမှ တရားမဝင် ငွေကောက်
by -
ခိုင်သိန်း

ရခိုင်ပြည်နယ်ရှိ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တည်ရှိရာ အမ်းမြို့နယ်တွင် ကြံ့ခိုင်ရေး ပါတီဝင် တချို့နှင့် ကျေးရွာ အုပ်ချုပ်မှူးများ ပူးပေါင်းကာ မရှိဆင်းရဲသား တောင်သူများ ထံမှ ငွေများအတင်း အဓမ္မ ကောက်ခံနေကြောင်း ကျေးရွာသားများက သတင်းပေးပို့သည်။

" ကျွန်တော်တို့ ဒလက်ချောင်းမှာရှိတဲ့ အနောက်ရွာ၊ မြောက်ရွာတွေက ကြ့့ံဖွံ့ပါတီဝင်တွေနဲ့ ကျေးရွာ အုပ်ချုပ် ရေးမှူးတွေဟာ ရွာမှာ လောင်း(လှေ)ငယ်တွေနဲ့ ထင်းခုတ်၊ ၀ါးခုတ်၊ ကြိမ်ခုတ် ပြီးတော့ ၀မ်းစာ ရှာစားနေကြတဲ့ မရှိ ဆင်းရဲသားတွေဆီက ငွေတွေ အတင်းအဓမ္မ ကောက်ခံပါတယ်။ သူတို့ ကောက်ခံတဲ့ ငွေကို မပေးရင် မသွားရဘူး၊ ကျွန်တော်တို့ မရှိ ဆင်းရဲသားတွေက ဒီအလုပ်ကို မလုပ်ပြန်ရင်လည်း ထမင်းငတ်မှာဆိုတော့ သူတို့တောင်းတဲ့ ငွေကို ပေးနေကြရပါတယ်။" ဟု ဒလက်ချောင်း မြောက်ရွာ သားတဦးက နိရဥ္စရာသို့ ပြောသည်။

တောတောင်များသို့ သွားပြီး ထင်းခုတ်၊ ၀ါးခုတ်၊ ကြိမ်ခုတ်သွားမည့် လောင်း (လှေ)ငယ်တစီးကို ၃၀၀၀ ကျပ်၊ လောင်းကြီးတစီးကို ၅၀၀၀ ကျပ်နှင့် ဘုတ်တစီးကို ၁၀၀၀၀ ကျပ်ထိ ကောက်ခံနေသည်ဟု သူက ပြောသည်။

ယခုကဲ့သို့ ကောက်ခံနေသူများ ကြံ့ခိုင်ရေးပါတီမှ ကျေးရွာ အတွင်းရေးမှူး ဦးအောင်စိုး၊ အဖွဲ့ဝင် ဦးကြည်အောင်၊ ဦးကျော်၊ ဦးကိုကိုလေးနှင့် ဒလက်ချောင်း သစ်တောအုပ် ဇော်ဦးနှင့် ဦးစောရွှေသိန်း တို့ ဖြစ်သည်။

" အခု သူတို့က ၀ါးခုတ်ရင်လည်း ငွေပေး၊ ဟင်းသီးဟင်းရွက် ရောင်းရင်လည်း ငွေပေးရပါတယ်။ သူတို့ တောင်းတဲ့ ငွေကို မပေးနိုင်ဘူးဆိုရင် လူကိုဖမ်းပြီး ရိုက်နှက်တာ၊ အချုပ်ခန်းထဲ ထည့်တာတွေလည်း လုပ်ပါ တယ်" ဟု သူက ပြောသည်။

အမ်းမြို့နယ်အတွင်းရှိ ကျေးရွာအတော်များများတွင် နေထိုင်ကြသော ဒေသခံပြည်သူများမှာ တောတောင်ကို အမှီပြုပြီး သစ်ခုတ်၊ ၀ါးခုတ်၊ တောင်ယာ လုပ်ကိုင်စားသောက်ကြရသူများ ဖြစ်ကြသည်ကိုအခွင့်ကောင်း ယူက ကြံဖွံ့ပါတီဝင်များနှင့် ကျေးရွာ အုပ်ချုပ်ရေးမှူးများက ယခုကဲ့သို့ ငွေများ ကောက်ခံနေခြင်း ဖြစ်သည်။

ယခုလုပ်ရပ်ကြောင့် မရှိဆင်းရဲသား တောင်သူများက ခိုကိုးစရာမရှိ ဖြစ်နေကြကြောင်း သူကပြောပြသွား ပါသည်။

ယခု ကျေးရွာသားများ ပြောကြားချက်နှင့် ပတ်သက်ပြီး သီးခြား အတည်ပြုချက် ရယူနိုင်ခြင်း မရှိသေးပါ။

Most read this week