ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ UNFC ၏ ဆက်စပ်အဖွဲ့များကို အစိုးရက တွေ့ဆုံဆွေးနွေးရန် ကမ်းလှမ်းမှုမရှိကြသေးဟု အဖွဲ့တာဝန်ရှိသူများက ပြောသည်။
ချင်းမိုင် (မဇ္စျိမ) ။ ။ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ၏ ဆက်စပ် အဖွဲ့များကို အစိုးရက တွေ့ဆုံဆွေးနွေးရန် ကမ်းလှမ်းမှုမရှိကြသေးဟု အဖွဲ့တာဝန်ရှိသူများက ပြောသည်။
နိုင်ငံရေးပါတီ၊ လက်နက်ကိုင်တပ်အင်အား၊ နယ်မြေနှင့် လူထုအပေါ်မူတည်ပြီး UNFC ကို အခြေခံနှင့် ဆက်စပ် အဖွဲ့ဟူ၍ နှစ်မျိုးခွဲထားရာ ဆက်စပ်အဖွဲ့များတွင် ကချင်အမျိုးသား အစည်းအရုံး KNO၊ ပလောင် ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF၊ လားဟူ ဒီမိုကရက်တစ်သမဂ္ဂ LDU၊ ညီညွတ်သော ရခိုင် အမျိုးသားပါတီ NUPA၊ ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ PNLO၊ ဝ' အမျိုးသားအဖွဲ့ချုပ် WNO တို့ ဖြစ်ကြသည်။
UNFC အခြေခံအဖွဲ့များအနက် ကရင်အမျိုးသားအစည်းအရုံး၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ၊ ချင်းအမျိုးသား တပ်ဦးတို့နှင့် သီးခြားစီတွေ့ဆုံမှုကို ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်းက နိုဝင်ဘာ ၁၉ ရက်နေ့တွင် ထိုင်း-မြန်မာ နယ်စပ် ချင်းရိုင်ခရိုင်၊ မယ်ဆိုင်မြို့တွင် ပြုလုပ်ခဲ့သည်။
ထို့အပြင် ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) ခေါ် ရှမ်းပြည်တိုးတက်ရေးပါတီ SSA/ SSPP နှင့် တိုင်းရင်းသား
ရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီဥက္ကဋ္ဌ ဦးသိန်းဇော်တို့ အောက်တိုဘာ ၂၉ရက်နေ့ တွင်နေပြည်တော်၌ တွေ့ဆုံခဲ့ကြသေးသည်။
“အပစ်ရပ်ကတော့ တဖွဲ့ချင်း လုပ်တယ်ဆိုပေမယ့် အပစ်ရပ်နောက်မှာ နိုင်ငံရေးဆွေးနွေးပွဲ ပါရမယ်လို့ UNFC က တောင်းဆိုထားတာ။ ကျနော်တို့ကတော့ UNFC ထဲမှာ ပါထားတယ်ဆိုတော့။ UNFC အစည်းအဝေးက ဆုံးဖြတ်တာ လိုက်လုပ်ရမှာပေါ့။” ဟု ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့မှ ခွန်ဥက္ကာက ပြောသည်။
UNFC ကလည်း အခြေခံအဖွဲ့ ခြောက်ဖွဲ့မှ တဖွဲ့စီပါဝင်ပြီး ဆက်စပ်အဖွဲ့ တဦးပါသည့် ဆွေးနွေးရေးအဖွဲ့တခု ဖွဲ့စည်းပြီး ကိုင်ဆွဲရမည့်အချက်များ၊ ဆွေးနွေးပွဲအဆင့်ဆင့်နှင့် တင်ပြမှုအဆင့်ဆင့်တို့ ပြင်ဆင်ထားသည်။ အဖွဲ့ခေါင်းဆောင်မှာ UNFC အတွင်းရေးမှူး နိုင်ဟံသာဖြစ်ပြီး လဖိုင်လှ KIO၊ ဗိုလ်မှူးခွန်ဥက္ကာ PNLO၊ဦးအောင် ဆန်းမြင့် KNPP၊စောဒေါလေးမူ (ယာယီ) KNU၊ ဦးစိုင်းထူး SSA/SSPP၊ ပေါလ်ဆီတာ CNF တို့သည် အဖွဲ့ဝင်များ ဖြစ်သည်။
ပအိုဝ်းတပ်ဖွဲ့ အင်အားနည်းသဖြင့် ရှမ်းပြည်တောင်ပိုင်း ဟိုပုန်း၊ မောက်မယ်နှင့် လင်းခေးမြို့နယ်များအတွင်း လူထု စည်းရုံးရေးလုပ်ငန်းများကိုသာ ဦးစားပေးပြီး အစိုးရတပ်များနှင့် အပစ်ခတ်မရှိဟု ခွန်ဥက္ကာက ပြောသည်။ အလားတူ အခြား ဆက်စပ်အဖွဲ့များသည်လည်း အင်အားကြီးအဖွဲ့များ မဟုတ်ဟု ဆိုသည်။
အစိုးရက သြဂုတ်လ ၁၈ ရက်နေ့က အပစ်ရပ်လိုသည့် တိုင်းရင်းသားအဖွဲ့အစည်းအများ အနေဖြင့်သက်ဆိုင် ရာပြည်နယ် အစိုးရများသို့ ဆက်သွယ် ဆောင်ရွက်နိုင်ကြောင်း ကြေညာထားသော်လည်း UNFCအဖွဲ့ဝင်များ က မဆက်သွယ်သဖြင့် အစိုးရဘက်မှ စတင်၍ လိုက်လံညှိနှိုင်းနေရသည်။
PSLF ကမူ သူတို့ အဖွဲ့သည် ပလောင်နယ်မြေအတွင်း တပ်ဖွဲ့အခိုင်အမာ ခြေကုတ်မယူနိုင်သေးသဖြင့် အစိုးရက မကမ်းလှမ်းခြင်းဟု ယူဆသည်။ အဖွဲ့အနေဖြင့်မူ စတင်သွားရောက်တွေ့ဆုံမည် မဟုတ်ကြောင်း PSLF အတွင်းရေးမှူး မိုင်ဘုန်းကျော်က ဆိုသည်။
ထိုင်း-မြန်မာနယ်စပ်တွင်လည်း တပ်ဖွဲ့ဝင်တချို့ရှိနေသည့် PSLF အဖွဲ့သည် ယခုအခါ ပလောင်အများစုရှိသည့် ရှမ်းပြည်နယ်မြောက်ပိုင်း သံလွင်မြစ် အနောက်ဘက် ကွတ်ခိုင်၊ မန်တုံ၊ နမ့်စမ်၊ နမ့်ခမ်း ဒေသများနှင့် ခြေလျင် တရက်ခရီးသာ ကွာဝေးသည့် KIO တပ်မဟာ-၃ နယ်မြေတွင် အခြေခံ၍ တပ်ဖွဲ့တဖွဲ့ ထပ်ထူထောင်နေပြီး “ကချင်နဲ့ တိုက်ပွဲ ဆက်ဖြစ်နေမယ်ဆိုရင် ဒီနှစ်ကုန်ရင် ကချင်နဲ့ ပူးတွဲစစ်ဆင်ရေးတွေ ကျနော်တို့ စလုပ်တော့မယ်။ ကျနော်တို့ နယ်ထဲ ပြန်ဝင်ပြီပေါ့။” ဟု မိုင်ဘုန်းကျော်က ဆက်ပြောသည်။
လားဟူ ဒီမိုကရက်တစ်သမဂ္ဂ LDU ဒုဥက္ကဋ္ဌ ဗိုလ်မှူးဆော်လမွန်ကမူ ရှမ်းပြည်အရှေ့ပိုင်း သံလွင်အရှေ့ဘက် ကျိုင်းတုံ၊ မိုင်းပြင်း၊ မိုင်းတုံ၊ မိုင်းဖြတ်၊ မိုင်းဆတ်၊ တာချီလိတ်မြို့နယ်များတွင် သူတို့၏တပ်များကို လျှို့ ဝှက်ဖွဲ့စည်း ထားပြီး UNFC ၏ ဆုံးဖြတ်ချက်အတိုင်း ဆောင်ရွက်သွားမည်ဟု ဆိုသည်။ “ကျနော်တို့က ဖျောက်ထားတဲ့ သဘောလောက်ပဲရှိတယ်။ ရှမ်းပြည်မှာ အင်အားကြီးတဲ့ UWSA က ဘာမှမလုပ်ဘဲသွားလုပ် လိုက်ရင် လူထုက လည်း ထောက်ခံမှာမဟုတ်ဘူး။ လက်နက်တွေကတော့ တောထဲမှာ ဝှက်ထားတယ်။”ဟု ပြောသည်။
UNFC ၏ ဆုံးဖြတ်ချက်ကို လိုက်နာဆောင်ရွက်သွားမည်ဟု ဆုံးဖြတ်သည့် နောက်တဖွဲ့မှာ ဝ’ အမျိုးသား အဖွဲ့ချုပ် WNO ဖြစ်ပြီး ထိုင်း-မြန်မာနယ်စပ် ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်မြို့နယ်နှင့် မျက်နှာချင်းဆိုင်၊ ရှမ်းပြည်နယ် တောင်ပိုင်း လွယ်လင်၊ နမ့်စမ်မြို့နယ်တွင် အခြေချလှုပ်ရှားနေသည်။ လက်ရှိတွင် WNOဗဟို ကော်မတီများက အစည်းအဝေးလုပ်နေပြီး ရှမ်းပြည်နယ် မြောက်ပိုင်းရှိ UWSA ဝ’ တပ်ဖွဲ့ ထံမှလည်း အကြံဉာဏ်ရယူသွားရေး ပါဝင်သည်ဟု WNO ယာယီ အတွင်းရေးမှူး တာ့အိုက်ရီ ကပြောသည်။
“လောလောဆယ်တော့ ကိုယ့်ဟာကိုယ် ရပ်တည်နေဆဲပဲ။ မဆက်သွယ်ရင်လည်း တော်လှန်ရေးဘဝနဲ့ပဲ ဆက်သွား မှာပေါ့။ တိုက်ပွဲတွေတော့ လောလောဆယ်မဖြစ်သေးဘူး။ ကျနော်တို့ အင်အားကို အဝေးကနေ ခေါ်ရတာပေါ့။ ဥပမာ တန့်ယန်း၊ လားရှိုးဘက်တွေကပေါ့။” သူက ပြောသည်။ တပ်ဖွဲ့ဝင်အင်အားမည်မျှရှိ သည်ကိုမူ ပြောဆိုရန် သူက ငြင်းဆိုသည်။
တန်းတူရေးအတွက် ဖွဲ့စည်းထားသည့် UNFC ၏ ဥက္ကဋ္ဌမှာ ဗိုလ်ချုပ်အင်ဘန်လ KIO၊ ဒုဥက္ကဋ္ဌ အေဘယ်တွိ (KNPP)၊ အတွင်းရေးမှူး နိုင်ဟံသာ (NMSP)၊ တွဲဘက်အတွင်းရေးမှူး စောဒေါလေးမူ (KNU) တို့ဖြစ်ပြီး အဖွဲ့ဝင်များ၏ တပ်ဖွဲ့ဝင် အားလုံးပါသော ဖက်ဒရယ်တပ်မတော်တရပ်ကို ဖွဲ့စည်းရန်ပြင်ဆင်နေကာ KNU စစ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး က ဦးဆောင်မည်ဟုလည်း မေလအတွင်းကဆုံးဖြတ်ထားခဲ့ကြသေး သည်။