ရန်ကုန်တိုင်းအတွင်း အငှားကားများနှင့်မီးဖိုချောင် တွင် အသုံးပြုနေသည့် ဓာတ်ငွေ့(Gas) စျေးမှာ နိုဝင်ဘာလလယ်မှစ၍ နှစ်ဆနီးပါးခန့် မြင့်တက် သွားသဖြင့်ဓာတ်ငွေ့ရောင်းဝယ် သူများနှင့် အငှား ကားမောင်းသူများအခက်တွေ့လျက်ရှိ သည်ဟု သိရသည်။
ဒဂုံမြို့သစ် ဓာတ်ငွေ့အရောင်းဆိုင်မှ ဆိုင်ရှင်တစ်ဦးက “စျေးတက်တာက ၁၆ရက်နေ့ကပါ။ ဂက်စ်စျေးက အရင်ကဆို ၅,၇၆၄ ကျပ်လေ။ အခုတော့ ၁၅,၀၀၀ကို တက်သွားတာ။ ”ဟု ကေအိုင်စီသို့ ပြောသည်။
ယင်းသို့ ဓာတ်ငွေ့ဂက်စ်စျေးနှုန်း မြင့်တက်သည်ကို သတင်းစာ၊ ရုပ်မြင်သံကြားများတွင် အများသိစေရန် ကြိုတင် အသိပေး ထားခြင်း မရှိဘဲ စျေးမတက်ခင် သုံးရက်အလိုတွင်သာ ဓာတ်ငွေ့အရောင်းဆိုင်ကြီးများရှေ့၌ ဆိုင်းပုဒ်ကပ်ထားခြင်းဖြစ်၍ စျေး တက်သည့်နေ့မှသာ လာရောက်ဝယ်ယူကြသူများအဖို့ အခက်အခဲဖြစ်ကြရသည်ဟုလည်း ၎င်းက ဆက်လက် ပြောဆိုသည်။
“စျေးမတက်ခင် သုံးရက်အလိုကတော့ ဆိုင်ရှေ့မှာ ဆိုင်းပုဒ်ကပ်ထားတာတယ်။ တချို့က စျေးတက်တာ မသိလို့ ထုတ်တဲ့နေ့ မှာ လာဝယ်တော့မှ ငွေကို ဟိုချေးဒီချေးနဲ့ ဒုက္ခရောက်ကြတယ်။ ဘာစာမှလည်း မထုတ်ဘူး။ စျေးတက်တာမေးလည်း မသိဘူး ဘဲ ပြောတယ်။”ဟု ဆိုသည်။
အစိုးရပိုင် ဓာတ်ငွေ့အရောင်းဆိုင်များတွင် စျေးနှုန်းနှစ်ဆ မြင့်တက်သွားသော်လည်း ပုဂ္ဂလိက ဓာတ်ငွေ့ ဆိုင်များတွင်မူ ယနေ့ အထိ ယခင် စျေးနှုန်းများအတိုင်းသာ ရောင်းချပေးနေဆဲဖြစ်သည်ဟု သိရသည်။ ပုဂ္ဂလိကဆိုင်များတွင် ဓာတ်ငွေ့တစ်အိုးလျှင် ၂,၂၅၀ကျပ်နှုန်းဖြင့် ပေးဝယ်နေရပြီး အပြင်စျေးနှုန်းမှာ ၂,၄၀၀ကျပ် ဖြစ်သည်။
ရန်ကုန်မြို့ခံ အများစုက ၀ယ်ယူအသုံးပြုနေကြသည့် ဓာတ်ငွေ့များမှ စင်္ကာပူနိုင်ငံမှ တင်သွင်းလာခြင်းဖြစ်ပြီး ထိုင်းနိုင်ငံမှ တင် သွင်းလာသော ဓာတ်ငွေ့ဗူးများမှာမူ စျေးနှုန်းမြင့်တက်ခြင်း မရှိပေ။
ယခုလို ဓာတ်ငွေ့စျေးနှုန်း နှစ်ဆတက်လာသည့်အပေါ် အလုံမြို့နယ်ရှိ အစိုးရပိုင်ဓာတ်ငွေ့အရောင်းဆိုင်သို့ ကေအိုင်စီက ဆက်သွယ်မေးမြန်းရာ ဆိုင်မန်နေဂျာက နေပြည်တော်မှ စျေးတက်ခိုင်းသဖြင့် တက်ရခြင်းဖြစ် ကြောင်း ပြန်လည် ဖြေကြားခဲ့ သည်။
ဓာတ်ငွေ့ဂက်စ် အသုံးပြုသည့် ရန်ကုန်မြို့ခံတစ်ဦးက “အခုထိတော့ အပြင်ဆိုင်တွေမှာ စျေးကအရင်အတိုင်း ပဲ ၀ယ်သုံးနေရ သေးတယ်။ နောက်ပိုင်းတော့ မသိဘူး။ ဓာတ်ငွေ့ထုတ်စျေး တက်တယ်ကြားကတည်းက ဘယ်တော့ ရောင်းစျေးတက်မလဲ စိုးရိမ်နေရတာလေ။ ကားခတွေကလည်း လောလောဆယ် ပုံမှန်ပါပဲ”ဟု ပြောသည်။
ရန်ကုန်မြို့ပေါ်တွင် ၂၀၀၀ခုနှစ်မတိုင်ခင်ကတည်းက ဓာတ်ငွေ့များကို အနည်းငယ် အသုံးပြုခဲ့ကြသော်လည်း ကားများတွင် ဓာတ်ငွေ့များ ထည့်သွင်းမောင်းနှင်မှု များလာသည့် ၂၀၀၄ခုနှစ်မှစ၍ အိမ်တိုင်းလိုလိုပင် ဓာတ်ငွေ့ သုံးစွဲမှု များလာခြင်းဖြစ် သည်။
စွမ်းအင်ဝန်ကြီးဌာနက တိုက်ရိုက် ထုတ်ယူရောင်းချခွင့်ပေးထားသည့် အစိုးရပိုင် ဓာတ်ငွေ့(ဂက်စ်)အရောင်းဆိုင်များမှာ ရန်ကုန်တိုင်းအတွင်း အလုံ၊ ဒဂုံ၊ အင်းစိန်နှင့် သံလျင်မြို့နယ်များ၌ ရှိသည်။
သို့သော် ပြည်နယ်ဒေသရှိ မြို့နယ်များ၌မူ နီးစပ်ရာ အိမ်နီးချင်း ထိုင်းနိုင်ငံများမှ ဓာတ်ငွေ့ဂက်စ်အိုးများကိုသာ ၀ယ်ယူအသုံးပြု နေကြခြင်း ဖြစ်သည်။