ကျောက်ဆောင်နှင့်တိုက်မိ၍ အောင်တံခွန် ခရီးသည်တင် သင်္ဘောနစ်ရန် ဖြစ်နေ

ကျောက်ဆောင်နှင့်တိုက်မိ၍ အောင်တံခွန် ခရီးသည်တင် သင်္ဘောနစ်ရန် ဖြစ်နေ
by -
မောင်အေး

ရခိုင်ပြည်နယ် ပြည်တွင်းရေကြောင်း ခရီးစဉ် အတွင်း ပြေးဆွဲနေသော အောင်တံခွန် သင်္ဘော အမှတ် (၂) သည် ကျောက်ဖြူမြို့နယ် အတွင်း ပင်လယ်ဝ တစ်နေရာတွင် ကျောက်ဆောင် တစ်ခု နှင့့် တိုက်မိ၍ သင်္ဘောနစ်ရန် ဖြစ်နေကြောင်း သတင်း ရရှိသည်။

သို့အတွက် တခြား အကူ သင်္ဘောများကို သင်္ဘောပေါ်ပါသွားသော ခရီးသည်များကို ကယ်တင်ရန် အဆိုပါ နေရာသို့ စေလွှတ်လိုက်ပြီ ဖြစ်သည်။

Ship-in-Arakan
အောင်တံခွန် ၂ သင်္ဘောသည် ယမန်နေ့ (နိုဝင်္ဘာလ ၂၁) ရက်နေ့က စစ်တွေမှ တောင်ကုတ်သို့ ထွက်ခွာ သွားစဉ် နောင်တော်ကြီး နောင်တော်ချေ ပင်လယ်အော်တွင် ကျောက်ဆောင် တစ်ခုနှင့် တိုက်မိရာမှ သင်္ဘောနစ်ရန် ဖြစ်နေကြောင်းကို စစ်တွေ ရေကြောင်းပို့ဆောင်ရေး ရုံးမှ တာဝန်ရှိသူ တစ်ဦးက အတည်ပြုပြောကြားသည်။

" သင်္ဘောက မနေ့က နံနက် ၆ နာရီမှာ ထွက်သွားပါတယ်။ နောင်တော်ကြီး နောင်တော်ချေ အရောက်မှာ ကျောက်ဆောင်နဲ့ တိုက်မိပြီး နစ်မလို ဖြစ်နေပါတယ်။ ခရီးသည်တွေကိုတော့ အခု ကုန်းပေါ် ကယ်တင် ထားလိုက်ပါပြီ။ အခုအချိန်ထိတော့ သင်္ဘော မနစ်သေးပါဘူး" ဟု ပြောသည်။

စစ်တွေမှ နောက်ထပ် သင်္ဘော တစ်စီးကို သင်္ဘောပေါ်တွင် ပါသွားသော လူများကို ကယ်ဆယ်စေလွှတ်လိုက် ပြီ ဖြစ်ကြောင်း အဆိုပါ အရာရှိမှ အတည်ပြု ပြောကြားသည်။

"နောက်ထပ် အောင်တံခွန် အမှတ်(၃) ကို စစ်တွေကနေပို့လိုက်ပါပြီ။ သင်္ဘောပေါ်မှာလူတွေကို ကယ်တင်ဖို့ အတွက်ပါ။ ဒီနေ့နံနက်ပိုင်းမှာဆိုရင် ရောက်သွားနိုင်ပါတယ်။ တခြား ကျောက်ဖြူက အစိုးရ သင်္ဘောတွေ လည်း လိုက်သွားတယ်လို့ သတင််း ရပါတယ်" ဟု ဆက်ပြောသည်။

၎င်းပြင်သူက "လူတွေကို ကယ်တင်ထားလိုက်ပြီ ဆိုတာတော့ သတင်း ရပါတယ်။ နောက်ထပ် အခြေအနေ တွေ ဘယ်လို ဖြစ်နေတယ်ဆိုတာတော့ တိတိကျကျ သတင်းမရနိုင်သေးတဲ့ အတွက် မပြောနိုင်သေးပါ "ဟု ပြောသည်။

အဆိုပါ သင်္ဘောနစ်ရန် ဖြစ်နေသည်ဆိုသော သတင်းကြောင့် သင်္ဘောနှင့် လိုက်ပါသွားသူ မိသားစုများက လည်း စိုးရိမ်နေကြသည်ဟု သင်္ဘောသား ရပ်ကွက်နှင့် နီးစပ်သူ တစ်ဦးက ဆိုသည်။

ရခိုင်ပြည် ကျောက်ဖြူခရိုင် အတွင်းတည် ရှိသော နောင်တော်ကြီး နောင်တော်ချေမှာ ပင်လယ်ဝတွင် တည်ရှိပြီး အလွန် လိူင်းကြီးကာ သင်္ဘောနှင့် ခရီးသွားသူများ အနေဖြင့် အဆိုပါနေရာသို့ ရောက်ပါက "ဘုရားတ"ပြီး သွားရသော ပင်လယ်ပြင် ဖြစ်ကြောင်း သိရသည်။

Most read this week