ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ပလောင်ဒေသများတွင် အစိုးရအာဏာပိုင်များနှင့် လက်ဝေခံလုပ်ငန်းရှင် များ၏ လယ်ယာမြေ အဓမ္မ သိမ်းဆည်းမှု များ ကြောင့် တောင်သူမိသားစု ၆၃ ရာခိုင်နှုန်းခန့်မှာ လယ်ယာခြံမြေများ ဆုံးရှုံးနေရ သည်ဟု တအာင်း (ပလောင်) ကျောင်းသားနှင့် လူငယ်များအစည်း အရုံး (TSYO) က ပြောဆိုလိုက်သည်။
ယနေ့ထုတ်ပြန်သည့် TSYO ၏ “ခြံမြေများ အဓမ္မသိမ်းပိုက်ခံရခြင်း” အမည်ရှိ အစီရင်ခံစာတွင် ရှမ်းပြည် နယ်မြောက်ပိုင်းရှိ မြို့ နယ် ၁၀မြို့နယ်မှ ပြည်သူများ၏ လယ်မြေ၊ ခြံမြေ၊ လက်ဖက်ခြံဧကပေါင်း ခန့်မှန်းခြေ ၄၂,၉၄၀ကျော် အဓမ္မ သိမ်းဆည်းခံရသ ဖြင့် မိသားစု ၈,၅၈၈ကျော် ထိခိုက်ခံစားနေရသည်ဟုဖော်ပြထား သည်။
အစီရင်ခံစာ တာဝန်ယူ ပြုစုသူ TSYO မှ မိုင်းပါင်လက “တအာင်းဒေသမှာ ပလောင်ပြည်သူတွေဟာ လယ်ယာမြေ သိမ်းဆည်း မှုခံနေရတယ်။ ခံရပေမယ့် အစိုးရဘက်က လာရောက်ကူညီပေးတာမရှိဘူး။ ဥပေက္ခာပြုခံနေရတာကို ကျနော်တို့က ထင်ပေါ် စေချင်လို့၊ လယ်မြေသိမ်းဆည်းခံရတဲ့လူတွေကို တစုံတရာ ကူညီပေးချင်လို့ ဒီအစီရင်ခံစာကို ထုတ်ပြန်ရတာဖြစ်တယ်”ဟု ပြောသည်။
လယ်ယာသိမ်းဆည်းခံရမှု၏ အဓိက အကြောင်းရင်းမှာ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ရွှေလီရေအားလျှပ်စစ် ဓာတ်အားပေးရေ ကာတာ ၃ခု၊ ရွှေသဘာဝဓါတ်ငွေ့၊ ရေနံပိုက်လိုင်းများနှင့် တရုတ်-မြန်မာ ပို့ဆောင် ဆက်သွယ်ရေး မီးရထားစီမံကိန်းတို့ကြောင့် ဖြစ်သည်။
၎င်းအပြင် နမ့်ဆန်မြို့နယ်တွင် စစ်တပ်တိုးချဲ့ခြင်း၊ လာဘ်စားမှုများ၊ လမ်းတိုးချဲ့ဖောက်လုပ်နေခြင်းနှင့် ကြက်ဆူစီမံကိန်းများ၏ ဦးတည်ရာ အကျိုးဆက်အဖြစ် မြန်မာစစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုမျိုးစုံ တို့ကို ဒေသခံ တအာင်းပြည်သူများ ခံစားနေ ရသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။
လယ်မြေသိမ်းဆည်းခံရသူ ဒေသခံတစ်ဦးက “ကျနော် အရမ်းဝမ်းနည်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အာဏာပိုင်တွေ ကျနော့်ခြံမြေကို သိမ်းပြီးတဲ့နောက်သုံးရက်မှာ ကျနော့်ဇနီးလည်း အသက်ဆုံးသွားတယ်။ ကျန်တဲ့သားနှစ်ယောက်လည်း သူတို့ အမေ သေဆုံးသွားနောက်ပိုင်း အိမ်မှာ မနေချင်တော့ဘူး။ အထက်တန်း ကျောင်းတက်နေတဲ့ သမီးနှစ်ယောက်ကလည်း ကျောင်းထွက်ကြရတယ်။ မှီခိုရာဆိုလို့ခြံမြေပ ရှိတယ်။ တခြားအလုပ်ထပ်ရှာဖို့လည်း ကျနော်တို့မှာ အတွေ့အကြံုမရှိ အင်မ တန်မှ ခဲယဉ်းတယ်”ဟု အစီရင်ခံစာ၏ သတင်းထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။
စာမျက်နှာ (၇၀) ပါ အင်္ဂလိပ်-မြန်မာ နှစ်ဘာသာထုတ်ဝေသည့် ၎င်းအစီရင်ခံစာပါ အချက်အလက်များကို TSYO က ၂၀၀၉ခု နှစ်၊ ဧပြီလမှ ၂၀၁၁ခုနှစ်၊ ဧပြီလအထိ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ နမ့်ဆန်၊ မန်တုံ၊ နမ့်ခမ်း၊ မူဆယ်၊ လားရှိူး၊ ကျောက်မဲ၊ သီပေါ၊ သိန္ဓီ၊ ကွတ်ခိုင်နှင့် နမ္မတူ စသည့်မြို့နယ်များတွင် ကွင်းဆင်း ကောက်ခံခဲ့ခြင်းဖြစ်သည်။
ယင်းသို့ လယ်မြေသိမ်းဆည်းခံရသည့် ပလောင်ပြည်သူများမှာ နောက်ဆက်တွဲအနေဖြင့် မိမိအရပ်ဒေသတွင် လုပ်ကိုင်စား သောက်၍ မရဖြစ်ကာ သောင်းနှင့်ချီသည့် ပလောင်လူငယ်လူရွယ်များမှာ တရုတ်နိုင်ငံသို့ထွက်ခွာ ရွှေ့ပြောင်းကာ အလုပ်လုပ် ကြရသည်ဟု TSYO က ပြောသည်။
မြန်မာအစိုးရအနေနှင့် ပြည်သူလူထုတို့၏ အိုးအိမ်၊ ခြံမြေများနှင့် ပစ္စည်းပိုင်ဆိုင်ခွင့်ကို လေးစားလိုက်နာရန်၊ လူ့အခွင့်အရေး ချိုးဖောက်များကို ရပ်တန့်ရန်နှင့် အစိုးရနှင့် နိုင်ငံခြားကုမ္ပဏီများအနေဖြင့် လူမှုအသိုင်းအဝိုင်း အပေါ် ဆိုးကျိုးသက်ရောက်စေ မည့် ဖွံ့ဖြိုးရေးစီမံကိန်းများကို အကောင်အထည်ဖော်ရာတွင် ဒေသခံပြည် သူလူထုများနှင့် တိုင်ပင်ဆွေးနွေးမှုများ လုပ်ဆောင် သင့်ကြောင်း TSYO က တိုက်တွန်းလိုက်သည်။
ယခု အစီရင်ခံစာသည် တအာင်းကျောင်းသားနှင့် လူငယ်များအစည်းအရုံး (TSYO) ၏ ပထမဦးဆုံး သီးသန့် ထုတ်ဝေခြင်းဖြစ်ပြီး ယခင်က ဘိန်း၊ လက်ဖက်၊ ပညာရေး၊ ရွေးကောက်ပွဲ စသည့်အစီရင်ခံစာများကို ပလောင်အမျိုးသမီးအစည်းအရုံး (PWO) ၊ ပလောင်ပြည်လွတ်မြောက်ရေးတပ်ဦး (PSLF) တို့နှင့် ပူးတွဲ ထုတ်ပြန်ခဲ့သည်။