နေပြည်တော်နှင့် ထပ်မံဆွေးနွေးပြီးပါကဒေါ်အောင် ဆန်းစုကြည်ပါဝင်သော ပင်လုံကဲ့သို့အစည်းအဝေး ထပ်မံဖြစ်ပေါ် လာစေရန် စွမ်းဆောင်မည်ဟု သျှမ်းပြည် တပ်မတော် (တောင်ပိုင်း) ဟု လူသိများသည့် RCSS/ SSA နှင့်ပဏာမတွေ့ဆုံပွဲ၌ ရထားပို့ဆောင်ရေး ဝန်ကြီးက ပြောကြားခဲ့ကြောင်း သိရသည်။
“သျှမ်းပြည်အေးချမ်းမှုကိုလိုလားတယ်လို့ ဦးအောင်မင်းပြောတယ်။ နေပြည်တော်နဲ့ အောင်မြင်စွာဆွေး နွေးပြီးရင် ဒေါ်အောင်ဆန်းစုကြည်ပါဝင်တဲ့ ယခင်ပင်လုံညီလာခံ ပုံစံဖြစ်အောင် နေပြည်တော်မှာ လုပ်မယ်။ ပင်လုံတုန်းကထက်ပို ကောင်းတဲ့ ညီလာခံလဲဖြစ်ချင်ဖြစ်လာနိုင်တယ်လို့လဲပြောသွားတယ်” - ဆွေးနွေးပွဲ တက်ရောက်ခဲ့သည့် သျှမ်းသံတော် ဆင့်အယ်ဒီတာ စဝ်ခင်းဆာယီကပြောသည်။
ဦးအောင်မင်းက - လက်ရှိ မြန်မာအစိုးရကြုံတွေ့နေရသော အခက်အခဲ ၃ ရပ်မှာ ၁- နိုင်ငံတကာ၏ ပိတ်ဆို့မှု၊ ၂- ဒေါ် အောင်ဆန်းစုကြည်ပြဿနာ၊ ၃- တိုင်းရင်းသားပြဿနာတို့ဖြစ်သည်။ ဤစုရပ်အနက် ပထမ ၂ ရပ်ကို ဖြေရှင်းပြီးပြီဖြစ်ကြောင်း ပြောဆိုခဲ့သေးသည်ဟုသိရသည်။
စဝ်ယွက်စစ်ဦးဆောင်သည့် RCSS /SSA တပ်ဖွဲ့မှ စက်ပစ္စည်းများအား ဗုံးခွဲဖျက်ဆီးမည်ကို စိုးရိမ်သဖြင့် ၎င်းတာဝန် ယူ နေသော သျှမ်းပြည်တောင်ပိုင်းမှ အရှေ့ပိုင်းသို့ မီးရထားလမ်းဖောက်လုပ်နေမှုအားခေတ္တ ရပ်ဆိုင်းထားရကြောင်း ရထားပို့ ဆောင်ရေးဝန်ကြီး ဦးအောင်မင်းကပြောသည်ဟုဆို၏။
“ပြည်ထောင်စုတိုင်းရင်းသား လူဦးရေသန်းပေါင်း ၆၀ ရဲ့အကျိုးကို ကြည့်ပြီးတော့ ငြိမ်းချမ်းရေးအတွက် စဉ်းစားစေချင် တယ်လို့ ဦးအောင်မင်းက ပြောတယ်။ BGF အတွက် စိတ်မပူနဲ့။ BGF လုပ်ဖို့လုံးဝ မတိုက် တွန်းတော့ဘူးတဲ့။ ပြည်သူ့ စစ်ဘဲလုပ်။ လက်နက်ကိုင်ထား။ မြန်မာအစိုးရကိုမယုံကြည် တဲ့ချိန် အချိန်မရွေး တောပြန်ခိုနိုင်တယ်။ ပြန်တိုက်နိုင်တယ် ” ဟု ဦးအောင်မင်းက အာမခံသွားကြောင်း လွယ်တိုင်းလျဲန်း၏ ‘အစိုးရနှင့်တွေ့ဆုံဆွေးနွေးရေးကော်မတီ’ ဝင် တဦးကပြောသည်။
ဦးအောင်မင်းပြောဆိုတင်ပြမှုအပြီး ဒု-ဗိုလ်ချုပ်ကြီးယွက်စစ်က - မိမိတို့ဖက်မှ တင်ပြချက် ၄ ချက် ကို ဦးအောင်မင်းထံ ပေးကမ်းခဲ့ပြီး - ဖိနှိပ်ချုပ်ချယ်မှုကြောင့် စစ်မီးလျှံအတွင်း မလွှဲသာမရှောင်သာတိုးဝင် ခဲ့ရကြောင်း၊ မိမိသည်လည်း ပြည် ထောင်စုသားတဦးဖြစ်သည့်အားလျော်စွာ ပြည်ထောင်စုသား၏ဖွံ့ဖြိုး တိုးတက်ရေး အတွက် တဖက်တလမ်းမှပါဝင်ပူးပေါင်း မည်ဖြစ်ကြောင်း၊ ထိုသို့ပါဝင်ပူးပေါင်းနိုင်ရေး အတွက် အစိုးရ နှင့် မိမိတို့အကြား ယုံကြည်မှုတည်ဆောက်နိုင်ရန် အဓိက ဖြစ်နေကြောင်း ပြော၏။
“ကျနော်တို့ သျှမ်းပြည်သားတွေ အမှောင်ထုထဲမှာနေလာရတာ နှစ်ပေါင်း ၅၀ ကျော်ပါပြီ။ ခုကျနော်တို့ တွေ့ဆုံ ဆွေးနွေး မှုဟာ သျှမ်းပြည်လူထုအတွက် ရောင်ခြည်ဦးလေးလို့ဆိုနိုင်ပါတယ်။ သို့ပေမယ့် မပြောင်းလဲဘဲ ဆက်လက်အဖိနှိပ်ခံ နေရဦးမယ်ဆိုရင်တော့ ထွန်းတောက်လာမယ့် နေအလင်းတွေဟာ နေကျပ်လို့ အမှောင်ထု ဖုံးလွမ်း မှေးမှိန်ပျောက်ကွယ် သွားမှာကိုစိုးရိမ်ရတယ်” - ဟုလည်းစဝ်ယွက်စစ် ကပြောသည်။
နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် မဖြေရှင်းဘဲ စစ်အင်အားသုံး လက်နက်ကိုင်ဖြေရှင်းသဖြင့် မြန်မာ စစ်တပ်အပေါ် လူထု၏ နာကျည်းမှုဒဏ်ရာကို အချိန်ပေးကုစားဖို့မြန်မာ့တပ်မတော်ကလည်း သဘောထား ကြီးကြီးထားရမည်ဖြစ်ကြောင်း လည်း စဝ်ယွက်စစ်က ဖြည့်စွက်ပြောကြားခဲ့သည်ဟုဆို၏။
ထို့အပြင် နိုင်ငံတကာနှင့်သင့်မြတ်မှု၊ ဒေါ်အောင်ဆန်းစုကြည်နှင့် လက်တွဲပူးပေါင်းမှု၊အာဆီယံဥက္ကဌ ဖြစ်လာ မှုကြောင့် ဖွံ့ဖြိုးတိုးတက်လာပြီဟု မဆိုနိုင်သေးကြောင်း၊ အိမ်နီးချင်းနိုင်ငံသို့ထွက်ပြေးပုန်းခို နေရခြင်း၊ နှစ် ၂၀ ကြာ အပစ် ရပ်သည် ဟုဆိုသော်လည်း ယနေ့တိုင်ပစ်ခတ်တိုက်ခိုက်နေရခြင်း တို့မှာ ဖွံ့ဖြိုးတိုးတက်မှု၏ အဖြေဖြစ်ကြောင်း RCSS ခေါင်းဆောင် ကပြော၏။
ဦးအောင်မင်းက - လွန်ခဲ့သည့် နှစ် ၂၀ က ထာဝရ ငြိမ်းချမ်းရေးအတွက် ရည်ရွယ်ခဲ့သော်လည်း မအောင်မြင်ရ ခြင်းမှာ ပြည်သူ လူထုပါဝင်ခွင့်မရခြင်းကြောင့်ဖြစ်ကြောင်းပြောကြားစဉ် RCSS ခေါင်းဆောင်က၎င်းအားဝမ်း သာအားရလက်ဆွဲ နှုတ်ဆက် ခဲ့ကြောင်း သိရသည်။
တိုင်းရင်းသားနယ်မြေ၌ တိုင်းရင်းသားက ထိန်းချုပ်ခြင်းမှာ အသင့်လျော်ဆုံးဖြစ်ပြီး ငြိမ်းချမ်းရေး ဆွေးနွေး ခဲ့ပြီးပါက စီးပွါး ရေး ဖွံ့ဖြိုးတိုးတက်မှု၌ ပြည်ထောင်စုအစိုးရ က အခွန်အနည်းငယ်သာ ကောက်ယူမည်ဖြစ်ပြီး စက်ရုံ လုပ်ငန်းလည်ပတ် နိုင်ပြီဆိုပါက ဒေသခံလူထုလည်းအိမ်နီးချင်းနိုင်ငံသို့ ထွက်ပြေးခိုလှုံခြင်း ပြုလုပ် တော့မှာမဟုတ်ကြောင်း၊ ထို့ထက်မက အိမ်နီးချင်းနိုင်ငံကပင် မိမိတို့ဒေသသို့ လာရောက်အလုပ်လုပ်ကြ မည်ဖြစ်ကြောင်း ဦးအောင်မင်းကပြော၏။
စဝ်ခင်းဆာယီကဆက်၍ - “ အခုလည်းတိုင်းရင်းသားစာပေသင်ကြားခွင့်ကိစ္စမှာ မွန်၊ သျှမ်း နဲ့ ကရင် စတဲ့ တိုင်းရားသား စာပေကစာသင်ကျောင်း၌ ဘာသာရပ်တခုအဖြစ် သင်ကြားခွင့်ပေးနေပြီလို့ ဦးအောင်မင်း ကပြောတယ်။ ဒါကြောင့် စဝ် ယွက်စစ် အကြံပြုတဲ့ - နိုင်ငံတော်ကာကွယ်ရေးမှာ မြန်မာ့တပ်မတော်သာ တာဝန်ရှိတာမဟုတ်။ လူတိုင်းမှာတာဝန်ရှိ တယ်- ဆိုတဲ့အချက်ဖွဲ့စည်းပုံဥပဒေကို ပြန်သွားရမယ်လို့ ဦးအောင်မင်းကပြောတာ။ လိုအပ်တာဖြည့်ချင်တာပြင်ချင်တာရှိရင်လွှတ်တော်ထဲမှာ ပြင်လို့ရတယ်- အဲလိုပေါ့”
“အဓိကအချက်က ဦးအောင်မင်းပြောသွားတာက- ခင်ဗျားတို့ SURA (လွယ်တိုင်းလျဲန်း) အဖွဲ့နဲ့ SSA (ဝမ့်ဟိုင်း) အဖွဲ့နဲ့ ပေါင်းပြီးမှ အစိုးရကိုယ်စားလှယ်နဲ့ဆွေးနွေးမယ်ဆိုတဲ့အချက်အစား အစိုးရနဲ့ အရင် ဆွေးနွေးပြီးမှ ပူးပေါင်းရင်ပိုသင့်လျော် မယ်ထင်တယ်တဲ့။ ဘာလို့လဲဆိုတော့ ပူးပေါင်းပြီးမှဆိုရင် အချိန်ယူ ရဦးမှာ မို့လို့ - တဲ့ ။ စဝ်ယွက်စစ်က- ဆွေးနွေးသဘော တူညီချက်အတွက်တောင်ကြီးတက် လက်မှတ်ရေးထိုးဖို့ ကိုယ်စားလှယ်လွှတ်လိုက်မယ်တဲ့။ ဘယ်နေ့ဘယ်ရက်မှာတောင် ကြီးတက်မယ်ဆို တဲ့အကြောင်း ရ ရက် ကြို တင်အကြောင်းကြားဖို့ ဦးအောင်မင်းကပြောပြီးဆွေးနွေးပွဲရုပ်သိမ်းလိုက် တယ်” ဟု ပြောသည်။
နိုဝင်ဘာ ၁၉ ရက်က အစိုးရဖက်မှ ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်း၊ ဒေါက်တာ နေဝင်းမောင်၊ ဒေါက်တာ ကျော် ရင်လှိုင်၊ ဦးတင်မောင်သန်းနှင့် RCSS/SSA မှ ဒု ဗိုလ်ချုပ်ကြီးယွတ်စစ်၏ “အစိုးရနှင့် တွေ့ဆုံဆွေးနွေးရေး ကော်မတီ”မှ အဖွဲ့ဝင်အချို့ ထိုင်း-မြန်မာနယ်စပ်တစ်နေရာ၌ တွေ့ဆုံဆွေးနွေး ခဲ့ကြသည်။
ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်ရန် ပထမအဆင့်အနေဖြင့် အစိုးရဖက်မှ
၁။ နှစ်ဦးနှစ်ဖက် အပစ်ရပ်စဲရန်
၂။ နှစ်ဖက်ဆက်ဆံရေးရုံးများထားရှိရန်
၃။ တဖက်နယ်မြေထဲသို့ ဝင်ရောက်မည်ဆိုပါက လက်နက်ယူဆောင်ခြင်း မပြုရန်
၄။ နေပြည်တော်အစိုးရကိုယ်စားလှယ်နှင့် တွေ့ဆုံဆွေးနွေးရေးအတွက် နေ့ရက်၊ နေရာ၊ အချိန် သတ်မှတ်ရန် -တင်ပြသည်။
သျှမ်းပြည်တပ်မတော် ဖက်မှလည်း
၁။ နှစ်ဦးနှစ်ဖက်အပစ်ရပ်ရန်
၂။ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးဆွေးနွေးမှုဖြင့် ဖြေရှင်းရန်
၃။ မိမိနယ်မြေ၌ ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများ လုပ်ဆောင်သွားနိုင်ရန်၊ အထူးဖွံ့ဖြိုးရေးဒေသကို သတ်မှတ်ရန် နှင့်
၄။ မူးယစ်ဆေးဝါးကို ပူးပေါင်းတိုက်ဖျက်သွားရန် - ဟူသည့် အချက် ၄ ချက်ကို အစိုးရကိုယ်စားလှယ်များထံသို့ တင်ပြ တောင်းဆိုခဲ့ သည်ဟု သိရှိရပါသည်။
နှစ်ဦးနှစ်ဖက်ယုံကြည်မှုတည်ဆောက်ရန် တွေ့ဆုံဆွေးနွေးခြင်းသက်သက်သာဖြစ်ပြီးမည်သည့် သဘောတူ ညီမှု လက် မှတ်ရေးထိုးခဲ့ခြင်းမရှိသေးဟု ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးလောင်ဆိုင်က သျှမ်းသံတော်ဆင့်သို့ ပြောပြသည်။
နိုဝင်ဘာ ၁၉ ရက်နေ့ နေပြည်တော်ကိုယ်စားလှယ် မီးရထားဝန််ကြီးနှင့်အဖွဲ့အား သီးခြားစီတွေ့ဆုံခဲ့ သည့် သျှမ်းပြည် တပ်မတော်(တောင်ပိုင်း) တပ်ဖွဲ့ RCSS/SSA ၊ ကရင်အမျိုးသားအစည်းအရုံး KNU၊ချင်းအမျိုး သား တပ်ဦး CNF တို့ က အပစ်ရပ်ရန် ပဏာမအဆင့် သဘောတူညီမှုရခဲ့ပြီး၊ ကချင်လွတ်လပ်ရေးအဖွဲ့ KIO နှင့် ကရင်နီအမျိုးသားတိုးတက် ရေးပါတီ KNPP တို့ကလည်း ထပ်မံတွေ့ဆုံဆွေးနွေး မည်ဟု သဘောတူညီမှု ရရှိခဲ့သည်။