သျှမ်းပြည်တပ်မတော် တောင်ပိုင်း ဟုလူသိများ သည့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည် တပ်မတော် RCSS/SSA နှင့် အစိုးရ ကိုယ်စားလှယ်တို့ ယမန်နေ့၌ ငြိမ်းချမ်းရေးကိစ္စ ပဏာမတွေ့ဆုံဆွေးနွေး ခဲ့ကြ ကြောင်းသိရှိရပါ သည်။
“ယုံကြည်မှုတည်ဆောက်ဖို့ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးတာ ဖြစ်ပါတယ်။ ပထမဆုံး ကျနော်တို့ကို အစိုးရ ကိုယ်စား လှယ်တွေက ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်ဖို့ ချမှတ်ထားတဲ့ အဆင့် ၃ ဆင့်နဲ့ ရှင်းပြတယ်” ဟု RCSS/SSA ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးလောဝ်ဆိုင် က ပြောပါသည်။
ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်ရန် ပထမအဆင့်အနေဖြင့်
၁. နှစ်ဦးနှစ်ဖက် အပစ်ရပ်ဆဲရန်
၂. နှစ်ဖက်ဆက်ဆံရေးရုံးများထားရှိရန်
၃. အစိုးရဖက်မှ RCSS/SSA နယ်မြေထဲသို့ ဝင်ရောက်သည်ဖြစ်စေ၊ RCSS/SSA ဖက်မှ အစိုးရနယ်မြေထဲသို့ ဝင်ရောက်သည်ဖြစ်စေ လက်နက်ယူဆောင်ခြင်း မပြုရန်
၄. နေပြည်တော်အစိုးရနှင့် တွေ့ဆုံဆွေးနွေးရေးအတွက် နေ့ရက်၊ နေရာ၊ အချိန် သတ်မှတ်ရန် -တို့ဖြစ်သည်။
ပထမအဆင့်လုပ်ငန်းစဉ်များ ဆောင်ရွက်ပြီးစီးပါက အစိုးရနှင့် အပစ်ရပ်အဖွဲ့တို့ သဘောတူသတ်မှတ်ထားသည့် နယ်မြေ၌ ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများကို ဒုတိယအဆင့်၌ ပြုလုပ်သွားမည်ဖြစ်သည်ဟုဆို၏။
“တတိယအဆင့်ကတော့ အစိုးရကနေပြီး နေပြည်တော်မှာ အစည်းအဝေးပြုလုပ်ပေးမယ်။ အစိုးရအဖွဲ့ အပစ် ရပ်အဖွဲ့တွေ နိုင်ငံရေးပါတီကအမတ်တွေအားလုံးနဲ့ လွှတ်တော်ထဲမှာ နိုင်ငံရေးပြဿနာအတွက် အဖြေရှာကြဖို့၊ ဆွေးနွေးကြဖို့ ဖြစ်ပါတယ်” ဟု ဗိုလ်မှူးလောဝ်ဆိုင် က ဆက်ပြောပါသည်။
ယမန်နေ့ နိုဝင်ဘာ ၁၉ ရက် ထိုင်း-မြန်မာနယ်စပ်တစ်နေရာ၌ အစိုးရဖက်မှ ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်း၊ ဒေါက်တာ နေဝင်းမောင်၊ ဒေါက်တာ ကျော်ရင်လှိုင်၊ ဦးတင်မောင်သန်းနှင့် RCSS/SSA မှ ဒုဗိုလ်ချုပ်ကြီး ယွတ်စစ်၊ “အစိုးရနှင့်တွေ့ဆုံဆွေးနွေးရေးကော်မတီ”မှ အဖွဲ့ဝင်အချို့တို့ တွေ့ဆုံဆွေးနွေး ခဲ့ကြသည်။
သျှမ်းပြည်တပ်မတော် တောင်ပိုင်းဖက်မှ အစိုးရကိုယ်စားလှယ်များထံသို့ ၁. နှစ်ဦးနှစ်ဖက်အပစ်ရပ်ဆဲရန် ၂. နိုင်ငံရေး ပြဿနာကို ငြိမ်းချမ်းစွာ ဖြေရှင်းရန် ၃. မိမိနယ်မြေ၌ ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများ လုပ်ဆောင်သွား နိုင်ရန် နှင့် ၄. မူးယစ်ဆေးဝါးကို ပူးပေါင်းတိုက်ဖျက်သွားရန် - ဟူသည့် အချက် ၄ ချက်ကို တင်ပြတောင်းဆိုခဲ့ သည်ဟု သိရှိရပါသည်။
နှစ်ဦးနှစ်ဖက် ယုံကြည်မှု တည်ဆောက်ရန် တွေ့ဆုံဆွေးနွေးခြင်း သက်သက်သာဖြစ်ပြီးမည်သည့် သဘောတူညီမှု လက် မှတ်ရေးထိုးခဲ့ခြင်း မရှိသေးကြောင်း၊ ပထမအဆင့်လုပ်ငန်းစဉ်များကို သဘောတူညီလက်မှတ်ရေးထိုး နိုင်ရန် ပြန်လည် ဆွေးနွေးသုံးသပ်မည်ဖြစ်ကြောင်း၊ မိမိတို့ဖက်မှ လက်မှတ်ရေးထိုးရန် အဆင်သင့်ဖြစ်လျှင် အစိုးရအဖွဲ့အား အကြောင်းပြန် မည်ဖြစ်ကြောင်း ဗိုလ်မှူးလောဝ်ဆိုင်က ပြောပါသည်။