ရခိုင်လူငယ် ၁၁ ယောက် အုပ်စုထဲမှ ကိုခိုင်ကျော်မိုးနှင့် ကိုဇော်ထွန်းနိုင် အင်းစိန်ထောင်မှ လွှတ်မြောက်လာ

ရခိုင်လူငယ် ၁၁ ယောက် အုပ်စုထဲမှ ကိုခိုင်ကျော်မိုးနှင့် ကိုဇော်ထွန်းနိုင် အင်းစိန်ထောင်မှ လွှတ်မြောက်လာ
by -
နိရဥ္စရာ

၂၀၀၉ ခုနှစ်က ဖမ်းဆီး ထောင်ချခံရသော ရခိုင် လူငယ် (၁၁) ဦးထဲမှ ခိုင်ကျော်မိုးနှင့် ဇော်ထွန်းနိုင် နှစ်တို့သည် ယနေ့ (နိုဝင်္ဘာလ ၁၈ ရက်) နံနက်က အင်းစိန်ထောင်ထဲမှ ထောင်ရက်စေ့ သဖြင့် ပြန်လည် လွှတ်မြောက် လာခဲ့သည်။

InseinPrisondtlကိုခိုင်ကျော်မိုးက သူတို့ လွှတ်မြောက်လာကြောင်းကို ယခုလို နိရဥ္စရာသို့ ပြောသည်။

" ဒီကနေ့ နံနက်က ကျွန်တော်နဲ့ ဇော်ထွန်းနိုင်တို့ အင်းစိန်ထောင်က လွှတ်လာပါတယ်။ လွှတ်လာတာက ထောင်သက်တမ်းစေ့တဲ့ အတွက် လွှတ်လာတာ ဖြစ်ပါတယ်။"

သူတို့ ထောင်ချခံရသည့် အကြောင်းအရင်းကိုလည်း သူက ယခုလို ပြောသည်။

" မတရား အသင်းအဖွဲ့ ပုဒ်မ ရ နဲ့ တရားစွဲပြီး ထောင်ချလိုက်တာပါ ။ ရခိုင်ပြည်လုံး ဆိုင်ရာ ကျောင်းသားနှင့် လူငယ်များ အစည်းအရုံး AASYC ရဲ့ အဝေးရောက် Coordinator ဆိုပြီးတော့ ကျွန်တော့်ကို  ထောင်ချ လိုက်တာပါ။ ကျွန်တော်တို့ တဖွဲ့လုံးက AASYC နဲ့ ပတ်သက်ပါတယ်။ ၂၀၀၉ ခုနှစ်မှာ ကျွန်တော် တို့ ၁၁ ဦး အဖမ်း ခံရပါတယ်။ ၂၀၁၀ ခုနှစ် ၁၁ လပိုင်းမှာ ကျွန်တော်နဲ့ ဇော်ထွန်းနိုင်ကို တယောက်ကို ထောင်သုံးနှစ်စီ ချလိုက်ပါတယ်။ နောက်ထပ် ၈ ဦးကတော့ ထောင်ထဲမှာ ကျန်နေခဲ့ပါသေးတယ်"

လက်ရှိ အင်းစိန်ထောင်ရှိ နိုင်ငံရေး အကျဉ်းသားများ၏ အခြေအနေကိုလည်း ကိုခိုင်ကျော်မိုးက ယခုလို ပြောသည်။

" ထောင်ထဲမှာ ကျွန်တော်တို့ နိုင်ငံရေး အကျဉ်းသားတွေကို အရင်နဲ့ စာရင် နည်းနည်း ဦးစားပေးလာတာ ကို တွေ့ရပါတယ်။ နောက်ပြီးတော့ ဆေးကုသခွင့်တွေလည်း နည်းနည်း ခွင့်ပြု ပေးလာတာကိုတွေ့ရပါ တယ်။ ဒါပေမယ့့် သာမန် အကျဉ်းသားတွေကတော့ ဘာ အခွင့်အရေး မှ မရှိသေးဘူး။ နိုင်ငံရေး အကျဉ်း သားတွေ ခုလို ဦးစားပေးလာတာက ပြည်တွင်းထဲမှာ ပြောင်းလဲ လာနေတဲ့ နိုင်ငံရေး ရာသီ ဥတုရပ်ဝန်းနဲ့ လိုက်ပြီးတော့ သူတို့က နည်းနည်း လျော့ပေါ့ပေးတယ်လို့ နားလည် ရပါတယ်။ ကျန်ကိစ္စတွေကတော့ အပြောင်းအလဲ မရှိသေးပါဘူး။ အယင် ပုံစံ ဒီဇိုင်း အတိုင်းပါဘဲ။ လူကြီးတွေ လာရရင် ထောင်ထဲက အခန်းတွေကို ထုံးသုတ်တယ်။ ဟိုဟာ ဒီဟာ လုပ်တယ်။ Window Dressing အဆင့်ပဲ ရှိပါသေးတယ်။"

ကိုခိုင်ကျော်မိုးနဲ့ အတူ ထောင်ထဲက လွတ်လာတဲ့ ကိုဇော်ထွန်းနိုင်ကလည်း သူထောင်ထဲက လွှတ်လာတဲ့ အတွက် ဖြစ်ပေါ်မိသော ခံစားမူကို ယခုလို ပြောသည်။

" ဘယ်လို ခံစားရသလဲဆိုရင် ထောင်ကလွတ်တော့ ပျော်ပါတယ်။ ဒါပေမယ့် ပျော်သင့်သလောက် မပျော်နိုင်ပါဘူး။ ဘာဖြစ်လို့ဆိုတော့ ထောင်ထဲမှာ ကျန်နေခဲ့တဲ့ ကိုယ့်အမှုတွဲတွေနဲ့ ကိုယ် ထောင်ကျနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ မျက်နှာတွေကို မြင်ပြီးတော့ အထူး စိတ်မကောင်း ဖြစ်မိပါတယ်။ ခံစားချက်တွေကတော့ ပြောလို့မရအောင်ထိပါဘဲ" ဟု ပြောသည်။

ယခုကဲ့သို့ ထောင်ချခံရခြင်း အပေါ် သူ့အမြင်ကိုလည်း ယခုလို ပြောသည်။

" ကိုယ့်လူမျိုး၊ ကိုယ့်နိုင်ငံသားတွေ အတွက် အလုပ် လုပ်လို့ ထောင်ကျရတာ ဖြစ်တဲ့အတွက်ဂုဏ်ယူပါတယ်။ ၀မ်းနည်းမူ တခုလည်း မဖြစ်ပါ။ ဒီလုုပ်ရပ်ဟာ နိုင်ငံသားတိုင်း လူမျိုးတိုင်း လုပ်ရမယ့် အလုပ်ပါ။ ဒါကြောင့် ၀မ်းမနည်းပါဘူး" ဟု သူက ပြောသည်။

ကိုခိုင်ကျော်မိုးနှင့် ကိုဇော်ထွန်းနိုင်တို့မှာ ကျန်းမာရေးကောင်းကြောင်းနှင့် အနာဂတ်တွင် မြန်မာပြည်တွင် ငြိမ်းချမ်းရေး ရရှိရန်နှင့် ရခိုင်လူငယ်များ ဖွံ့ဖြိုးတိုးတက်ရန် အတွက်ကြိုးပမ်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။

၎င်းပြင် ထောင်ထဲတွင်ကျန်နေခဲ့သော ထွန်းလင်းကျော်၊ ကိုကျော်ဝင်း၊ ကိုမဲလုံး အပါ၀င် လုပ်ဖေါ်ကိုင်ဘက် (၈) ဦး လွှတ်မြောက်လာရေး အတွက် အင်တိုက်အားတိုက် ကြိုးစား ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။

Most read this week