၂၀၁၄ ခုနှစ် အာဆီယံဥက္ကဋ္ဌ မြန်မာ

၂၀၁၄ ခုနှစ် အာဆီယံဥက္ကဋ္ဌ မြန်မာ
by -
ခရစ်စတင်း

ဘာလီ (မဇ္ဈိမ) ။     ။ လာမည့် ၂ဝ၁၄ခုနှစ််အတွက် မြန်မာနိုင်ငံကို အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ အဖြစ် ခန့်အပ်ရန် နိုဝင်ဘာ ၁၇ရက်နေ့တွင်အာဆီယံခေါင်း ဆောင်များက သဘောတူကြောင်း အတည်ပြု လိုက်ပြီဖြစ်သည်ဟု နိုင်ငံတော် သမ္မတ အကြံပေး (နိုင်ငံရေး)မှ  ဦးကိုကိုလှိုင်ကသတင်းထောက်များ ကို ပြောကြား လိုက်သည်။

ကြာသပတေးနေ့က ကျင်းပနေသည့် အာဆီယံ ခေါင်းဆောင်များ ထိပ်သီး အစည်းအဝေးတွင် ထိုကဲ့သို့ အတည်ပြုပေးလိုက်ခြင်း ဖြစ်ပြီး မြန်မာနိုင်ငံ အလှည့်ကျ ဥက္ကဋ္ဌဖြစ်ရေးအတွက် ကန့်ကွက်သူ မရှိကြောင်း သိရသည်။

"ဒီလို ဥက္ကဌရာထူး ခန့်အပ်ခံရတာဟာ မြန်မာအစိုးရတင် မကဘူး။ မြန်မာပြည်သူပြည်သားတွေရဲ့ အောင်ပွဲဖြစ်ပါတယ်" ဟု ဦးကိုကိုလှိုင်က ပြောသည်။

ထိုအတွက် ခေါင်းဆောင်များ အတည်ပြုကာ လက်မှတ်ရေးထိုးကြမည် ဖြစ်ကြောင်း ယင်းက ဆက်လက်ပြောသည်။

သတင်းထောက်များကို ဆက်လက်ပြောဆိုခဲ့သည်မှာ မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်ခြင်းကြောင့် အလှည့်ကျ ဥက္ကဋ္ဌ အဖြစ် တာဝန် ထမ်းဆောင်ရန် အခွင့်အရေးရှိကြောင်းနှင့် ဆောင်ရွက်ရန် အရည်အချင်း ရှိနေပြီဖြစ်သောကြောင့် ခေါင်းဆောင်များက အတည်ပြုခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုသည်။

နိုဝင်ဘာ ၁၅ ရက်နေ့က အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများက ထိုအလှည့်ကျ ဥက္ကဋ္ဌ ရာထူးကို ပေးရန် သဘောတူညီခဲ့ကြပြီးနောက် ယခု ခေါင်းဆောင်များ၏ အတည်ပြုချက်အရ ၂ဝ၁၄ ဥက္ကဋ္ဌ တာဝန်ကို ထမ်းဆောင် ရတော့မည် ဖြစ်သည်။

အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး Marty Natalegawaသည် မြန်မာနိုင်ငံကို အလှည့်ကျ အာဆီယံဥက္ကဋ္ဌ ရာထူးပေးရေး မပေးရေး ဆုံးဖြတ်ရန်အတွက် အချက်အလက် စုဆောင်းသောအားဖြင့် အစိုးရ အရာရှိများ၊ အတိုက်အခံနိုင်ငံရေးပါတီများ အပါအဝင် အခြားအဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များနှင့် တွေ့ဆုံရန် အောက်တိုဘာလက မြန်မာနိုင်ငံသို့ လာရောက်ခဲ့သေးသည်။

မဇ္စျိမသတင်းဌာန၏ ဇူလိုင်လက သတင်းတပုဒ်တွင်လည်း မြန်မာအစိုးရအနေဖြင့် အာဆီယံ ဥက္ကဋ္ဌရာထူး လက်ခံရေး အတွက် ပြင်ဆင်သည့် အနေဖြင့် အဆောက်အအုံများ၊ အားကစားကွင်းများနှင့် အခြားလိုအပ်သည် များကို စီစဉ်ဆောင်ရွက်ရန် အစိုးရက ကော်မတီတရပ် ဖွဲ့စည်းခဲ့ကြောင်း ဖော်ပြခဲ့သည်။

ကော်မတီ ဥက္ကဋ္ဌမှာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ဖြစ်ပြီး ပြည်ထောင်စုအဆင့် ဒုတိယဝန်ကြီးများ အပါအဝင် အဖွဲ့ဝင် ၂၀ခန့် ပါရှိသည်။

မြန်မာနိုင်ငံသည် ၂ဝဝ၆ ခုနှစ်က အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌနေရာကို ရယူရန် အခွင့်အရေး ရှိခဲ့သော်လည်း
မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်မှှုများကြောင့် အဝေဖန်ခံရကာ ဥက္ကဋ္ဌနေရာ မရဘဲဖြစ်ခဲ့သည်။

အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌနေရာကို သာမန်အားဖြင့်၂ဝ၁၆ ခုနှစ်မှသာ ရရှိမည်ဖြစ်သော်လည်းလာအိုနိုင် ငံက အလှည့်ကျော်ပေးခဲ့ခြင်းကြောင့် ၂ဝ၁၄ ခုနှစ်တွင် ဥက္ကဋ္ဌ နေရာရယူနိုင်သည့် အခွင့်အရေးရှိခဲ့ရခြင်း ဖြစ်သည်။