AASYC မှ ၉၀ ရွေးကောက်ပွဲနိုင် ပါတီများသို့ အိပ်ဖွင့်စာပို့

AASYC မှ ၉၀ ရွေးကောက်ပွဲနိုင် ပါတီများသို့ အိပ်ဖွင့်စာပို့
by -
မောင်အေး

ရခိုင်ကျောင်းသားနှင့် လူငယ်များအစည်းအရုံး (AASYC) မှ ၁၉၉၀ ခုရွေးကောက် ပွဲတွင် အနိုင် ရရှိခဲ့သည့် NLD နှင့် ALD အပါအဝင် တခြား နိုင်ငံရေး ပါတီများသို့ အိပ်ဖွင့်ပေးစာ တစောင်ကို ရေးသား ပေးပို့ခဲ့သည်။

ရခိုင် ကျောင်းသားနှင့် လူငယ်များဖြင့် အခြေခံ ဖွဲ့စည်းထားသော ထိုင်း အခြေစိုက် AASYC သည် အဆိုပါ အိပ်ဖွင့် ပေးစာကို နိုဝင်္ဘာလ ၁၅ ရက်နေ့က ရေးသားပေးပို့ခဲ့သည်။

အိပ်ဖွင့်ပေးစာ ရေးသား ပေးပို့ ရခြင်း၏ အဓိက အကြောင်းအရင်းကို အဖွဲ့ ပြောရေး ဆိုခွင့်ရှိသူ ကိုထွန်းဇော်က ယခုကဲ့သို့ ပြောသည်။

" ၁၉၉၀ ခုရွေးကောက်ပွဲမှာ ၀င်ပြိုင်ခဲ့တဲ့ ပါတီတွေက အခု ထပ်ပြီး ပါတီ မှတ်ပုံတင်ဖို့နဲ့ ရွေးကောက်ပွဲ ၀င်ဖို့အတွက် ပြင်ဆင်နေတဲ့ အနေထားကိုတွေ့ရပါတယ်။ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံကို လက်ခံပြီး ရွေးကောက်ပွဲ ၀င်လိုက်ရင် အရင်က ရှိခဲ့တဲ့ ရပ်တွေချက်တွေ တိမ်းစောင်းသွားနိုင်တယ်။ ဒါကြောင့် အရင်ရှိခဲ့တဲ့ မိမိတို့ ရပ်တည်ချက်တွေကို ပြန်လည်သုံးသပ်ပြီး လုပ်ဆောင် သွားဖို့နိုင်ဖို့အတွက် ခုလို အိပ်ဖွင့်ပေးစာကို ရေးသား ပေးပို့ရတာ ဖြစ်ပါတယ်" ဟု ပြောသည်။

AASYC ၏ အိပ်ဖွင့်ပေးစာတွင် ရွှေဂုံတိုင်ကြေငြာချက်မှ နောက်တလမ်းဆုတ်၍ ရပ်တည်ခြင်းဖြင့် တိုင်းပြည်နှင့်လူမျိုးအကျိုးကို ဆောင်နိုင် သည်ထက် လူသတ်၊ ဓားပြ၊ မုဒိန်းကောင်များကို သွယ်ဝိုက် သောနည်းဖြင့် သိဒ္ဓိတင်ပေးရာသာ ရောက်ပေလိမ့်မည်ဟု ဖေါ်ပြသည်။

၎င်းအပြင် ယခု ပြင်ဆင် ပေးလိုက်သည့် ပါတီမှတ်ပုံတင်ခွင့် ဥပဒေမှာလည်း လွှတ်တော်အတွင်းမှာ အတိုက်အခံများကို အိမ်ကြက်ချင်း အိုးမည်းသုတ်ခွပ်ခိုင်းမည့် စစ်အာဏာရှင်များ၏ နည်းပရိယာယ်သာ ဖြစ်ကြောင်း လူကြီးမင်းများ အနေဖြင့် သတိချပ်သင့်ကြောင်း ဖေါ်ပြသည်။

၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် ကိုယ်စားလှယ် (၁၁) နေရာနှင့် တတိယ ကိုယ်စားလှယ် အများဆုံး အနိုင် ရရှိခဲ့သော ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် ပါတီကို ပြန်လည် မှတ်ပုံတင်မည့် သတင်းများ ထွက်ပေါ် နေ၍ AASYC မှ ရေးသား ပေးပို့သော စာနှင့် ပတ်သက်ပြီး အမြင် သဘောထားကို မေးကြည့်ရာပါတီ အတွင်းရေးမှူး ဦးအေးသာအောင်က ယခုကဲ့သို့ ပြောသည်။

"ကျွန်တော်တို့ ဒီကြားဖြတ်ရွေးကောက်ပွဲကို ၀င်ဖို့မစဉ်းစားဘူး။ ဒီလို မစဉ်းရတာကလည်း အခု အချိန်မှာ ALD က အမျိုးသားရေး နိုင်ငံရေး အတွက် ပြင်ဆင်ဖို့နဲ့ အခြေအနေ အရပ်ရပ်တွေကို ပြန်လည် ဆန်းစစ် သုံးသပ်ဖို့ လိုသေးတဲ့ အတွက် ဖြစ်ပါတယ်။"

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်မှာ ၁၉၉၀ ပြည့်ရွေးကောက်ပွဲတွင် တနိုင်ငံလုံးအတိုင်းအတာဖြင့် တတိယ မဲအများ ဆုံးရခဲ့သည့် ပါတီဖြစ်သော်လည်း ရခိုင်ပြည်နယ်ကို အဓိကထားပြီး ပါ၀င် ယှဉ်ပြိုင်ခဲ့သော ပါတီ ဖြစ်သဖြင့် လာမည့် ကြားဖြတ် ရွေးကောက်ပွဲကို ၀င်ရန် ရည်ရွယ်ချက် မရှိကြောင်း ဦးအေးသာအောင်က ပြောသည်။

လက်ရှိ ၂၀၁၀ ရွေးကောက်ပွဲဖြင့် ရခိုင်ပြည်နယ်တွင် အနိုင်ရရှိထားသော RNDP မှ ပြည်နယ် လွှတ်တော် အမတ် ဦးအောင်မြကျော်အား ယခု ထွက်ပေါ်လာသော AASYC ၏ အိပ်ဖွင့် ပေးစာနှင့် ပတ်သက်ပြီး မေးကြည့်ရာ ပါတီ ပေါ်လစီပိုင်း ဖြစ်သဖြင့် ပါတီဥက္ကဌ ဒေါက်တာ အေးမောင်ကို မေးရန် ပြောကြားသည်။

ရခိုင်နိုင်ငံ အရေး ကျွမ်းကျင်သူ ၈၈ မင်းပြားမြို့နယ် သပိတ်ကော်မီတီ အတွင်းရေးမှူး အဖြစ် ဆောင်ရွက်ခဲ့သူ ဦးကျော်မြသာက လက်ရှိ ဖြစ်ပေါ်နေသော နိုင်ငံရေး အခြေအနေများနှင့် ပတ်သက်ပြီး သူ့အမြင်ကို ယခုလို ပြောသည်။

" ALD မှတ်ပုံတင်လာရင် ရခိုင်ပါတီ နှစ်ခုဖြစ်သွားမယ်။ RNDP နဲ့ ALD အပြိုင်ဖြစ်လာမယ်။ ဒီလိုအပြိုင် ဖြစ်လာရင် သူတို့ပါတီတွေကို ထောက်ခံကြတဲ့ လူတွေလည်း အုပ်စုနှစ်ခုဖြစ်လာမယ်။ မြို့တိုင်းရွာတိုင်းမှာ အကွဲအပြဲဖြစ်လာမယ်။ ဒီလိုဖြစ်လာရင် အမျိုးသား ညီညွတ်ရေးလည်း ပျက်သွားမယ်။ ဒီလိုပျက်သွားရင် ရခိုင်ပြည်အတွက် အလုပ်လုပ်တဲ့နေရာမှာ ပိုပြီး အနှောင့်အချက် ဖြစ်မယ်။ အဲလိုအကွဲအပြဲ ဖြစ်လာမယ် ဆိုရင် တခြားပါတီတွေကဘဲ မဲရသွားနိုင်တယ်။ ရခိုင်တွေ ဒီလောက် ဆင်းရဲနေတဲ့ကြားမှာ ထပ်ပြီးရန်ဖြစ် လာဖို့မဖြစ်ရအောင် ကျွန်တော်အနေနဲ့ ALD အနေနဲ့ စောင့်ကြည့်သင့်တယ်လို့ မြင်တယ်" ဟု ပြောသည်။

ယခုအခါ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD သာမက ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ALD တို့မှ ပါတီ ပြန်လည် မှတ်ပုံတင်ပြီး ကြားဖြတ် ရွေးကောက်ပွဲ ၀င်ရန် ပြည်တွင်း ပြည်ပတွင် သတင်းများကျယ်ကျယ် ပြန့်ပြန့် ထွက်ပေါ် နေသည်။

၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ရွေးကောက်တင်မြှောက် လိုက်သည့် လွှတ်တော်ကိုယ်စား လှယ််များ အနက် ပြည်သူ့လွှတ်တော်တွင် နေရာ ၄၀၊ အမျိုးသား လွှတ်တော်တွင် ခြောက်နေရာ၊ တိုင်းဒေသကြီး နှင့် ပြည်နယ် လွှတ်တော်တွင် နှစ်နေရာ စုစုပေါင်း ၄၈ နေရာတွင် လွှတ်တော်ကိုယ်စား လှယ်များလစ်လပ် လျက်ရှိသည်။

အဆိုပါ လစ်လပ်နေသည့်ရေများတွင် ကိုယ်စားလှယ်များ အစားထိုးရန် ကြားဖြတ် ရွေးကောက်ပွဲ အတွက် ပြင်ဆင်ထားကြရန် နိုဝင်ဘာလ ဒုတိယအပတ်က ရွေးကောက်ပွဲ ကော်မရှင်က ပြည်နယ်နှင့် တိုင်းဒေ သကြီးများရှိ အဖွဲ့ခွဲများကို အကြောင်းကြားထားကြောင်း သိရှိရသည်။

Most read this week