စစ်သား ဆိုင်ကယ်တိုက်၍ စစ်တွေတွင် လူငယ် တစ်ဦးသေဆုံး

စစ်သား ဆိုင်ကယ်တိုက်၍ စစ်တွေတွင် လူငယ် တစ်ဦးသေဆုံး
by -
နိရဥ္စရာ သတင်းဌာန

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် စယက ခေါ် စစ််တွေ တက္ကသိုလ်အား လုံခြံုရေး ယူထားသူ စစ်သား တစ်ဦး စီးနှင်းလာသော ဆိုင်ကယ်ဝင် တိုက်သဖြင့် လူငယ် တစ်ဦးသေဆုံးသွားကြောင်း သတင်း ရရှိသည်။

သေဆုံးသွားသူမှာ စစ်တွေမြို့ ကသဲရပ်ကွက် အမှတ်(၃) နေ အဘ ဦးရုပ်ဆိုး၏သား မောင်ဆန်းဝင်း (၂၄ နှစ်) ဖြစ်သည်။ သူသည် ဦးရာဇ်မင်္ဂလာ မော်တော်ယာဉ်တွင် ကားစပယ်ယာ လုပ်ကိုင်နေသူ ဖြစ်သည်။

" တိုက်တာက နိုဝင်္ဘာလ ၉ ရက်နေ့မှာ ဖြစ်ပါတယ်။ မောင်ဆန်းဝင်းသေတာက နိုဝင်္ဘာလ ၁၂ ရက်နေ့ ညနေ ၅ နာရီ ကျော်မှာ စစ်တွေ ဆေးရုံကြီးမှာ ဆုံးသွားပါတယ်။ သူကို ဆိုင်ကယ်တိုက်ခံရပြီး ဆေးရုံကြီးကို ချက်ချင်း ပို့ဆောင်ပါတယ်။ ဒါပေမယ့် ဒဏ်ရာ ပြင်းထန်တော့ ဆိုင်ကယ်တိုက်ပြီး သုံးရက်အကြာမှာ ဆုံးသွားတာ ဖြစ်ပါတယ်" ဟု သူ့၏ မိသားစု တစ်ဦးက နိရဥ္စရာသို့ ပြောသည်။

ဆိုင်ကယ်ဖြင့် ၀င်တိုက်သူ စစ်သားမှာ ရန်ကုန် မင်္ဂလာဒုံ စယက (၂) တပ်ရင်းမှ သိန်းထိုက်အောင် (၂၃ နှစ်) ဖြစ်ပြီး စစ်တွေ တက္ကသိုလ်တွင် တာဝန်ကျနေသူ ဖြစ်ကြောင်း သိရသည်။

ဆိုင်ကယ်တိုက်မူ ဖြစ်စဉ် နှင့် ပတ်သက်ပြီးလည်း သူက ယခုလို ပြောကြားသည်။

" မောင်ဆန်းဝင်းက နိုဝင်္ဘာလ ၉ ရက်နေ့ ညနေမှာ စစ်တွေမြို့ အဝေးပြေး ကားဂိတ်ရှေ့ လမ်းမကြီးပေါ်က ကွမ်းယာဆိုင်မှာ ကွမ်းယာ ၀ယ်နေစဉ်မှာ အဲဒီ စစ်သား စီးနှင်းလာတဲ့ ဆိုင်ကယ်က ၀င်တိုက်တယ်။ မောင်ဆန်းဝင်းမှာ ဘယ်ခြေထောက်ကျိုးသွားတယ်။ ဘယ်နားထင်လည်း ပြင်းထန်စွာ ဒဏ်ရာရသွား တယ်။ ချက်ချင်း စစ်တွေ ဆေးရုံကို ယူတယ်။ ဆေးရုံရောက်တော့ ဆရာဝန်တွေက ဗိုက်ထဲက အူတွေပါ ပိုင်းသွားတယ်လို့ ပြောပါတယ်။"

မောင်ဆန်းဝင်းအား ၀င်တိုက်သူ စစ်သား သိန်းထိုက်အောင်မှာလည်း ဒဏ်ရာ အနည်းငယ် ရရှိသွားပြီး ယခုအခါ သူ့ကို စစ်တွေမြို့ အမှတ် ၁၇ (၁၀၀၀) စစ်ဆေးရုံကြီးတွင် ဆေးရုံတင်ကာ ဖမ်းဆီးထားကြောင်း သိရသည်။

" အခု သူတို့ အထက်က ဗိုလ်ကြီးဝေယံက ဒီကိစ္စကို ပြေလည်အောင် ဖြေရှင်းပေးမယ်လို့ ပြောပါတယ်။ ခုချိန်ထိတော့ လျော်ကြေး ပေးတာတွေ မရှိသေးဘူး။ မိသားစုတွေကတော့ ဗိုလ်ကြီး ဝေယံကဖြေရှင်းပေး ဆိုတဲ့ အတွက် စောင့်နေကြပါတယ်" ဟု သူက ဆက်ပြောသည်။

နိရဥ္စရာမှ အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး အသေးစိတ် သိရှိနိုင်ရန် ဗိုလ်ကြီး ဝေယံအား ဖုံးမှ တဆင့် မေးမြန်းရာ "ဘယ်ကလဲ" ဟုု မေးမြန်းပြီး ပြည်ပ အခြေစိုက် နိရဥ္စရာ သတင်းဌာနကပါ ဟု ပြန်လည် ပြောကြားစဉ်် မည်သို့မှ အဖြေမပေးဘဲ ဖုံးချသွားခဲ့သည်။

Most read this week